မြန်မာပြည် လွတ်လပ်ရေးနဲ့အတူ တွဲပြီးပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ တွေဟာ အိမ်နီးချင်းထိုင်းနိုင်ငံထဲကို သွားရောက်ခိုလှုံခဲ့ရပါတယ်။ အခုလို နေရပ်၊ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှု ရှုထောင့်ကနေပြီး ဒုက္ခသည်စခန်းများဖွင့်လှစ် လက်ခံ ပေးထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ထမ့်မဟင်၊ ဘမ့်ဒုံယန်း၊ ကရင်နီ အမှတ် (၁) နှင့် အမှတ် (၂) စတဲ့ ဒုက္ခသည်စခန်းပေါင်း ၉ ခု ရှိပါတယ်။ အဲ့ဒီ့အထဲမှာ အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းဟာ ၁၉၈၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အခု နှစ်ပေါင်း ၄၁ နှစ်ထိ သက်တမ်းရှိပြီး ဖြစ်ပါတယ်။
နယ်စပ်တလျှောက် ဒုက္ခသည်စခန်းပေါင်း ၉ ခုမှာ ဒုက္ခသည် ဦးရေ တစ်သိန်းကျော်ရှိတယ်လို့ တရားဝင်စာရင်းများ အရ သိရပါတယ်။ ဒုက္ခသည် စခန်းတွေက ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ခိုလှုံရာအမိုးအကာ အဆောက် အဦးပိုင်းကို TBC (The Border Consortium) အဖွဲ့က တာဝန်ယူ ထောက်ပံ့ကူညီပေးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်တဲ့ ဒုက္ခသည်စခန်းတွေက ဆေးရုံနဲ့ ကုသရေးအပိုင်းဆိုင်ရာတွေကို အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (International Rescue Committee- IRC) က တာဝန်ယူ ထောက်ပံ့ ကူညီပေးနေတာပါ။
လက်ရှိမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရံပုံငွေ ရက် ၉၀ ဆိုင်းငံ့ထားတဲ့အတွက် IRC ရဲ့လုပ်ငန်းတွေ ရပ်တန့်နေပြီး ဒုက္ခသည်စခန်းက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေလည်း ရပ်တန့်သွားတဲ့အခြေအနေ ဖြစ်လို့နေပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေကို စားနပ်ရိက္ခာအဓိက ထောက်ပံ့ပေးနေတဲ့ TBC ဟာလည်း အခု မတ်လကုန်ထိသာ ရိက္ခာထောက်ပံ့ဖို့ လုံလောက်တော့တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပြောလာပါတယ်။
ဒါကြောင့် TBC ရဲ့ ရိက္ခာပံ့ပိုးမှုကိုသာ အားကိုးနေရပြီး တခြားဝင်ငွေမရှိတဲ့ ဒုက္ခသည်တွေအတွက် စိုးရိမ်စရာဖြစ်လို့နေပါတယ်။
ဒုက္ခသည် အိမ်ထောင်စုများကို ရိက္ခာပံ့ပိုးမှု အဆင့်သတ်မှတ်ချက်များ
ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်မိသားစုတွေကို စခန်းတာဝန်ရှိသူတွေ၊ ရိက္ခာထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေက ရိက္ခာပံ့ပိုးဖို့အတွက် ရေဘုယျအားဖြင့် အုပ်စု ၄ စု သတ်မှတ်ထားပါတယ်။
ဒုက္ခသည် အိမ်ထောင်စု အုပ်စု- ၁ မှာ ပါဝင်သူတွေကတော့ ဒုက္ခသည်စခန်းထဲမှာ စီးပွားရေးပြေလည်ပြီး ဈေးဆိုင် အပါအဝင် တခြားစီးပွားရေးလုပ်ငန်း လုပ်ကိုင်ထားသူ၊ ဖွင့်လှစ်ထားသူတွေ ဖြစ်ပါတယ်။ ဒီအုပ်စုကိုတော့ ဝင်ငွေရှိတဲ့အတွက် ဒုက္ခသည် ရိက္ခာ ပံ့ပိုးထောက်ပံ့တာ မရှိပါဘူး။
အုပ်စု-၂ မှာပါဝင်တဲ့ အိမ်ထောင်စုတွေကတော့ စခန်းတွင်းမှာ တစ်လကို ဘတ် ၅၀၀၀ အထက်ဝင်ငွေရှိတဲ့ မိသားစု တွေဖြစ်ပါတယ်။ ဒီအုပ်စုမှာ မိသားစုဝင်တစ်ဦးဦးက အပြင်ထွက်အလုပ်လုပ်ပြီး လစာ ဘတ် ၅၀၀၀ အထက်ရတာ နဲ့ တခြားသော လုပ်ကိုင်မှုများကြောင့် ရရှိတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီအုပ်စုကိုလည်း ရိက္ခာပံ့ပိုး တာမရှိပါဘူး။
ဒုက္ခသည်စခန်းက အုပ်စု-၃ မှာပါဝင်တဲ့ မိသားစုတွေက စခန်းထဲက ကျန်းမာရေး၊ ပညာရေး၊ သန့်ရှင်းရေးစတဲ့ ဝန် ထမ်း တစ်ဦးဦး ရှိတဲ့ မိသားစုဝင်တွေဖြစ်ပါတယ်။ ရေဘုယျအားဖြင့် စခန်းတွင်းက အထက်ပါအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူတွေဟာ တစ်လ ဘတ် ၂၀၀၀ ဝန်းကျင် ဝင်ငွေရှိပါတယ်။
ဒီမိသားစု အုပ်စု-၃ မှာပါဝင်တဲ့ သူတွေကတော့ တစ်လ ဘတ် ၁,၀၀၀ နဲ့ ၅, ၀၀၀ ဘတ် အောက် ဝင်ငွေရှိသူတွေလို့ မှတ်ယူနိုင်ပါတယ်။ ဒီအုပ်စုမှာပါဝင်တဲ့ ဝင်ငွေ မရှိတဲ့ မိသားစု ဝင်တွေကိုတော့ ရိက္ခာ ပံ့ပိုးတာရှိပါတယ်။ တစ်ဦး ကို ၃၂၂ ဘတ်နှုန်းနဲ့ ပံ့ပိုးတာဖြစ်ပါတယ်။
စခန်းထဲက အုပ်စု-၄ မိသားစုဝင်တွေအဖြစ် သတ်မှတ်ခံရတဲ့ သူတွေကတော့ သားသမီးများပြီး ဝင်ငွေမရှိတဲ့ မိသားစုများ၊ အမျိုးသမီးဖြစ်သူက အိမ်ထောင်ကို ဦးစီးနေရသူများ၊ မုဆိုးမများ၊ မသန်စွမ်းများ၊ နာတာရှည် ရောဂါခံစား နေရသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ပါတယ်။
