AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ အပစ်ရပ်ကမ်းလှမ်းချက်ကို စစ်ခေါင်းဆောင် ပယ်ချ

AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ အပစ်ရပ်ကမ်းလှမ်းချက်ကို စစ်ခေါင်းဆောင် ပယ်ချ

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ ယာယီအပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မခံဘဲ ပယ်ချလိုက်သည်။

ယင်းအပြင် လိုအပ်သည့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ယမန်နေ့ ဧပြီလ ၁ ရက်တွင် နေပြည်တော်၌ပြုလုပ်သည့် ငလျင်ဘေးသင့်ဒေသများပြန်လည်ထူထောင်ရေး အလှူငွေပေးအပ်ပွဲတွင် ပြောဆိုခဲ့သည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ရှိအခြေအနေမှာ တိုက်ပွဲဖော်ဆောင်ခြင်းများ မရှိသော်လည်း တိုက်ခိုက်ခြင်းတွေ လုပ်ဆောင်ဖို့အတွက် စုဖွဲ့ခြင်း၊ လေ့ကျင့်ပြင်ဆင်ခြင်းတွေ လုပ်ဆောင်နေကြတာကို မိမိတို့အနေနဲ့ သိရှိပြီးဖြစ်ပြီး အဲလိုဆောင်ရွက်နေခြင်းဟာ တိုက်ခိုက်ခြင်းပင်ဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ လိုအပ်တဲ့ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု များပြားနေချိန် ကယ်ဆယ်ရေးလုပ်ငန်များ လုပ်ဆောင်နိုင်ရန် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ ကိုးကန့်တပ် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က ခုခံကာကွယ်သည့် တုံ့ပြန်မှုမျိုးမှလွဲ၍ ထိုးစစ်ဆင်မှုကို ဧပြီလ တစ်လလုံး တဖက်သတ် အပစ်အခတ်ရပ်စဲမည်ဟု ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံးကို မတ်လ ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ ရပ်ဆိုင်းကြောင်း မတ်လ ၂၉ ရက်တွင် ကြေညာထားသည်။

ငလျင်ဘေးဖြစ်နေချိန် တော်လှန်ရေးတပ်ဖွဲ့များ၏အပစ်ရပ်ရေးကမ်းလှမ်းချက်ကို ပယ်ချမှုသည် စစ်ခေါင်းဆောင်၏ယုတ်မှုမှာ ကမ်းကုန်သွားပြီဟု ကမ္ဘာကို ချပြလိုက်ခြင်းဖြစ်သည်ဟု ရခိုင့်နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာဝေဟင်အောင်က ပြောသည်။

“အမှန်တကယ်က ဒီလောက်ငလျင်ဘေးဖြစ်နေကြတဲ့အချိန်၊ ပြည်သူတွေ သောက်သောက်လဲ သေနေကြချိန်၊ ပစ္စည်း ဥစ္စာတွေဆုံးရှုံးနေကြချိန် ၊ တစ်တိုင်းပြည်လုံးက စိတ်ကစဉ့်ကလျားနဲ့ သနားကရုဏာသက်နေကြချိန်မှာ တိုင်းပြည်အုပ်ချုပ်ချင်တဲ့ စစ်တပ်ဆိုရင် သူ့ဖက်ကနေပြီး ဦးဆောင်ဦးရွက်လုပ်ပြီး “ဒီကိစ္စကတော့ ဝိုင်းကူညီရမယ်၊ ဝိုင်းဝန်းပေးကြပါ”ဆိုပြီး မေတ္တာရပ်ခံပြီးတဲ့နောက်ပိုင်းမှာ အပစ်အခတ်ရပ်ရေးကို သူ့ဖက်ကနေထုတ်ပြန်ရမယ့်ဟာကို လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ်အပစ်အခတ်ရပ်စဲတာကို သူကိုယ်တိုင်ကလက်မခံဘဲပယ်ချတာကတော့ သူ့ရဲ့ယုတ်မာမှုက ကမ်းကုန်ပြီလို့ ကမ္ဘာကိုပြောလိုက်တာနဲ့ အတူတူပဲ” ဟု ပြောသည်။

ငလျင်ဒဏ်ခံစားနေရသည့် ရှမ်း၊ ပဲခူး၊ မကွေး၊ ကရင်နီ၊ ကချင်နှင့် ရခိုင်ဒေသများတွင်လည်း ငလျင်ဖြစ်ပြီးနောက် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ နေ့စဉ် ဖြစ်ပွားလျက်ရှိသည်။

ငလျင်ဘေးဒဏ်ကို အကြီးအကျယ်ခံနေရသည့် မြန်မာနိုင်ငံမှာ စစ်မက်ဖြစ်ပွားမှုများချက်ချင်းရပ်ပြီး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို အာရုံစိုက်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကလည်း ဧပြီလ ၁ ရက်တွင် တိုက်တွန်းတောင်းဆိုထားသည်။

Source and Photos: AMP
April 9, 2025
အာရက္ခနိုင်ငံတည်ဆောက်ရေးမှာ မည်သူမဆို လူမျိုးဘာသာမခွဲခြားဘဲ ပါဝင် ဆောင်ရွက်နိုင်ကြောင်း...
April 8, 2025
ရခိုင်-ပဲခူးအစပ် ရိုးပေါ်ရှိ ညောင်ကျိုးတိုက်ပွဲအတွင်းမှ ထွက်ပြေးပျောက်ဆုံးနေသည့်...
April 4, 2025
စစ်ကောင်စီက ရက်ပေါင်း ၂ဝ ကြာ အပစ်ရပ်ထားသည်ဟုကြေညာထားသော်လည်း ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ကို...
April 3, 2025
စစ်ကောင်စီက အပစ်အခတ်ရပ်နားထား‌သော်လည်း ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင်...