ထိုင်း-မြန်မာ နယ်စပ်ဒေသအတွင်း ပိတ်ဆို့ဖြတ်တောက်မှုများကို ပယ်ဖျက်ပေးရန် BGF တောင်းဆို

ထိုင်း-မြန်မာ နယ်စပ်ဒေသအတွင်း ပိတ်ဆို့ဖြတ်တောက်မှုများကို ပယ်ဖျက်ပေးရန် BGF တောင်းဆို

ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန်ဟုဆိုကာ လျှပ်စစ်မီးဖြတ်တောက်ထားခြင်း၊ စက်သုံးဆီဖြတ်တောက်ထားခြင်းနှင့် ဆက်သွယ်ရေးစနစ် ဖြတ်တောက်ထားခြင်းတို့ကို လုပ်ဆောင်နေသော ထိုင်းအစိုးရအနေဖြင့် ၎င်းတို့ကို ပယ်ဖျက်ပေးပြီး ပြန်လည်ခွင့်ပြုပေးရန် ကရင်နယ်ခြားစောင့်တပ် (BGF) က မတ်လ‌ (၁) ရက်နေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်သည်။

၎င်းပိတ်ဆို့ဖြတ်တောက်မှုများကြောင့် မြဝတီမြို့ အခြေစိုက်သည့် ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ရောက်ရှိနေသည့် နိုင်ငံခြားသားများအ‌ပေါ် ကူညီကယ်ဆယ်မှု လုပ်ဆောင်ရာတွင် အခက်အခဲဖြစ်ပေါ်နေသလို နယ်စပ်ဒေသအတွင်း နေထိုင်သည့် ပြည်သူများ၏ နေ့စဉ်ဘဝကို လူသားချင်းစာနာမှုကင်းမဲ့စွာ ထိခိုက်သည့်အတွက် ယခုလို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

BGF ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “ဒီဘက်ရိုက်ခတ်မှုကြောင့် ဘာမှမဆိုင်ဘဲ ခံစားနေရတဲ့ ဒေသခံတွေအတွက် နောက်ဆုံး ထုတ်ပြန်တာပါ။ အဓိက, ကတော့ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ၊ လျှပ်စစ်မီးတို့ အခက်အခဲတွေကို သူတို့ဆန္ဒရှိခဲ့ရင် အကန့်အသတ်နဲ့ လုပ်ပေးလို့ရပါတယ်။ သူ့နိုင်ငံ ကိုယ့်နိုင်ငံ မခွဲခြားဘဲနဲ့ အားလုံးကို ပြည်သူထုလို့မြင်ပြီး ပြန်ကြည့်ပေးမယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးလည်း ပိုကောင်းလာမှာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် (BGF) အနေဖြင့်  ကျားဖြန့်လုပ်ငန်းများအတွက် တိကျမြန်ဆန်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေပြီး မတရားသောလုပ်ငန်းများကို ဝင်ရောက်စီးနင်းကာ တရားခံများကို ဖမ်းဆီးခြင်း၊ လူကုန်ကူးခံရသူများကို ကယ်ဆယ်ခြင်း၊ လွှဲပြောင်းခြင်းတို့ကိုအား သွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ပြောဆိုသည်။

အလားတူ ပြီးခဲ့သည့်လအတွင်း အရေးယူမှုများမှ ထပ်မံလွှဲပြောင်းရန် ကျန်ရှိနေသေးသည့် နိုင်ငံပေါင်း (၃၀) ကျော်မှ နိုင်ငံခြားသား (၇၀၀၀) ကျော်ကို အခက်အခဲများကြားမှ နေထိုင်စားသောက်ရေးကို ကူညီပေးနေရသောကြောင့် သက်ဆိုင်ရာနိုင်ငံအာဏာပိုင်များကို အမြန်လွှဲပေးနိုင်ရန် အသင့်ပြင်ထားသည်ဟုလည်း (BGF) က ဆိုသည်။

ထိုသို့ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးရန် အသင့်ပြင်ဆင်စောင့်ဆိုင်းနေသည့်အပြင် ကျားဖြန့်နှင့် လူကုန်ကူးတိုက်ဖျက်ရေးများ ဆောင်ရွက်ရန်အတွက် အစိုးရနှင့် နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင် လက်တွဲအဖြေရှာရန် အသင့်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

နယ်စပ် ကျားဖြန့်လုပ်ငန်းများနှင့် လူမှောင်ခိုကိစ္စများကြောင့် ပြည်တွင်း/ပြည်ပ၏ ဖိအားပေးမှုခံရအပြီး ထိုင်းဘက်က တရားစွဲဆိုနိုင်မှုဖြင့် ရင်ဆိုင်နေရသည့် BGF သည် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းကာ လိုက်လံစစ်ဆေးဖော်ထုတ်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

လက်ရှိအချိန်ထိ လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၇,၁၄၁ ဦးကို ကယ်ထုတ်ထားနိုင်ပြီဟု ၎င်းတို့ပြုစုထားသည့် စာရင်းဖော်ပြချက်အရ သိရသည်။

စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့များထိန်းချုပ်ရာ မြဝတီမြို့တွင်အခြေစိုက်သည့် ကျားဖြန့်လုပ်ငန်းများသည် တရုတ်နိုင်ငံသားအများစုက ဦးစီးလုပ်ကိုင်ကြပြီး  နိုင်ငံတကာမှ အလုပ်အကိုင် ရှာဖွေနေသူများကို မက်လုံးပေး လိမ်လည်ခေါ်ဆောင်ကာ ကျွန်ပြုခိုင်းစေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

Most read this week

April 22, 2025
မြန်မာပြည်ရဲ့ ဘဘာဝဘေးအန္တရာယ်သမိုင်းမှာ ၂၀၀၈ နာဂစ်မုန်တိုင်းပြီးရင် ၂၀၂၅ မြန်မာပြည်အထက်ပိုင်း...
April 21, 2025
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်းစော (ဃောဖိုးပလယ်) ရွာ ဘုန်းကြီးကျောင်းကို ဧပြီလ ၁၉...
April 21, 2025
လက်ရှိ ကရင်ပြည်နယ်အတွင်း KNU၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA၊ ပူးပေါင်းတပ်များနှင့်...
April 18, 2025
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ဂျိုင်းမြစ်တစ်ဘက်ကမ်း ကမ်းနီရွာနှင့် သရက်တောရွာသို့ ယမန်နေ့ နှစ်ဆန်း...