အခုလို ဒုက္ခသည်မိသားစုတွေကို အုပ်စု ခွဲခြားထားမှုအခြေအနေနဲ့ ပတ်သက်ပြီး ကရင်ဒုက္ခသည်များကော်မတီ KRC အတွင်းရေးမှူးစောပွယ်စေးက “စခန်းထဲမှာ စျေးရောင်းစားဘာရောင်းစား ဆိုင်ကယ်တွေပိုင်တာ တချို့တွေ ရှိတယ်။ အဲဒါတွေက သူတို့ခေါ်တယ် Self-reliant ရှိသူတွေဖြစ်တယ်။ အဲဒီမှရှိတဲ့လူတွေက သူတို့ အဆင်မပြေတော့တဲ့အချိန် အဲဆင့်မှာ မနေနိုင်တော့တဲ့အချိန် Standard ပုံမှန်ရှိတဲ့ အဆင့်မှပြန်နေချင်ရင် နေခွင့်ပေးတယ်။ နောက် တကယ့် အခက်အခဲရှိတဲ့ လူပေါ့။ အဲဒီမပေးတဲ့ အဆင့်ထဲမှဆိုရင်လည်း တချို့လူက တစ်အိမ်ထောင်ထဲမှာ မိမိခြေထောက် မိမိရပ်တည် နိုင်ပြီး သားသမီးတွေထဲမှာ တစ်ယောက်ယောက်လို အပ်ချက်ရှိရင် တစ်ယောက်စာကိုပေးတာ ရှိသေးတယ်” လို့ ပြောပါတယ်။
ဝင်ငွေ လုံးဝ မရှိတဲ့ အုပ်စုမှာပါဝင်တဲ့သူတွေကို တစ်ဦးလျှင် တစ်လ ၃၈၈ ဘတ် နှုန်းရိက္ခာအတွက် TBC က ထောက်ပံ့ပေးပါတယ်။
ဒီအုပ်စုဝင် အုန်းဖျန်စခန်းက ဟှာ (ဒေါ်) မူးမြင့်တို့ မိသားစုမှာ မိသားစုဝင် ၄ ဦးရှိတဲ့မတွက် တစ်ဦးလျှင် တစ်လ ဘတ် ၃၈၈ ဘတ်နှုန်းနဲ့ တစ်လ ဘတ် ၁,၅၅၂ ဘတ်ရရှိတယ်လို့ သူမက ဖွင့်ဟ ပြောပါတယ်။ ဒီနှုန်းတိုင်းဟာ လက်ရှိ ငွေကြေးပေါက်ဈေးအရ ၄၆ ဒေါ်လာဝန်းကျင်သာရှိပြီး မိသားစုတစ်စုစာအတွက် အလွန်နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။
“ပြောရမယ်ဆိုရင် ဒီတစ်ယောက် ၃၈၈ ဘတ်က မလုံလောက်ဘူး။ ဝင်ငွေလဲမရှိတော့ ဒီလိုပဲလှည့်ပတ်ပြီး မလောက်လောက်အောင်သုံးရတာပေါ့။ တချို့လတွေဆိုရင် အကြွေးနဲ့ ကြိုဝယ်ထားလိုက်တာ လကုန်တော့ ပြန် နုတ်ခိုင်းတယ်။ တစ်ခါတစ်လေတော့ နိုင်ငံခြားမှာ ရောက်တဲ့ အသိမိတ်ဆွေတွေက ဟင်းဖိုးဆိုပြီး ပို့ပေးတဲ့ ဟာနဲ့ သုံးရတာတွေရှိတယ်” လို့ နို့ဖိုးဒုက္ခသည်စခန်းမှာနေတဲ့ ဟှာ (ဒေါ်) မူးမြင့်က ပြောပါတယ်။
အခုလို မိသားစု အသုံးစရိတ် မလောက်ငှတဲ့အတွက် မြေမြှုပ်မိုင်းကြောင့် ခြေထောက် တစ်ဖက်ပြတ်နေတဲ့ သူမ ယောကျ်ားဟာ တောထဲ ဟင်းသီးဟင်းရွာသွားရှာပြီး ဟှာမူးမြင့်က လိုက်လံရောင်းချပြီး မိသားစုအသုံးစရိတ် အတွက်ဖြေရှင်းနေရတယ်လို့ သူမက ကေအိုင်စီကို ပြောပါတယ်။
ဒုက္ခသည်များကို ရိက္ခာဖြန့်ဝေပေးမှု ပုံစံများ
ယခင်က ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအတွက် ရိက္ခာကို ကားကြီးများနှင့် တင်ဆောင်လာပြီး စခန်းရှိ ရိက္ခာရုံ၌ စုပေါင်းထုတ်ပေးခဲ့တာပါ။
