စစ်ကောင်စီက ယာယီ အပစ်ရပ်မည် ထုတ်ပြန်ပြောဆိုထားသော်လည်း ကချင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများအပြင် မြေပြင်ထိုးစစ်များကိုပါ လုပ်ဆောင်နေသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
စစ်ကောင်စီက ယာယီအပစ်ရပ်ထားမည်ဟု ကြေညာထားသော်လည်း ကချင်ပြည်ရှိ မြို့နယ် ၃ ခုတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “အဓိကက ဗန်းမော်ဖက်ပေါ့ ဗန်းမော်ဖက်မှာကတော့ မနေ့ညက တစ်ညလုံးလို လေကြောင်းနဲ့ တိုက်ခိုက်တာ ဒီရက် ဧပြီလ ၃ ရက်ဒီမနက်ကနေ နေ့လည်အထိလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ။ နောက် ဒီဝိုင်းမော်မြို့နယ် လမြန်ဖက်မှာလည်း သူတို့က မြေပြင်ကနေ ထိုးပြီးမှ ကျနော်တို့ရဲ့ ခုခံ တိုက်ပွဲတွေရှိတယ်။ နောက် အင်းတော်ကြီးအောက် အင်းတော်ကြီးဖက်မှာလည်း ဒီမနက် ၆ နာရီခွဲ အချိန်က တည်းကနေ လေကြောင်းနဲ့ တိုက်ခိုက်ဗုံးကြဲတာ ရှိပါတယ်။ အင်းတော်ဖက်မှာကတော့ လေယာဉ် ၂ စီးနဲ့ လာ တယ်လို့ ပြောတယ်။ ၂ ခေါက်လာတယ်လို့ ပြောတယ်။ လမြန်ဖက်မှာကတော့ ဒရုန်းနဲ့လည်း တိုက်တယ်။ ဝိုင်းမော် လမြန်ပေါ့။ ကျနော် ကြားရတာကတော့ ၃ နေရာရှိပါတယ်ခင်ဗျ” ဟု ပြောသည်။
ထို့အတူ ယာယီ အပစ်ရပ်ကြေညာပြီးနောက် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် နယ်မြေတွင်လည်း စစ်ကောင်စီက တိုက်ပွဲများ ဖော်ဆောင်နေသည်ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒို စောအယ်နာက ပြောသည်။
၎င်းက “ဒီနေ့ပေါ့ ဧပြီလ ၃ ရက် ဒီနေ့မှာ ကျနော်တို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ် ခရိုင်၊ တနင်္သာရီမြို့ နယ်၊ မြိတ်-ကော့သောင်းလမ်းမကြီးမှာရှိတဲ့ ၇၄ မိုင်လို့ ခေါ်တဲ့ နေရာကို စစ်ကောင်စီတပ်က ဒရုန်းသုံးပြီး ကျနော်တို့ကို လာပစ်တယ်။ လက်နက်ကြီးတွေနဲ့ လည်းပစ်တယ်။ ပြီးတော့ မြေပြင်ကနေ စစ်သားတွေ တက်လာတယ်။ တစ်ပြိုင်တည်းမှာပဲ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်ကို တပ်အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်တာတွေရှိတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် ငလျင်ဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ရန်နှင့် တည်ငြိမ်အေးချမ်းရေးကို ရှေ့ရှူးပြီး ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ယာယီ အပစ်ရပ်မည်ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ယာယီ အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ချက်ထဲတွင် အချက် ၄ ချက်ပါဝင်ပြီး နံပါတ် ၄ ချက်မြောက်မှာ ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အခြား လက်နက်ကိုင် အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာ အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်းတို့ ပါဝင်သည်။
ထို့အပြင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောက်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများ မပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအား ကာကွယ်သောအားဖြင့် လိုအပ်သည့် အရေးယူတုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဆိုသည့် ကန့်သတ်ချက်များကို ထည့်သွင်းထားသည်။
စစ်ကောင်စီတပ်မှ ကန့်သတ်ချက်များ ထည့်သွင်းထုတ်ပြန်ထားသည့်အပေါ် ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ပြောသည်။
“သူတို့ အပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ပြီးမှ သူတို့ မလိုက်တာနေမှာပေါ့နော်။ ကျနော်တို့ကိုတော့ သူတို့ နံပါတ် ၄ နေရာမှာ ရေးထားတာ ဟိုဟာ မလုပ်ရ ဒီဟာမလုပ်ရ ဆိုတာတွေပေါ့။ အမြတ်မထုတ်ရ ဆိုတဲ့သဘောမျိုးတွေ သူတို့ကတော့ ခုလိုမျိုး မြေပြင်ကနေလည်း ထိုးတယ်။ လေကြောင်းကနေလည်း ပစ်တယ်ဆိုတော့ သူတို့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ကြေညာချက်ကိုတော့ သူတို့ပဲ ချိုးဖောက်တယ်။ သူတို့ မလိုက်နာတာ စည်းမရှိကမ်းမရှိ စစ်တပ်ပုံစံမျိုး ဖြစ်နေတယ်လို့ပဲ ပြောလိုပါတယ်”
စစ်ကောင်စီက ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးနောက် ကချင်ပြည်နှင့် တနင်္သာရီတိုင်းတွင် တိုက်ခိုက်မှုများကို ဖော်ဆောင်နေသကဲ့သို့ ဧပြီလ ၃ ရက်နေ့တွင်လည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ နယ် ၇ မိုင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ထို့အပြင် ရှမ်းပြည်နယ်တောင်ိပုင်း ရပ်စောက်မြို့နယ်နှင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှ တစ်ဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာရှိ အမြောက်တပ် အမတ (၉၀၂) သို့ လူအင်အားအပြည့် တင်ဆောင်ထားသည့် စစ်ယာဉ်တန်း ၇ စီးဖြင့် စစ်ကောင်စီက စစ်ကူအင်အား ဖြည့်တင်းနေသည်ဟု TNLA က ဆိုသည်။
စစ်ကောင်စီက ယာယီ အပစ်ရပ် ထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကို နေ့တိုင်း လုပ်ဆောင်နေသောကြောင့် တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။