ထိုင်းနိုင်ငံတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံခြားသားများ၏ ဥပဒေနှင့်မညီသော လှုပ်ရှားမှုများကို စောင့်ကြည့်အရေးယူရန် ထိုင်းရဲချုပ် Kitrat Panphet က ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ ရက်) တွင် အမိန့်ထုတ်ပြန်လိုက်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်နှင့်အတူ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနေသူထံက သိရသည်။
အဆိုပါ အမိန့်သည် ထိုင်းတနိုင်ငံလုံးရှိ ရဲဌာနအသီးသီးသို့ ချမှတ်လိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ နေရာဒေသအသီးသီး၌ နိုင်ငံခြားသားများသည် လူမှုစည်းကမ်း ဖောက်ဖျက်မှုများ၊ အများပြည်သူ အနှောက်အယှက်ဖြစ်စေမှုများမှစတင်၍ တိုင်းပြည်လုံခြုံရေးထိခိုက်စေမည့် ဥပဒေချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ထိုင်းရောက် နိုင်ငံခြားသားများ၏ လှုပ်ရှားမှုများနှင့် အပြုအမူများကို ရဲတပ်ဖွဲ့များမှ စောင့်ကြည့်အရေးယူရန် ထိုင်းရဲချုပ် Kitrat Panphet က အမိန့်ချမှတ်ထားခြင်းဟု သိရသည်။
ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများအရေး ဆောင်ရွက်ပေးနေသည့် လက်တွဲကူညီ AAC အဖွဲ့မှ ဦးခိုင်ကြီးကမူ အဆိုပါအမိန့်သည် ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းနေထိုင်သူများအတွက်လည်း အကျုံးဝင်သည်ဖြစ်ရာ ထိုင်းဥပဒေများကို သိရှိထားရန်နှင့် လိုက်နာကြရန်လိုအပ်ကြောင်း ပြောသည်။
ယခုလ အတွင်း၌ ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းအာဏာပိုင်များအနေဖြင့်လည်း ဥပဒေချိုးဖောက်မှုရှိသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးအရေးယူမှုများ ခပ်စိတ်စိတ် လုပ်ဆောင်နေသည်ဟု ၎င်းကပြောသည်။
“သူတို့ကတော့ လက်ရှိလည်း လိုက်ဖမ်းနေတယ်လေ။ အဲ့ဒါတွေကတော့ သူတို့အမြဲတမ်းလည်း အမိန့်ချနေတယ်လေ။ ဒီတခေါက်ကတော့ နည်းနည်းစိတ်စိတ်လေး လိုက်ဖမ်းနေတာတွေ့ရတယ်” ဟု လက်တွဲကူညီ AAC အဖွဲ့မှ ဦးခိုင်ကြီးက ပြောသည်။
အထောက်အထားမဲ့နေထိုင်ခြင်း၊ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများအား လုပ်ကိုင်ခွင့်တားမြစ်ထားသည့် လုပ်ငန်း ၂၇ ခုအား လုပ်ကိုင်ခြင်းနှင့်အတူ ထိုင်းအစိုးရထံ အခွန်ဆောင်မထားသည့် ကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ ရောင်းချခြင်းများ ပြုလုပ်နေသူများကို ထိုင်းအာဏာပိုင်များမှ ထောက်လှမ်းဖမ်းဆီးမှုများ ပိုမိုများပြားလာနေသည်ဟု ဦးခိုင်ကြီးကပြောသည်။
“အွန်လိုင်းကနေ စျေးရောင်းတဲ့ စျေးဝယ်တဲ့ကိစ္စတွေကိုလည်း တိုက်ရိုက်ကိုလိုက်ဖမ်းနေတာ။ အခုဆိုရင် အမြန်ချောပို့ပေါ့ DHL တို့လိုမျိုးတွေနဲ့ပါ ရဲတွေက ချိတ်ဆက်ပြီးတော့ သူတို့နဲ့လိုက်ပြီးတော့ ဖမ်းနေတာ များနေတယ်။ တော်တော်များများ အဲ့လိုအဖမ်းခံရတာ များနေတယ်” ဟု ဦးခိုင်ကြီးကပြောသည်။