ရိက္ခာဖြန့်ဝေပေးတဲ့ TBC က ၂၀၁၆ ခုနှစ် နိုဖိုးဒုက္ခသည်စခန်းနဲ့ ထမ့်မဟင်ဒုက္ခသည်စခန်းတို့မှာ ကဒ်စနစ်ဖြင့် ရိက္ခာဝယ်ယူနိုင်ဖို့ စတင်စမ်းသပ် အသုံးပြုခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ရောက်တဲ့အချိန်မှာတော့ ကျန်တဲ့စခန်းအားလုံးကို ကဒ်စနစ်နဲ့တိုးချဲ့ အသုံးပြုလိုက်ပြီး ယခုအချိန်ထိ ဒုက္ခသည်စခန်းများတွင် ကဒ်စနစ်နဲ့သာ ဒုက္ခသည်စခန်းများကို ရိက္ခာ ပေးတာဖြစ်ပါတယ်။
“အရင်ကတော့ လကုန်ရင် ရိက္ခာရုံမှာ စုပြုံပြီး ရိက္ခာသွားထုတ်ရတယ်။ ရိက္ခာသွားထုတ်တဲ့အချိန်မှာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဂျုံ၊ မီးသွေး အဲဒါတွေပါတယ်။ ဥပမာ လူတစ်ဦးဆန် ၁ ကီလိုရရင် ရိက္ခာစာရွက်ထဲမှာ မိသားစုဝင် ၅ ယောက် ဆိုရင် ၅ ကီလိုစာ ထုတ်ရတယ်အဲလိုပေါ့။ အခုတော့ အဲလိုမဟုတ်တော့ဘူး၊ ကဒ်ထဲမှာ သူတို့ ပိုက်ဆံ ထည့်ပေးတာ စခန်းထဲက ကဒ်လက်ခံတဲ့ဆိုင်မှာလကုန်ရင် ဆန်၊ ဆီ၊ ဆား၊ ဆိုင်မှာသွားဝယ် အဲလို အရင်လို တစ်ခါ တစ်ခုရိက္ခာရုံမှာ သွားထုတ်စရာမလိုတော့ဘူး”လို့ ၁၉၉၇ ခုနှစ်ကတည်းက နိုဖိုးဒုက္ခသည်စခန်းမှာ ရောက်ရှိနေ ထိုင်တဲ့ ဟှာမူးမြင့်က ပြောပါတယ်။
ကဒ် စနစ်တွင် TBC က ဒုက္ခသည်မိသားစုတွေကို Food Card System ကဒ် တစ်ခု ထုတ်ပေးကာ လစဉ် ရိက္ခာ အတွက် ပိုက်ဆံထည့်ပေးထားပါတယ်။ ကဒ်ကိုင်မိသားစုတွေဟာ ပိုက်ဆံဝင်ချိန်မှာ စခန်းမှာ သတ်မှတ်ထားတဲ့ ဈေးဆိုင်မှာ ဆန်၊ ဆီ၊ ဆား အပါအဝင် အဟာရဖြစ်စေမယ့် အစားအသောက် ၄၀ မျိုးလောက်ကို ဝယ်ယူလို့ ရပါတယ်။
ဆိုင်တွေအနေနဲ့လည်း စားသောက်ကုန်တွေကို ဈေးတင်ပြီး ရောင်းချ၍မရသလို ဈေးနှုန်းကိုလည်း ထင်ထင် ရှားရှား သတ်မှတ်ချိတ်ဆွဲ ထားရပါတယ်။
စားသောက်ကုန် ရောင်းချတဲ့ မနန်းက “ကဒ်နဲ့လာဝယ်ပြီးရင် စက်နဲ့ စကင်ဖတ်ရတယ်။ ဒီစက်က TBCက ပေးထား တယ်။ စကင်ဖတ်ပြီးရင် ဘောင်ချာစလစ်ထွက်တယ်။ ကုန်စျေးနှုန်းက ကျမတို့ရောင်းချင်သလို ရောင်းလို့မရဘူး။ သတ်မှတ်တဲ့ စျေးနှုန်းနဲ့ ရောင်းရတာပေါ့။ ဒါလည်းဝယ်ယူရတဲ့ သူတွေအတွက် အဆင်ပြေတာပေါ့။ လာဝယ်တဲ့လူတွေကလည်း တွက်လို့ရအောင် တစ်မျိုးချင်းစီစျေးနှုန်းကို သင်ပုန်းပေါ်မှာ ရေးထားပေးရတယ်” လို့ ရှင်းပါတယ်။
