ARV ဆေးမရလျှင် လူငယ်ထု သိန်းချီကာ အသက်အန္တရာယ် ဖြစ်ပွားလာနိုင်

ARV ဆေးမရလျှင် လူငယ်ထု သိန်းချီကာ အသက်အန္တရာယ် ဖြစ်ပွားလာနိုင်
by -
ကိုဝိုင်း
ARV ဆေးသာ အမြန်မရပါက မြန်မာလူငယ် သိန်းနှင့်ချီ၍ မကြာမီ အနာဂတ်တွင် ဤဝေဒနာဖြင့် အသက်အန္တရာယ် ရင်ဆိုင်ရလိမ့်မည်ဟု ဝေဒနာသည်များအား စောင့်ရှောက်ကူညီပေးနေသူ မဖြူဖြူသင်းက ပြော ...

ချင်းမိုင် (မဇ္စျိမ)။     ။ ARV ဆေးသာ အမြန်မရပါက မြန်မာလူငယ် သိန်းနှင့်ချီ၍ မကြာမီ အနာဂတ်တွင် ဤဝေဒနာဖြင့် အသက်အန္တရာယ် ရင်ဆိုင်ရလိမ့်မည်ဟု ဝေဒနာသည်များအား စောင့်ရှောက်ကူညီပေးနေသူ မဖြူဖြူသင်းက ပြောသည်။

"HIV နှင့် မြန်မာပြည်" ဟူသော ခေါင်းစဉ်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) HIV/AIDS ကာကွယ်ရေးနှင့် ကုသရေးဌာနခွဲမှ ရန်ကုန်ရှိ ပါတီရုံးချုပ်၌ ယမန်နေ့က ကျင်းပခဲ့ရာ သူက ပြောဆိုသွားခြင်း ဖြစ်သည်။

"အဓိကပေးချင်တဲ့ Message (သတင်းစကား) ကတော့ မြန်မာပြည်မှာ HIV နဲ့ ပတ်သက်ပြီးတော့ အရေးအကြီးဆုံး ဖြစ်နေတာက လူငယ်ထုတွေမှာပေါ့နော်။ လူငယ်ထုတွေ ဘယ်လောက်အထိ သေဆုံးနေကြပြီလဲ။ ARV ဆေးဝါးရဖို့ အခုချိန်မှာ ကျမတို့ မလုပ်ခဲ့ဘူးဆိုရင် အခု သိန်းနဲ့ချီတဲ့ လူငယ်ထုပေါ့၊ နောင်တချိန်မှာ သိန်းပေါင်းမြောက်မြားစွာသော လူငယ်ထုရဲ့ အသက်အန္တရာယ် ရင်ဆိုင်နေရပြီ" ဟု မဖြူဖြူသင်းက ပြောသည်။

"လူနာအသစ်တွေက အခုနောက်ပိုင်း တနေ့ကို ၅ ယောက်လောက် လာတာတွေ့ရတယ်။ အခုဟာက ဘယ်ကမှ မရတော့ဘူးလေ။ NGO တွေရော ဖြတ်လိုက်တာကိုး။ ဆေးသောက်ရမယ့် လူတွေရော၊ ဆေးလိုချင်တဲ့ လူရော၊ လူနာအသစ်ရော ဒီကို ကျလာတဲ့ ပုံစံဖြစ်နေတယ်။ AZG (NGO) က အရင်တုန်းက လူနာအသစ် လက်ခံပြီးတော့ အားဆေးတို့ ဘာတို့ ပေးသေးတယ်။ အခု လူနာအသစ်ကို လုံးဝ လက်မခံတော့ဘူး။ အဟောင်းတွေကိုတော့ ဆက်ပေးတယ်။ ဆေးမရတဲ့ အခါကျတော့ အခုချိန်ကစပြီး ဝေဒနာသည် တော်တော်များများက သေဆုံးနေကြတယ်။ ARV ဆေးဝါးကို အလျင်အမြန် မရဘူးဆိုရင်တော့ မလွယ်တော့ဘူး၊ ဒီတိုင်းပြည် အခြေအနေကလေ" ဟု သူမက ထပ်မံ၍ ဖြည့်စွက်ပြောသည်။