ထိုင်းနိုင်ငံတွင် တရားဝင်အခွန် ဆောင်မထားသည့် ပစ္စည်းများကို ဝယ်ယူမိပါကလည်း ဖမ်းဆီးခံရမှုများရှိနေပြီး၊ မိမိကိုယ်တိုင် အခွန်မဆောင်ဘဲ ရောင်းချနေပါကလည်း ဖမ်းဆီးခံရနိုင်ကြောင်း ဦးခိုင်ကြီးကပြောသည်။
“ဆေးလိပ်ကို ကိုယ့်တယောက်စာတင် ဝယ်တာမဟုတ်ဘဲ ဆယ်ယောက်စာလောက်စုပြီး ဆယ်ဗူးလောက်ကို တယောက်တည်းမှာလိုက်တာမျိုးကို အမြန်ချောပို့ကနေတဆင့် ချိတ်ဆက်ပြီး အဖမ်းခံလိုက်ရတာမျိုးရှိတယ်” ဟု ဦးခိုင်ကြီးကပြောသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်ကာ ထိုင်းအစိုးရမှ ဩဂုတ်လထိ ဆက်လက်နေထိုင်ခွင့်ပြုထားသော်လည်း အလုပ်သမားများအနေဖြင့် သတိထား နေထိုင်သွားလာကြရန် လိုအပ်ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသည့် MHAC မဟာမိတ်အဖွဲ့ ထူထောင်သူ ကိုရဲမင်းက မဇ္ဈိမကို ပြောသည်။
မိမိ အမည်စာရင်းပေးသွင်းထားရာ နယ်မြေမှ ကျော်လွန်၍ ခရီးသွားလာပါက သက်ဆိုင်ရာ နယ်မြေအာဏာပိုင်းများ၏ ခရီးသွားထောက်ခံချက်လိုအပ်ပြီး မြန်မာနိုင်ငံသို့ ပြန်သွားပြီးမှ ထိုင်းသို့ ပြန်လာပါကလည်း မိမိပြုလုပ်ထားသည့် ရွှေ့ပြောင်းလုပ်သား အလုပ်လုပ်ခွင့်အထောက်အထားများသည် အကျုံးမဝင်တော့ကြောင်း သိရသည်။
ဗီဇာသက်တမ်းကုန်ပြီး သက်တမ်းတိုးရန် ဖေဖော်ဝါရီ ၁၃ ရက်နေ့မတိုင်ခင် နာမည်စာရင်းတင်ထားသူများသာ ယခု ခြောက်လအတွင်း အကျုံးဝင်မည်ဖြစ်ပြီး အမည်စာရင်း ပြန်လည်တင်သွင်းခြင်းမရှိသူများမှာ အထောက်အထားမဲ့ ဖြစ်သွားမည်ဖြစ်ကြောင်းလည်း ကိုရဲမင်းကပြောသည်။
ထို့အတူ ထိုင်းနိုင်ငံအတွင်း၌ ရွှေ့ပြောင်းလုပ်သားများ လုပ်ကိုင်ခွင့်ကန့်သတ်ထားသည့် လုပ်ငန်းအမျိုးအစားလည်း ၂၇ ခုရှိသည်။
၎င်းတို့မှာ ပွဲစားနှင့် အေဂျင်စီလုပ်ငန်း၊ ယာဉ်မောင်းလုပ်ငန်း၊ ဆံပင်ညှပ် အလှပြင်လုပ်ငန်း၊ ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ရွှေထည် ငွေထည်လုပ်ငန်း၊ သစ်သားပန်းပုလုပ်ငန်း၊ လေလံတင်အရောင်းအဝယ်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ ဖျာယက်ခြင်းလုပ်ငန်း၊ စက္ကူထုတ်လုပ်ခြင်းလုပ်ငန်း၊ ပန်းယွန်းလုပ်ငန်း၊ ထိုင်းတူရိယာလုပ်ငန်း၊ ကြေးထည်ကနုတ်ဖော်ခြင်းလုပ်ငန်း၊ ကြေးထည်လုပ်ငန်း၊ ထိုင်းရိုးရာအရုပ်ပြုလုပ်ခြင်းလုပ်ငန်း၊ သပိတ်လုပ်ငန်း၊ ချည်ရက်လုပ်ငန်း၊ ဗုဒ္ဓရုပ်ပွားတော် ထုဆစ်ခြင်းလုပ်ငန်း၊ စက္ကူနှင့်ပိတ်ဖြင့်ပြုလုပ်သောထီးလုပ်ငန်း၊ ဆေးလိပ်လုပ်ငန်း၊ ဈေးလှည့်လည်ရောင်းချခြင်းလုပ်ငန်း၊ ထိုင်းအက္ခရာစီခြင်းလုပ်ငန်း၊ ပိုးချည်လုပ်ငန်း၊ အတွင်းရေမှူးလုပ်ငန်း၊ ဥပဒေရေးရာဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည်။
အဆိုပါလုပ်ငန်းများကို လုပ်ကိုင်ကြောင်းတွေ့ရှိပါကလည်း ဥပဒေချိုးဖောက်ခြင်းဖြစ်သည့်အတွက် အရေးယူခံရမည်ဖြစ်သည်။