ဒုက္ခသည် စခန်း (၉) ခုတွင် အစားအသောက်ကတ်လက်ခံပေးသည့် ဆိုင်ပေါင်း ၁၁၂ ဆိုင် ရှိသလို ထိုဆိုင်များကို ဦးစီးသူတွေဟာအမျိုးသမီးတွေ ဖြစ်တယ်လို့ TBC က ထုတ်ပြန်ထားပါတယ်။
၎င်းအပြင် ထိုစျေးဆိုင်များကိုစောင့်ကြည့် ထိန်းကွပ်ပေးတာနဲ့ ဝယ်သူရောင်းသူများအတွက် အဆင်ပြေစေဖို့ ကုန် စျေးနှုန်း သတ်မှတ်ပေးတာတွေကို ဒုက္ခသည်စခန်းအတွင်းရှိ Food Card System Group က တာဝန်ယူရကာ ဒုက္ခသည် စခန်းအားလုံးမှာ ကိုယ်စားလှယ်ပေါင်း ၂၄၅ ဦးရှိပါတယ်။
မရေရာမသေချာတော့တဲ့ ရံပုံငွေအခြေအနေ
အခု အမေရိကန်နိုင်ငံက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေကို ဆိုင်းငံ့ထားပြီး ပြန်သုံးသပ်နေပါတယ်။ အဲ့တာကြောင့် TBC အနေနဲ့လည်း ဒုက္ခသည်တွေကို ရိက္ခာဆက်ပံ့ပိုးဖို့ အခက်အခဲတွေ ရှိလာပြီး အခု မတ်လကုန်ထိသာ ပံ့ပိုးပေးနိုင်တော့မယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ ထုတ်ပြန်ပြောဆိုထားပါတယ်။
ကနဦးကတည်းက စားရရုံသာ ရရှိတဲ့ ရိက္ခာကိုထပ်လျှော့ချ မယ်ဆိုရင် ဒုက္ခသည်တွေအနေနဲ့ မိမိကိုယ်တိုင် ရပ်တည်နိုင်ရေး စိန်ခေါ်ချက်များစွာရှိနေပါတယ်။
ထိုစားနပ်ရိက္ခာစိန်ခေါ်ချက်ရှိလာတဲ့အချိန်မှာ ဒုက္ခသည်တွေအနေနဲ့ မိမိကိုယ်ကိုယ်ရပ်တည်နိုင်ဖို့အတွက် TBC အနေနဲ့ ထိုင်းတာဝန်ရှိသူများနဲ့ တွေ့ဆုံညှိနှိုင်းတာတွေ ရှိနေပါတယ်။
ဒုက္ခသည်စခန်းမှာနေထိုင်တဲ့သူတွေဟာ မိမိကိုယ်ကိုယ်ရပ်တည်နိုင်ဖို့ စခန်းအပြင်ဘက်ရှိ ထိုင်းနိုင်ငံရဲ့ စိုက်ပျိုး ရေးကဏ္ဍ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ လိုအပ်တဲ့လုပ်အားတွေကို ဒုက္ခသည်စခန်းကလူတွေက တရားဝင် သွားရောက်အလုပ်လုပ်ခွင့်ပေးဖို့လည်း ဆွေးနွေးတာတွေရှိနေပါတယ်။
လာမယ့် ဧပြီလကျရင် စခန်းမှာရှိတဲ့ လိုအပ်ချက်များတဲ့သူတွေမပါဘဲ အုပ်စု-၃ ဝင်မိသားစုတွေထဲမှ တစ်လ ဘတ် ၃၂၂ ဘတ်ရရှိတဲ့သာမန်လူတွေကသာ ရိက္ခာလျှော့ချမှာဖြစ်ပြီး တစ်ဦးကို ဘတ် ၁၀၀ သို့မဟုတ် ၅၀ ခန့် ရိက္ခာ လျှော့ချဖို့ ရှိတယ်လို့လည်း KRC ထံမှ သိရပါတယ်။
အဲဒီ့ ရိက္ခာလျှော့ချတာကို လပေါင်းအနည်းငယ်သာ လျှော့ချမှာဖြစ်ပြီး ရံပုံငွေပြန်လည် မွမ်းမံစီမံခန့်ခွဲမှုပြီးရင် ပုံမှန် အတိုင်း ပြန်ဖြစ်လာနိုင်တယ်လို့ KRC က ဆိုပါတယ်။
