တိုက်ပွဲဖြစ်ပွားရာ ဗန်းမော်မြို့က နေအိမ်တွေအတွင်း အုပ်စုဖွဲ့ခိုးယူဖျက်ဆီးတာတွေ ပြုလုပ်နေ

တိုက်ပွဲဖြစ်ပွားရာ ဗန်းမော်မြို့က နေအိမ်တွေအတွင်း အုပ်စုဖွဲ့ခိုးယူဖျက်ဆီးတာတွေ ပြုလုပ်နေ

ဗန်းမော်မြို့က စစ်ရှောင်သွားကြပြီဖြစ်တဲ့ ပြည်သူတွေရဲ့ နေအိမ်ထဲက ပစ္စည်းတွေကို ကုန်တင်ကား၊ သုံးဘီးတွေအသုံးပြု အုပ်စုဖွဲ့ လိုက်လံခိုးယူနေပြီး အိမ်တွေကိုလည်း ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလကနေ ရဲရဲတင်းတင်း လုပ်ဆောင်လာတာဖြစ်ပြီး ပစ္စည်းဝင်ခိုးတဲ့ အဖွဲ့တွေဟာ တံခါးတွေ ဘီဒိုတွေကို တမင်ရိုက်ချိုးပြီး အိမ်ထဲက သယ်လို့ရတဲ့ပစ္စည်းတွေ အားလုံးနီးပါးကို ခိုးယူသွားကြတာလို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"တချို့ကယူရလွယ်အောင်ဆိုပြီး ဘီဒိုတွေသော့ဖွင့်ထားပေးတာကိုတောင် တံခါးတွေရိုက်ချိုးပေးသွားတာ ရှိတယ်။ အိမ်ပေါ်မှာ မစင်စွန့်သွားတာတွေ၊ သုံးပြီးသား အမျိုးသမီးလစဉ်သုံး ဂွမ်းထုတ်တွေ ပစ်ခဲ့တာမျိုးတွေကအစ လုပ်ခဲ့တာတွေ အထိရှိတယ်။ တော်တော်လေးလေး မိုက်ရိုင်းပါတယ်။ အိမ်ရှင်ရှိရင်တောင် အိမ်ရှင်ကို ရန်ရှာမယ့်သဘော ဖြစ်နေတယ်" လို့ အထက်ပါပုဂ္ဂိုလ်က ဆိုပါတယ်။

မြို့ထဲတိုက်ပွဲဖြစ်လာတဲ့အချိန် လက်နက်ကိုင်တပ်ဖွဲ့တွေက ပြည်သူတွေကို မိနစ်အနည်းငယ်အတွင်း အိမ်ထဲကထွက်ဖို့ ပြောတဲ့အတွက် အရေးကြီးတဲ့ ပစ္စည်းတွေသာယူနိုင်ပြီး  ကျန်တာဘာမှမယူနိုင်ဘဲ အလျင်အမြန် ထွက်သွားရတဲ့ အခြေအနေပါ။

တချို့အိမ်တွေမှာ အိမ်စောင့်အဖြစ်ကျန်ခဲ့တဲ့ သူတွေကိုလည်း လွန်ခဲ့တဲ့လက တိုက်ပွဲပြင်းထန်လာတာကြောင့် နေခွင့်မပေးတော့တဲ့အတွက် သူခိုးတွေဟာ ပိုပြီးလွတ်လွတ်လပ်လပ် အိမ်ပြောင်းသလိုပုံစံမျိုးနဲ့ ဝင်သယ်သွားကြတာ ဖြစ်တယ်လို့လည်း ဆက်လက်ပြောပါတယ်။

"ပစ္စည်းတွေယူနေတာဆိုရင်လည်း တော်တော်ကို ဆိုးနေပေါ့။ ပြီးခဲ့တဲ့ ဇန်နဝါရီလလောက်ကတည်းကကို တစ်နိုင်တစ်ပိုင် ဆိုင်ကယ်၊ သုံးဘီးနဲ့ သယ်တာမဟုတ်တော့ဘူး။ ပစ္စည်းတင်တဲ့ကားကြီးတွေနဲ့ ကိုယ့်အိမ်ကပစ္စည်း ကိုယ်လာသယ်သလိုမျိုးကို အုပ်စုလိုက်ကြီး တန်ဖိုးရှိသမျှ အကုန် မတင်နေတာ။ ဒါမျိုးတွေဖြစ်နေတာ။ မျက်မြင်ကြုံတွေခဲ့ရတာပေါ့။ အိမ်ကိုပြန်ကြည့်တဲ့အခါ ကားကြီးထိုးထားပြီးမှ လူအုပ်စုလိုက်ကြီး ပစ္စည်းသယ်နေတာ။ ကျွန်တော်က အိမ်ရှင်ပါဆိုရင် အိမ်ရှင်လည်း နောက်မလာနဲ့ သတ်ပစ်လိုက်မယ်ဆိုပြီး ပြန်အပြောခံရတော့ ကြောက်ပြီးမှ ပြန်ရှောင်ရတာရှိတယ်" လို့လည်း အခြေအနေကို ရှင်းပြပါတယ်။

