စစ်ရေးပစ်မှတ်မဟုတ်သူအား သတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးအရေးယူရန်လိုဟုဆို

စစ်ရေးပစ်မှတ်မဟုတ်သူအား သတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးအရေးယူရန်လိုဟုဆို

ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ နန်းဝတီရွှေဆိုင်မှ ပိုင်ရှင် ဒေါ်ခင်သီရိလွင်အား BTZM GBK PDF ၏ သတ်ဖြတ်မှုသည် စစ်ရေးပစ်မှတ်မဟုတ်သူအား သတ်ဖြတ်ခြင်းဖြစ်၍ စစ်ဒေသတာဝန်ရှိသူများအနေဖြင့် ထိရောက်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လိုအပ်ပြီး ပြစ်မှုထင်ရှားပါက အရေးယူရန် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တော်လှန်ပြည်သူအသိုင်းအဝိုင်းက ထောက်ပြပြောဆိုသည်။

ကြို့ပင်ကောက်မြို့နယ်ရှိ နန်းဝတီရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်သီရိလွင်အား စစ်တပ်နှင့်ပူးပေါင်းကာ ပြည်သူများအား ဖမ်းဆီးစေခိုင်းခြင်း အနိုင်ကျင့်ဗိုလ်ကျခြင်းများပြုလုပ်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် BTZM GBK PDF က မတ်လ ၁၂ ရက်နေ့က ၎င်းတို့၏ နေအိမ်ဆိုင်အတွင်း၌ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့တပ်ဖွဲ့သည် ကနဦးက ခင်ပွန်းဖြစ်သူ ကိုလင်းကိုပါ သတ်ဖြတ်ရန်ရည်ရွယ်ခဲ့သော်လည်း သွားရောက်သည့်အချိန်က ၎င်းမရှိသဖြင့် ဇနီးဖြစ်သူ ဒေါ်ခင်သီရိလွင်ကိုသာ သတ်ဖြတ်ခဲ့ခြင်းဟု တပ်ဖွဲ့ထုတ်ပြန်ချက်က ဖော်ပြသည်။

ထို့အတူ ၎င်းတို့ ဇနီးမောင်နှံသည် ပျူစောထီးအဖွဲ့ဝင်များဖြစ်သည်ဟုလည်း BTZM GBK PDF ၏ ထုတ်ပြန်ချက်က ဖော်ပြထားခဲ့သည်။ BTZM GBK PDF ၏ ပစ်ခတ်မှုကြောင့် ဒေါ်ခင်သီရိလွင်သည် နေရာ၌ပင်သေဆုံးခဲ့သည်။

“သူတို့က လင်မယားနှစ်ယောက်လုံး ပျူစာရင်းဝင်တွေဖြစ်နေတယ်။ သူတို့မှာ ပထမဆိုရင် ပဲစပါးပွဲရုံတွေလည်း ရှိနေတယ်။ ကြို့ပင်ကောက်အနောက်ခြမ်းကနေ ပဲစပါးအပ်ထားတဲ့ငွေကြေးတွေကို လိမ်လည်တာမျိုးတွေလုပ်တယ်။ သွားတောင်းတဲ့အခါ ဘုန်းကြီးတပါးကိုဆိုရင် သူတို့လုပ်ကြံမှုတခုနဲ့ ထောင်ချခဲ့တာရှိတယ်။ အဒေါ်တဦးဆိုရင် အကြွေးသွားတောင်းတဲ့အခါ မိုက်ကြေးခွဲလွှတ်လို့ ဒီစိတ်နဲ့ပဲ ရှော့ရသေသွားတာအထိရှိခဲ့တယ်။ ပြည်သူကိုကျွန်တော်တို့က ကတိပေးထားပြီးရင် ကတိဖျက်လို့မရပါဘူး။ ပြည်သူတွေက ၂၀၂၂ ခုနှစ်လောက်တည်းက တိုင်တန်းလာတာပါ။ အခုမှ ဖော်ဆောင်တာပါ” ဟု BTZM GBK PDF တပ်ခွဲမှူးက မဇ္ဈိမကိုပြောသည်။

