နယူးဒေလီ (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ဖျာပုံမြို့အကျဉ်းထောင် ပျက်စီးခဲ့စဉ်က ထွက်ပြေးခဲ့သည့် အကျဉ်းသားများအနက် ယခုအခါ ဦးရေ ၂၀ ကျော်အား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ရဲအပြောအရ သိရသည်။
မြန်မာ့သမိုင်းတွင် မကြံုစဖူး ထူးကဲသည့် လွန်ခဲ့သည့့်နှစ် မေလ ၂ ရက်နှင့် ၃ ရက်က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ဖျာပုံထောင် ပျက်စီးကာ အကျဉ်းသားများ ထွက်ပြေးခဲ့ရာ တချို့တဝက််ကို ပြန်လည်ဖမ်းမိခြင်းဖြစ်သည်။
သို့သော် မုန်တိုင်းဖြစ်ပွားစဉ်က အကျဉ်းသားမည်မျှ လွတ်သွားခဲ့သည်ကို ပြောဆိုရန် သူက ငြင်းဆန်လိုက်ပြီး မြို့လုံးနီးပါး မုန်တိုင်းဒဏ်ခံရသည့်နည်းတူ အကျဉ်းထောင်လည်း အမိုးအကာများ ပျက်စီးသွားသဖြင့် အကျဉ်းသားများမှာ ထွက်ပြေးသွားနိုင်ခြင်းဖြစ်သည်ဟု ဖျာပုံရဲစခန်းမှ ရဲဝန်ထမ်းတဦးက ပြောသည်။ ဖမ်းဆီးရမိထားသူများကို အကျဉ်းထောင်မှ ထွက်ပြေးသူများအား စွဲဆိုသည့် ပုဒ်မ ၂၂၄ ဖြင့် တရားစွဲထားသည်။
နာဂစ်မုန်တိုင်းကြောင့် လူ ၁၃၅၀၀၀ ကျော် သေကြေ ပျောက်ဆုံးခဲ့ပြီး တသန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသားများကို ဖမ်းဝရမ်းထုတ်၍ ရှာဖွေနေဆဲဖြစ်ပြီး ထိုအထဲတွင် ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ လူသတ်အလောင်းဖျောက်ဖျက်မှုကြောင့် ထောင်ဒဏ််ချမှတ်လိုက်သည့် တရားခံ ကိုဇာနည် ဆိုသူလည်း ပါ၀င်ကြောင်း သူက ဆက်ပြောသည်။
ဖျာပုံမြို့ ၁၈ ရပ်ကွက် ဗိုလ်မင်းရောင်လမ်းနေ ကုန်သည်တရားခံ ဇာနည် (ခ) ဇာနည်အောင် (၂၈ နှစ်) အပါအဝင် လူ ၉ ဦးသည် လူသတ်မှုကျူးလွန်ပြီး အလောင်းဖျောက်ဖျက်ရန် ကြိုစားခဲ့မှုဖြင့် ကျူးလွန်သူအချို့ကို ထောင်ဒက် ၁ နှစ် ၆ လမှ လေးနှစ်အထိ အပြစ်အသီးသီးပေးခဲ့သည်။ ကိုဇာနည်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။
ဖျာပုံမြို့ အကျဉ်းဦးစီးဌာနသို့ု မဇ္စျိမက ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျဝန်ထမ်းက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။ ဖျာပုံအကျဉ်းထောင်ကိုမူ ယခုအခါ ပြန်လည်ပြုပြင်ပြီးဖြစ်သည်။