တရုတ် စစ်ထရပ်ကားကြီးများ မြန်မာသို့ လွှဲပြောင်း

တရုတ် စစ်ထရပ်ကားကြီးများ မြန်မာသို့ လွှဲပြောင်း
by -
မျိုးကြီး
တန်ချိန် ၁၀၀ ကျော် တင်ဆောင်နိုင်မည့် တရုတ်လုပ် ဧရာမစစ်ထရပ်ကား ၅ စီးကို ယမန်နေ့ နံနက်ပိုင်းက တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှတဆင့် မြန်မာဘက်သို့ မောင်းယူသွား ...

ရွှေလီ (မဇ္စျိမ)။     ။ တန်ချိန် ၁၀၀ ကျော် တင်ဆောင်နိုင်မည့် တရုတ်လုပ် ဧရာမစစ်ထရပ်ကား ၅ စီးကို ယမန်နေ့ နံနက်ပိုင်းက တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှတဆင့် မြန်မာဘက်သို့ မောင်းယူသွားသည်။

မြန်မာ စစ်အရာရှိများကိုယ်တိုင် လိုက်ပါလာသည့် သယ်ယူရေးအဖွဲ့တခုက ဦးဆောင်ကာ အဆိုပါ စစ်ထရပ်ကားကြီးများကို ကြယ်ခေါင်-မန်ဝိန်းကြီး နှစ်နိုင်ငံ နယ်စပ်ဂိတ်မှ မြန်မာပြည်တွင်းသို့ မောင်းနှင်သယ်ဆောင်သွားခြင်းဖြစ်သည်။

''ကားခေါင်းရှေ့မှာ Sino Truck (ဆီနိုထရပ်) လို့ ရေးထားတယ်။ မနေ့က မြန်မာ ၉ နာရီခွဲလောက်မှာ မန်ဝိန်းကြီး အပေါက်ကနေ လာသယ်သွားတာ။ စစ်တပ်က အရာရှိတချို့နဲ့ ကားမောင်းသမားတွေကလည်း စစ်တပ်က လူတွေပဲ။ အရပ်ဝတ်နဲ့ လာကြတယ်။ ကားတွေကတော့ အခွံချည်းပဲ။ ဘာပစ္စည်းမှ တင်မထားဘူး'' ဟု မျက်မြင်သက်သေတဦးက မဇ္စျိမကို ပြောသည်။

မြန်မာပြည်အလယ်ပိုင်း မိထ္ထီလာမြို့ရှိ စစ်စခန်းတခုအထိ သယ်ဆောင်မည်ဟု ကိုယ်တိုင်မေးမြန်းခွင့်ရခဲ့သူ သူက ဆက်ပြောသည်။

ထရပ်ကားကြီးများသည် ယခင်က သယ်ယူနေသည့် ဒေါင်ဖန်း (Dong Peng) နှင့် ဖေါ (Faw) စသည့် စစ်ယာဉ်အမျိုးအစားများထက် အရွယ်အစားမှာ တဆခွဲခန့် ပိုမိုကြီးမားပြီး၊ အလေးချိန်အားဖြင့် တန်ချိန် ၁၀၀ ကျော်အထိ သယ်ဆောင်နိုင်သည်ဟု ဆိုသည်။

''အရင် ရာနဲ့ချီသွားခဲ့တဲ့ တုန်ဖုန်းကားတွေလို မဟုတ်တာတော့ ထူးပါတယ်။ ရှည်တာကလည်း တဆခွဲလောက် ရှည်တယ်။ ကြီးတာကလည်း တဆခွဲလောက်ကြီးတယ်။ ၁၀ ဘီးကားကြီးတွေ အရင်ကားတွေကတော့ တန် ၄၀ လောက်ပဲ နိုင်တယ်။ အခုကားတွေက တန် ၁၀၀ ကျော်အထိ တင်နိုင်တယ်။ အဲဒီက သယ်တဲ့အဖွဲ့က တယောက်ပြောတာက ပုံစံပြောင်းပြီး အမြောက်တင်ကားအဖြစ် သုံးမယ် ပြောတယ်'' ဟု သူက ဆက်ပြောသည်။

တရုတ်ကုမ္ပဏီများက မြန်မာစစ်တပ်အတွက် စစ်ထရပ်ကားများကို ပေါက်စျေးနှုန်းထက် ထက်ဝက်စျေးနူန်းဖြင့် ရောင်းချပေးကြောင်းနှင့် လက်ငင်း ငွေချေရန်မလိုဘဲ အရစ်ကျစနစ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ်များမှ စတင်၍ တရုတ်-မြန်မာနှစ်နိုင်ငံ ကြယ်ခေါင်-မူဆယ်လမ်းကြောင်းမှတဆင့် တရုတ်လုပ် ဒေါင်ဖန်းနှင့် ဖေါ အမျိုးအစား စစ်ထရပ်ကားများ အစီးရေ ရာပေါင်းများစွာ သယ်ယူခဲ့သည့်အပြင် မြန်မာစစ်တပ် ကာကွယ်ရေး စစ်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများအတွက် လိုအပ်သည့် စက်ပစ္စည်းများနှင့် အခြား စစ်လက်နက်သုံး အရေးကြီးပစ္စည်းများလည်း သယ်ဆောင်နေခဲ့သည်။

Most read this week