သို့သော် သေဆုံးသူ ဒေါ်ခင်သီရိလွင်၏ ခင်ပွန်းဖြစ်သူ ကိုလင်းကမူ ၎င်းတို့မိသားစုအား ဒလန်၊ ပျူစောထီးဟု သုံးနှုန်းခြင်းသည် စွပ်စွဲပြောဆိုချက်သာဖြစ်ကြောင်း၊ ၎င်းတို့သည် လယ်သမားများထံမှ စပါးအလွဲသုံးစား မပြုလုပ်ဘူးကြောင်း ယမန်နေ့ (မတ်လ ၁၃ ရက်) က လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

“ချွေးနည်းစာနဲ့ ငါတို့သားလေးကို ရှင်ပြုဖို့ကြိုးစားရင်း ရှင်ပြုပွဲအထမြောက်ဖို့ သုံးရက်အလိုမှာ မင်းတို့ ရက်ရက်စက်စက်သတ်သွားခဲ့တာ။ ငါတို့လင်မယားမှာ နန်းဝတီရွှေဆိုင် လုပ်ငန်းကလွဲလို့ တခြား မင်းတို့ပြောတဲ့ ပဲစပါးဘာညာဆိုတာ တစတင်း တတောင်းမရှိပါဘူး” ဟု ရေးသားဖော်ပြထားသည်။

BTZM GBK PDF သည် လက်ရှိတွင် ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၇၀၁) ၏ လက်အောက်မှ တပ်ခွဲတခုဖြစ်ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသိုင်းအဝိုင်းက ပြောသည်။

ကြို့ပင်ကောက်မြို့၌ BTZM GBK PDF အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ငါးခုရှိသည်။

“စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်လေ့ရှိတဲ့အတိုင်း သူတို့လည်းလုပ်တာပဲ။ ဒါတွေက စစ်ရေးကိစ္စနဲ့မဆိုင်ဘူးလို့ ထင်တယ်။ PDF စခန်းတွေကို ချောက်ချတာလည်းမဟုတ်ဘူး။ PDF စခန်းတွေဘယ်မှာရှိတယ်ဆိုတာကို ဒလန်လုပ်နေတာလည်းမဟုတ်ဘူး။ တခြားသော ခြိမ်းခြောက်မှုပဲ လုပ်ရမယ်၊ စာနဲ့သော်လည်းကောင်းပေါ့။

ဒါမျိုးတွေ ရွေးခြယ်စရာရှိနေရဲ့သားနဲ့ တခါတည်းတနေရာတည်းမှာ ပစ်သတ်လောက်အောင်ပြစ်မှုက ကြီးသလားဆိုတာတော့ စဥ်းစားစရာဖြစ်တယ်” ဟု ကြို့ပင်ကောက်မြို့ တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

ထို့အတူ သေဆုံးသူ ဒေါ်ခင်သီရိလွင်နှင့် ကိုလင်းတို့ဇနီးမောင်နှံသည် စစ်ကောင်စီတပ်ကိုခေါ်ယူ၍ ပြည်သူအချို့အား ခြိမ်းခြောက်မှုပြုလုပ်ခြင်းရှိခဲ့သည်ဟု ၎င်းအနေဖြင့် သိရှိထားပြီး အဆိုပါ လုပ်ရပ်သည် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြားသောလုပ်ငန်းရှင်အချို့လည်း ပြုလုပ်လေ့ရှိသည့် လုပ်ရပ်ဖြစ်ကြောင်းပြောသည်။

အဆိုပါ ဇနီးမောင်နှံ ဒလန်ဖြစ်ခြင်း မဖြစ်ခြင်း ပျူစောထီးအဖွဲ့ဝင် ဖြစ်ခြင်း မဖြစ်ခြင်းနှင့်ပတ်သက်၍ ခိုင်လုံသောသက်သေအထောက်အထားမရှိဟု ဆိုသည်။