ရည်ရွယ်ချက်ရှိရှိနဲ့ အများသူငှာရဲ့အိမ်တွေကို ဖျက်ဆီးတာ၊ အိမ်ထဲက ပစ္စည်းတွေ ခိုးယူတာတွေကို ပြုလုပ်နေတဲ့ အုပ်စုရှိတာဖြစ်လို့ စစ်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ပစ္စည်းတွေကို တတ်နိုင်သလောက် ကာကွယ်စောင့်ရှောင်ပေးဖို့ မေတ္တာရပ်ခံလိုကြောင်းလည်း ဆိုပါတယ်။

ဒါအပြင် မိုးမောက်နဲ့မံစီမြို့ကနေ ဗန်းမော်ကိုစစ်ရှောင်ခဲ့တဲ့ ပြည်သူတွေအပါ လက်ရှိဗန်းမော်မြို့ကပြည်သူ စုစုပေါင်း အယောက် ၂,၀၀၀ ကျော်လောက် တိမ်းရှောင်နေတဲ့ ရွှေကူမြို့က စစ်ရှောင်စခန်းတွေမှာလည်း အစားအသောက်၊ ဆေးဝါးတွေနဲ့ တခြားလိုအပ်တဲ့ အသုံးအဆောင်တွေကို စေတနာရှင်တွေအနေနဲ့ ကူညီပေးဖို့ တောင်းဆိုလိုကြောင်း ပြောကြားပါတယ်။

စစ်ရှောင်ပြည်သူအများပိုင်းဟာ ရွှေကူမြို့မှာသာမက အခြားရန်ကုန်၊ မန္တလေးနဲ့ မြစ်ကြီးနားစတဲ့ မြို့တွေဘက်အထိ နီးစပ်ရာဆွေမျိုးသားချင်းတွေဆီ သွားရောက်တိမ်းရှောင်နေကြပြီး လက်ရှိအချိန်မြို့ထဲမှာ ခန့်မှန်းလူဦးရေ ထောင်ပိုင်းလောက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်မှာရှိတဲ့ စကခ ၂၁ တပ်စခန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တဲ့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KIO/KIAသတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဗန်းမော်မြို့ဘက်က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ၃၆၆ ကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းမှာ အပြီးအစီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာတော့ ကန်တော်စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုလည်း အပြီးအစီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဗန်းမော်အမြောက်တပ် ၇၀၀၆ တပ်စခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သလို ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ လေတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း KIO/KIAသတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သတင်းအရ ထပ်မံသိရှိရပါတယ်။

ဗန်းမော်မြို့အတွင်းက စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ တိုက်ခိုက်နေခဲ့တာ အခုဆိုရင် အချိန်နှစ်လခွဲလောက် ရှိနေပြီဖြစ်ပြီး မြို့နေရာအများစုကို KIA ပူးပေါင်းတပ်တွေကနေ ထိန်းချုပ်ထားပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဒီကနေ့အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းအပြင် ဒရုန်းတွေနဲ့ ခုခံတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Most read this week

April 4, 2025
စစ်ကောင်စီဟာ အပစ်ရပ်ကြေညာပြီး မြေပြင်အပြင် လေကြောင်းကနေပါ တိုက်ခိုက်နေတာကြောင့် ကြေညာချက်ကို...
ပုံစာ - တရုတ်နိုင်ငံမှလာသည့် ကြက်ခြေနီကားများကို TNLA က ၂၀၂၅၊ ဧပြီ ၁ ရက်နေ့က ထုတ်ပြန်ထားစဉ်။
April 2, 2025
မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေသယ်လာတဲ့...
April 1, 2025
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဗောဓိတထောင်မှာ ငလျင်ကြောင့် ပြိုကျနေတဲ့ အဆောက်အဦးတွေရဲ့အောက်မှာ...
March 27, 2025
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ အထိနာနေတဲ့ KIA အဖွဲ့က အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးဖို့...