ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်ရှိတဲ့ ခလရ ၄၇ တပ်ရင်းနဲ့ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ ၂၁ ) နှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်ဖက်တပ် အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
KIA ဘက်ကနေ တပ်ရင်းနှစ်ခုစလုံးကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“စစ်ရေးအခြေအနေကတော့ နှစ်ဖက်စလုံး အပြန်အလှန် စောင့်ကြည့်နေပြီး ပစ်ခတ်နေတဲ့ သဘောမှာရှိနေတယ်။ နေ့တိုင်း ပြင်းပြင်းထန်ထန် ပစ်ခတ်ကြတာမျိုးတော့ မရှိဘူး။ စစ်ကောင်စီတပ်သားတွေက ခလရ ၄၇ နဲ့ စကခ ၂၁ စခန်းအထဲမှာ ရှိနေကြတယ်။ အပြင်ဘက်မှာက KIA တပ်တွေ ဝိုင်းရံထားတယ်။ အဓိကတော့ KIA ဘက်ကနေ စခန်းထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို အစားအသောက်တွေကအစ ဖြတ်ထားပေးတယ်လို့ ပြောလို့ရမယ်။ စစ်ရိက္ခာတွေကို လေကြောင်းနဲ့ လာပို့ပေးရုံကလွဲရင် တခြားနည်းလမ်းတော့ မရှိတော့ဘူး။ အဲ့ကြောင့် KIA ဘက်ကလည်း ပိတ်ဆို့ထားတဲ့သဘောပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေရှိတဲ့ တပ်ရင်း နှစ်ခုစလုံး ဝိုင်းရံပိတ်ဆို့ခံထားရတာ နှစ်ပတ်လောက်ကြာမြင့်လာပြီဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း KIA တပ်တွေ ပိတ်ဆို့ထားတဲ့ကြားကနေ ဒရုန်း၊ လက်နက်ကြီးတွေ တန်ပြန်ပစ်ခတ်နေတဲ့အတွက် အပြန်အလှန် တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်ကနေ တပ်ရင်းနှစ်ခု လက်မလွှတ်ရရေးအတွက် KIA တပ်တွေရှိတဲ့ဘက်ကို နေ့တိုင်းလိုလို ပြင်းပြင်းထန်ထန် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် KIA ပူးပေါင်းတပ်တွေ ဝင်ရောက်ဖို့ ခက်ခဲနေသေးတာဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
လက်ရှိ ဗန်းမော်မြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ် အားလုံးဟာ ဇန်နဝါရီလ ၈ ရက်နေ့ မံစီမြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော် ခလရ ၄၇ နဲ့ စကခ ၂၁ တပ်ရင်းထဲမှာ ဝင်ရောက်ပုန်းရှောင်နေကြတာဖြစ်ပါတယ်။
ဗန်းမော်ဒေသခံတစ်ချို့ရဲ့ ပြောဆိုချက်အရ ခလရ ၄၇ နဲ့ စကခ ၂၁ တပ်ရင်း နှစ်ခုမှာ စစ်ကောင်စီတပ်သားတွေအပြင် အုပ်ချုပ်ရေးဆိုင်ရာ အကြီးပိုင်း ဝန်းထမ်းတစ်ချို့ကလည်း စစ်ကောင်စီတပ်သားတွေနဲ့အတူ သွားရောက်ပုန်းရှောင်နေကြတယ်လို့ ဗန်းမော်ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။
“သူတို့နဲ့ဆိုင်တဲ့ အပေါင်းအပါတွေကိုပါ အထဲကို ခေါ်ယူထားတဲ့သဘောလို့ ပြောရမယ်။ တစ်ချို့ဝန်ထမ်းတွေက ထွက်ပြေးတိမ်းရှောင်သွားတဲ့သူတွေလည်း ရှိပါတယ်။ အဓိကတော့ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အရာရှိတွေ၊ သူတို့ကို ယုံကြည်အားထားရတဲ့ သူတွေပါပဲ။ အဲလိုပဲ စစ်တပ်ထဲမှာရှိနေတဲ့သူတွေ အကြောင်းကြားလိုက်ပြီဆိုရင် လေကြောင်းက ဆက်တိုက်လာပစ်တယ်။ သေနတ်သံနည်းနည်းထွက်လာတာနဲ့ လေယာဉ်က လာပြီ။ အဲ့ဒါကြောင့် KIA ဘက်ကလည်း သိပ်လှုပ်ရှားလို့မရတဲ့ အခြေအနေ ပြောရမှာပေါ့” လို့ ပြောပါတယ်။
KIA ပူးပေါင်းတပ်တွေရဲ့ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခံနေရတာကြောင့် ခလရ ၄၇ နဲ့ စကခ ၂၁ တပ်ရင်းနှစ်ခုမှာ စစ်ကောင်စီတပ်တွေနဲ့အတူ ရှိနေတဲ့ ဝန်ထမ်းတစ်ချို့ဟာ အစာပြတ်တောက်နေတာ တစ်ပတ်ခန့်ရှိလာပြီလို့လည်း KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ တစ်ရက်ကို မနက်၊ ည ပုံမှန် လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက “ဗန်းမော်က နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တယ်လို့ ပြောလို့ရမယ်။ စစ်တပ်ကလည်း နေ့၊ ည အဆက်မပြတ် လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ ဒီမနက်လည်း အစောကြီး လာပစ်တယ်။ မနေ့ညလည်း လာပစ်တယ် ပုံမှန်ပါပဲ” လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီဘက်ကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် မြို့တွင်းရပ်ကွက်က အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ နေ့စဉ် ပျက်စီးဆုံးရှုံးတာတွေ ပုံမှန်ဖြစ်နေပြီး ဗန်းမော်တိုက်ပွဲဖြစ်ပွားတဲ့ တစ်လဝန်းကျင်ခန့်အကြာမှာ အပြစ်မဲ့ပြည်သူ သေဆုံးသူ ၁၅၀ ခန့်ရှိလာပြီလို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။
ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းမှာ တစ်ကြော့ပြန် ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ ဗန်းမော်မြို့နဲ့အတူ တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့ မံစီမြို့တစ်ခုလုံးကို KIA တပ်တွေ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။