ရန်ကုန်မြို့တွင် ယခုရက်ပိုင်း မြူခိုးများအုပ်ဆိုင်းပြီး လေထုညစ်ညမ်းနေခြင်းကြောင့် အပြင်ထွက်သွားလာပါက နှာခေါင်းစည်းတပ်ရန်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများအနေဖြင့် အပြင်ထွက်ခြင်းကို ရှောင်ကျဉ်ရန် ဆရာဝန်များက သတိပေးပြောကြားလိုက်သည်။
နိုင်ငံပေါင်း ၁၂၃ နိုင်ငံ၏ လေထုအရည်အသွေးအခြေအနေကို စောင့်ကြည့်နေသည့် IQ Air ၏ ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်) တိုင်းတာချက်အရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် ညွှန်းကိန်း ၁၆၅ AQI ဖြင့် ကမ္ဘာ့အဆင့်ရှစ်တွင်ရှိနေကြောင်း ဖော်ပြထား၍ ယင်းသည် ကျန်းမာရေးအတွက် မသင့်တော်သည့် အနီရောင်အဆင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
ရန်ကုန်၊ ဗဟန်း၊ ဒဂုံမြို့တို့တွင် အနီရောင်အဆင့်နှင့် ကမာရွတ်မြို့တွင် လိမ္မော်ရောင်အဆင့်ရှိကြောင်း ယမန်နေ့ မွန်းလွဲပိုင်းတွင် IQ Air က ထုတ်ပြန်ထားသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေပြီး ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြို့တော်ဘန်ကောက်၏ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့အဆင့် ခုနစ်တွင် ရှိခဲ့သည်။
ခရိုင် ၃၁ ခုမှ ကျောင်းပေါင်း ၃၅၂ ကျောင်း ပိတ်ထားခဲ့ပြီး ယာဉ်အသွားအလာ လျှော့ချနိုင်ရန် ဘတ်စ်ကားကဲ့သို့ အများပြည်သူ သယ်ယူပို့ဆောင်မှုခရီးစဉ်များကို ယခုသီတင်းပတ်အတွင်း အခမဲ့ စီးနင်းခွင့်ပြုခဲ့ရကာ ယမန်နေ့ ဘန်ကောက်၏ လေထုညစ်ညမ်းမှုသည် အဆင့် ၄၆ သို့ ကျဆင်းသွားပြီဖြစ်ကြောင်း IQ Air ၏ ဖော်ပြချက်အရ သိသည်။
ယခုလို လေထုညစ်ညမ်းမှုဒဏ်ကို အဆုတ်ရောင်ရောဂါရှိသူများ၊ နာတာရှည် ပန်းနာရင်ကြပ်ရှိသူများနှင့် နာတာရှည် လေပြွန်ရောင်ရောဂါဝေဒနာ ခံစားနေရသူများအပြင် လေဖြတ်ထားသူနှင့် နှလုံးရောကျဉ်းသူတို့လည်း သတိပြုသင့်ကြောင်း CDM အမျိုးသမီးဆရာဝန်တဦးက ပြောသည်။
“အသက်ကြီးပိုင်းတွေနဲ့ ကလေးတွေက တခြားလူလတ်ပိုင်းတွေထက် ပိုခံရတယ်ပေါ့။ ဖြစ်နိုင်ရင် ဒီချိန်အိမ်မှာပဲနေတာ ပိုကောင်းတယ်ပေါ့။ မဖြစ်မနေ ထွက်ရမယ်ဆိုလည်း နှာခေါင်းစည်းတပ်ပေးပေါ့” ဟု CDM အမျိုးသမီးဆရာဝန်က ပြောသည်။
အပြင်သွားပါက ကိုယ်ပိုင်ကားနှင့် Taxi ကဲ့သို့ ကားများကို အသုံးမပြုဘဲ အများသုံး ယာဉ်ကြီးများကိုသာ ပိုမိုအသုံးပြုသင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။
ရန်ကုန်မြို့၌ နံနက်ပိုင်းအချိန်များတွင် မြူများဆိုင်းနေပြီး ယင်းအခြေအနေသည် ဆောင်းရာသီဖြစ်သဖြင့် မြူဆိုင်းနေသည်ဟုသာ အများစု ထင်မြင်ကြရာ လေထုညစ်ညမ်းမှု ဖြစ်ပွားနေသည်ကို လူထုသိရှိမှု အားနည်းနေသေးကြောင်း ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြောသည်။
“မနက်အစောဆိုရင်တော့လေ အရင်က မတွေ့ဖူးတဲ့ မြူတွေတွေ့တယ်။ ဆောင်းမို့လို့ မြူဆိုင်းတယ်ပဲ ထင်တာပေါ့။ မသိတဲ့လူတွေကတော့။ တချို့ လေထုညစ်ညမ်းနေတယ်ဆိုတာကို မသိကြဘူး။ နှာခေါင်းစည်းလည်း မတပ်ကြဘူး။ ပုံမှန်ပဲ သွားလာနေကြတာ။ ဒါပေမဲ့ နှာစေးချောင်းဆိုး တအားဖြစ်တယ်” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကောင်စီတို့ကလည်း လက်ရှိ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် အနီရောင်အဆင့် ရောက်ရှိနေ၍ နှာခေါင်းစည်းတပ်ကြရန် တိုက်တွန်းချက် ထုတ်ပြန်ထားသည်။
လေထုအတွင်း ညစ်ညမ်းပစ္စည်းပါဝင်မှု ပမာဏအပေါ်မူတည်၍ လေထုအရည်အသွေးညွှန်းကိန်း (Air Aurality Index - AQI) အဆင့်များ ခွဲခြားသတ်မှတ်ထားရာ AQI ၀ မှ ၅၀ အဆင့်သည် အစိမ်းရောင် ကောင်းမွန်သည့် အဆင့်ဖြစ်ပြီး ညွှန်းကိန်း ၅၁ မှ ၁၀၀ သည် ပန်းရောင်ဖျော့ အလယ်အလတ်အဆင့်ဖြစ်ကာ ညွှန်းကိန်း ၁၀၁ မှ ၁၅၀ သည် ထိခိုက်လွယ်သူများအတွက် မကောင်းသည့် လိမ္မော်ရောင်အဆင့်ဖြစ်သည်။
ညွှန်းကိန်း ၁၅၁ မှ ၂၀၀ ကို ကျန်းမာရေးအတွက် မကောင်းသည့် အနီရောင်အဆင့်ဟု သတ်မှတ်သကဲ့သို့ ၂၀၁ မှ ၃၀၀ သည် ခရမ်းရောင် ကျန်းမာရေးထိခိုက်စေသည့် အဆင့်ဖြစ်ကာ ၃၀၁ နှင့်အထက်ကို အန္တရာယ်ပေးသည့်အဆင့်ဟု သတ်မှတ်ကြောင်း သိရသည်။
IQ Air ၏ ဖော်ပြချက်အရ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ယူဂန္ဓာနိုင်ငံက မြို့ကြီးများ၏ လေထုအရည်အသွေးသည် မြန်မာနိုင်ငံထက် ညစ်ညမ်းမှု ပိုများနေကြောင်း ဆိုသည်။
ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းခန့်သည် အရည်အသွေးညံ့ဖျင်းသည့်လေကို ရှုနေရကာ လေထုညစ်ညမ်းမှုနှင့် ဆက်နွယ်ကာ နှစ်စဉ်လူ ၇,၀၀၀,၀၀၀ ခန့် အချိန်မတိုင်မီ သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြောထားသည်။