“ပြောရမယ်ဆိုရင် ရိက္ခာလျှော့ချတာတွေက အတည်တော့မပြုရသေးဘူး။ ဧပြီလကုန်မှ အတည်ပြုမယ်။ နား ထောင် ရအုံးမယ်။ ဒီတစ်လအတွင်းမှာ ဘာတွေအပြောင်းအလဲရှိအုံးမလဲ၊ အပြောင်းအလဲက အပေါင်းလက္ခဏာ ဆောင်ရင်တော့ပုံမှန်အတိုင်းပဲ သွားမှာပေါ့။ တကယ်လို့ အနုတ်လက္ခဏာဆောင်ရင်တော့ ခုဏကပြောတဲ့ အတိုင်း အတည်ပြုပြီးတော့ ဧပြီလအကုန်လောက်မှာ ပြောမယ်ပေါ့နော်။ ဧပြီလအတွက်ကလည်း ရိက္ခာ လုံလောက်မှု ရှိသေးတယ်” လို့ စောပွယ်စေးက ပြောပါတယ်။
လက်ရှိ ရိက္ခာပေးတဲ့အထဲမှာ အုပ်စု-၃ ဝင် သာမန်အဆင့်မှာရှိတဲ့ လူတစ်ဦးကို ၃၂၂ ဘတ်ရရှိပြီး လိုအပ်ချက် များ တဲ့အုပ်စု-၄ ဝင် မိသားစုထဲက လူတစ်ဦးကို ၃၈၈ ဘတ် ရရှိပါတယ်။ အဲဒီလူတွေထဲမှာ အသက် ၅ နှစ် အထက်ရှိတဲ့ လူတိုင်း အကျုံးဝင်ပါတယ်။ သို့သော်အသက် ၅ နှစ်အောက် ကလေးတိုင်းကိုတော့ တစ်လ၂၃၇ ဘတ်ရရှိပါတယ်။
“TBC က တစ်ခါလာပြောတာရှိတယ်။ ၃ လပိုင်းအထိက ရိက္ခာက ပုံမှန်ပဲရမယ်၊ ၄ လပိုင်းအတွက်ကတော့ လျှော့လားမလျှော့လား သူတို့ဘာမှမပြောဘူး။ လျှော့ရင်လည်း လျှော့ပေါ့ ဘယ်တတ်နိုင်မလဲ။ ကျမတို့က လျှော့ရင်လည်း ဝယ် စားရမှာပဲ ကုန်စျေးနှုန်းတက်ရင်လည်း ဝယ်စားရမှာပဲ၊ မဝယ်စားရင် ငတ်လို့မှ မရတာ” ဟု အုန်းဖျန် ဒုက္ခသည် စခန်းက အုပ်စု - ၃ ဝင်မိသားစုမှ နော်ရောလားက ပြောပါတယ်။
အခုလို ဒုက္ခသည်တွေကို စားနပ်ရိက္ခာပံ့ပိုးဖို့ ရံပုံငွေ မလုံလောက်တဲ့အကြောင်းနဲ့ လှူဒါန်း ပေးမဲ့သူတွေကို ဖိတ်ခေါ်တယ်လို့ TBC က သူရဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်နဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖိတ်ခေါ်ထားပါတယ်။
ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည် ၁၀၈,၀၀၀ (တစ်သိန်းရှစ်ထောင်) ဦးရှိပြီး ရိက္ခာအတွက် တစ်လ အမေရိ ကန်ဒေါ်လာ စုစုပေါင်း ၁ ဒသမ ၃ (၁.၃) သန်း ခန့်ကုန်ကျနေပြီး အလှူရှင်တစ်ဦးက ၁၈၆ ဒေါ်လာ လှူဒါန်းပါက ဒုက္ခသည်တစ်ဦး တစ်နှစ်ပတ်လုံးရိက္ခာ လုံလောက်မှုရှိမှာ ဖြစ်တယ်လို့ TBC က ရှင်းပြထားပါတယ်။
လိုအပ်တဲ့ ရံပုံငွေရရှိမှု မရှိပါက ဒုက္ခသည်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်တယ်လို့လည်း TBC က ထုတ်ပြန် ပြောဆိုထားပါသေးတယ်။