အန်အယ်ဒီ HIV/AIDS ကာကွယ်ရေးနှင့် ကုသရေးဌာနခွဲသည် ဝေဒနာသည်များအတွက် ဆေးရုံဆေးခန်းပို့ပေးခြင်း၊ လူနာစောင့် ရှာပေးခြင်း၊ ချက်ပြုတ်ကျွေးမွေးခြင်း၊ အဝတ်အစားများ လျှော်ဖွတ်ပေးခြင်း၊ ကွယ်လွန်လျှင်လည်း မြေချသည့်ကိစ္စ ဆောင်ရွက်ပေးခြင်း၊ စိတ်ဓာတ်မြှင့်တင်ပေးခြင်း၊ NGO များနှင့် ဆက်စပ်ပေးခြင်း၊ ဆင်းရဲချို့တဲ့သူ ဝေဒနာသည်များအား ARV ဆေး ပေးခြင်းတို့ကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေသည်။

ဆက်သွယ်လာသည့် အနယ်နယ်အရပ်ရပ်မှ ဝေဒနာသည်များနှင့် တိုင်းနှင့်ပြည်နယ်ရှိ အဖွဲ့ချုပ် လူငယ်များ ထံမှတဆင့် ရရှိသည့် အချက်အလက်များကို အခြေခံ၍ ပြောဆိုခြင်းဖြစ်သည်ဟု သူက ဆိုသည်။  HIV စွဲကပ်နေသူ များမှာ ယေဘုယျအားဖြင့် အသက် ၂၀ နှစ်မှ ၄၀ နှစ်အကြားဖြစ်သည်ဟု ဆိုသည်။

ယခုအခါ မြန်မာနိုင်ငံအတွင်းရှိ အစိုးရမဟုတ်သောအဖွဲ့ (NGO) များက ယခင်ကကဲ့သို့ ဝေဒနာသည် အသစ်များအား ARV ဆေးပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်သဖြင့် သူတို့သည် အန်အယ်ဒီပါတီ HIV/AIDS ကာကွယ်ရေးနှင့် ကုသရေးဌာနခွဲသို့ တိုး၍ဆက်သွယ်လာနေသည်။

ARV ဆေးကို တလစာအဖြစ် ကျပ်ငွေ ၂ သောင်းခွဲခန့်ဖြင့် ဆေးကုမ္ပဏီများ၌ အလွယ်တကူ ၀ယ်နိုင်သော်လည်း ဝေဒနာသည်အများစုမှာ ငွေကြေးမတတ်နိုင်ကြကြောင်းနှင့် တချို့ဝေဒနာသည်များမှာ နယ်မှ ရန်ကုန်သို့လာ၍ ဆေးကုသမှုခံနိုင်ရန် ခရီးစရိတ်ပင် မတတ်နိုင်ကြဘဲ သေဆုံးရသူ အမြောက်အမြားရှိနေသည်။

ယခင်နှစ် နိုဝင်ဘာလအတွင်းက နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) က ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ AIDS ဖြင့် သေဆုံးသူ နှစ်သောင်းခွဲ (၂၅၀၀၀) ရှိကြောင်းနှင့် HIV/AIDS ဖြစ်နေသူ ၂၄၀၀၀၀ အနက် (၇၆,၀၀၀) ဦးသည် ARV ဆေး အရေးတကြီး လိုအပ်နေကြောင်း ဖော်ပြခဲ့သည်။

ယမန်နေ့က ကျင်းပခဲ့သည့် ဟောပြောဆွေးနွေးပွဲသည် အဖွဲ့ချုပ်မှ နှစ်ပတ်တကြိမ် အင်္ဂါနေ့တိုင်းပြုလုပ်နေသော ဟောပြော ပွဲအစီအစဉ်၏ တတိယ အကြိမ်မြောက် ဖြစ်သည်။

ဆွေးနွေးပွဲသို့ HIV-AIDS ဝေဒနာသည်များ၊ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးသန်းထွန်းတို့ အပါအဝင် အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့၊ စိတ်ဝင်စားသူများ - စုစုပေါင်း ဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့သည်။