“အရှေ့မှာကတည်းက ပျူစောထီးဆိုပြီးတော့ ဒလန်ဆိုပြီးတော့ သတ်ဖြတ်နေတဲ့ကိစ္စတွေကို ပဲခူးတိုင်းထဲက ကာကွယ်ရေးတပ်ဖွဲ့တွေက သက်ဆိုင်ရာ ဝန်ကြီးချုပ်၊ သမ္မတ၊ ပြည်ထောင်စုဝန်ကြီး အကုန်လုံးကို ကျွန်တော်တို့တွေ တိုင်တယ်။ ဒါကိုသူတို့က လေးလေးနက်နက်ကိုင်တွယ်ဖြေရှင်းဆောင်ရွက်တာတွေမရှိဘူး။ စစ်ကောင်စီလုပ်တဲ့အတိုင်း အတုခိုးလုပ်နေရင် ဒီတော်လှန်ရေးကပျက်မှာပဲ။ အုပ်ချုပ်ရေးပစ်မှတ် စစ်ရေးပစ်မှတ်ကလွဲလို့ ဘယ်ဒလန် ဘယ်ပြည်သူကိုမှ သတ်တဲ့ဖြတ်တဲ့ကိစ္စ မလုပ်သင့်ဘူး” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းတာဝန်ခံ ကိုလူအေးက မဇ္ဈိမကို ပြောဆိုသည်။

ထို့အတူ ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၇၀၁) ၏ တပ်ရင်းမှူး ဘီလူးပေါက်၊ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) မှ တာဝန်ရှိသူတဦးတို့ကလည်း လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည့် စစ်ရေးပစ်မှတ်မဟုတ်သူ တဦးအားသတ်ဖြတ်ခြင်းကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် ထို့အတွက် စုံစမ်းစစ်ဆေး၍ ပြစ်မှုပြစ်ဒဏ်အတိုင်း စီစဥ်ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောဆိုသည်။

“(ဒလန်ရှင်းလင်းရေး ပျူစောထီးရှင်းလင်းရေးနဲ့ပတ်သက်ပြီး) မူဝါဒနဲ့ညွှန်ကြားချက်ရှိပါတယ်။ (လက်ရှိအမှုနှင့်ပတ်သက်၍) သက်ဆိုင်ရာ တာဝန်ခံတွေကို အမြန်စုံစမ်းပြီး တင်ပြဖို့ပြောထားပါတယ်။

ကျနော်တို့ တာဝန်ယူကွပ်ကဲရတဲ့ စစ်ဆင်ရေးနယ်မြေထဲမှာဖြစ်တဲ့ အတွက်ကြောင့် လိုအပ်ရင် အမှန်အတိုင်းဖြစ်အောင် အရေးယူဆောင်ရွက်ပါမယ်”ဟု ပဲခူးတိုင်းပါဝင်သည့် အမှတ် (၂)၏ စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက မဇ္ဈိမကိုပြောသည်။

Most read this week

March 13, 2025
မတ်လ ၁၂ ရက်နေ့ ညနေပိုင်းနှင်ညပိုင်းများတွင် စစ်ကောင်စီတပ်ဖွဲ့က ပန်းညိုကျေးရွာကို...
March 7, 2025
ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ ၏ သံပြားကာ ကားနှစ်စီးကို...
March 6, 2025
မတ်လ ၅ရက်နေ့ နေ့လယ်ပိုင်းတွင် ရေစကြိုနယ် ရေလယ်ကျွန်းဒေသရှိ ဇရပ်နီကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က...
March 5, 2025
မန္တလေးတိုင်း၊ တောင်သာမြို့နယ် အနောက်ခြမ်းရှိ နတ်စောင့်ကျေးရွာကို စစ်ကောင်စီတပ်က...