လက်ရှိ အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များသည် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းက ကမ်းရိုးတန်းကျေးရွာကြီးများဖြစ်ကြသည့် မကျီးဇင်၊ ဘောမိအပါအဝင် ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီး လက်ရှိတွင် ရွှေသောင်ယံနှင့် သာပေါင်းတို့ကို စစ်ရေးအရ ခြိမ်းခြောက်နေပြီဟု ဒေသအတွင်းက စစ်ရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။
ယခုလက်ရှိ တိုက်ပွဲဖြစ်ပွားနေသော နေရာများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်း ဖြစ်ပွားနေခြင်းဖြစ်ပြီး အာရက္ခတပ်တော်သည် ဧရာ၀တီတိုင်း ပုသိမ်မြို့ထိ တိုက်ခိုက်သိမ်းပိုက်နိုင်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က နိရဉ္စရာသတင်းဌာနသို့ သုံးသပ်ပြောဆိုသည်။
“အေအေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက မော်တန်စွန်းအထိ အဲဒီကမ်းမြောင်ဒေသအထိရအောင် ကြိုးစားနေတယ်ပေါ့နော်။ ကြိုးစားနေတယ်ဆိုတော့ အာရက္ခတပ်တော်နဲ့ ဒေသခံပြည်သူတွေနဲ့ လုံးဝပေါင်းစပ်ပြီး တသွေးတသားတည်းဖြစ်သွားရင် ပုသိမ်ကိုရနိုင်တယ်။ ပြီးရင် ရန်ကုန်ကိုအထိ ခြိမ်းခြောက်လာနိုင်တယ်လို့ မြင်တယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းက မကျီးဇင်ကျေးရွာနှင့် ဘောမိကျေးရွာတို့အား အာရက္ခတပ်တော်နှင့် တော်လှန်ရေးတပ်ဖွဲ့များက ယခုရက်ပိုင်း သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ရာ အချိန်တိုအတွင်း တိုက်ပွဲများမှာ ပုသိမ်မြို့နယ်အထိ ကျယ်ပြန့်လာနေပြီး မြို့တော်ပုသိမ်ကိုပါ စစ်ရေးအရှိန်က ရိုက်ခတ်မှုရှိလာပြီဟု ဆိုသည်။
“မြေပြင်အနေအထား၊ ခရီးအကွာအဝေး အနေအထားအရဆိုရင်လည်း ရွှေသောင်ယံနဲ့ ပုသိမ်နဲ့ကတော့ မဝေးဘူးလို့ ပြောလို့ရပါတယ်။ စစ်ကောင်စီက အင်အားစုဖွဲ့မှုတွေ လုပ်နေတာမျိုးတော့ ရှိတယ်။ စစ်မျက်နှာတစ်ခုအရတော့ ပုသိမ်ကို တိုက်နိုင်ပေမယ့် အချိန်ယူရအုံးမယ်လို့တော့ မြင်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
အသေအပျောက်များခဲ့ပြီး လက်လွှတ်စွန့်ခွာခဲ့ရသည့် ဘောမိကိုပြန်ရရန် စစ်ကောင်စီက အင်အားစုဖွဲ့နေတာမျိုးကိုလည်း မြင်တွေ့နေရသည်ဟု ဆိုသည်။
သို့သော်လည်း အင်အားချိနဲ့နေပြီဖြစ်သော စစ်ကောင်စီသည် ပင်လယ်ကမ်းခြေရှိ အေအေက သိမ်းပိုက်ထားသည့် နေရာများအား ပြန်လည်သိမ်းပိုက်ရန် မဖြစ်နိုင်တော့ကြောင်းနှင့် ပုသိမ်မြို့ကို မသိမ်းပိုက်ရန်အတွက်သာ ခုခံကာကွယ်ရတော့မည်ဖြစ်ကြောင်း၊ အကယ်၍ ပုသိမ်ကျသွားပါက ရန်ကုန်မြို့အထိပါ ခြိမ်းခြောက်နိုင်မည်ဖြစ်ကြောင်းလည်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။
“ပုသိမ်အထိသာ တော်လှန်ရေးအင်အားစုတွေနဲ့ အေအေက ရသွားရင် ရန်ကုန်အထိပါ ခြိမ်းခြောက်လို့ရသွားပြီ။ ဟိုဘက် ကရင်နီကလည်း စစ်မျှားဦးလှည့်လာနိုင်တယ်။ စစ်ကြောင်းတွေလည်းရှိသွားပြီ။ ရန်ကုန်ပါ ထပ်ကျပြီဆိုရင်တော့ ကျွန်တော်တို့ ဟိုတချိန်တုန်းကပြောခဲ့သလိုပေါ့။ ရန်ကုန်အစိုးရဆိုတာမျိုးထက် နေပြည်တော်အစိုးရဆိုတာမျိုး ဖြစ်သွားနိုင်တယ်။ ရန်ကုန်အထိသာ ကျွန်တော်တို့က ခြိမ်းခြောက်နိုင်ပြီဆိုရင်လည်း ကျွန်တော်တို့က နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း စိတ်ဓာတ်အလိုလိုကျသွားပြီးတော့ တကယ်တိုက်ရင် တကယ်လက်နက်ချသွားမယ့် အနေအထားရောက်သွားမယ့် အခြေအနေဖြစ်ပါတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ခွဲ ဘောမိကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား ကျဆုံးကာ တချို့ထွက်ပြေးခဲ့ရပြီး ဒဏ်ရာရသူများကို ဇန်နဝါရီ (၁၈) ရက်နေ့ညပိုင်း၌ စက်လှေများဖြင့် ချောင်းသာသို့ပို့ဆောင်ကာ ချောင်းသာမှတစ်ဆင့် လူနာတင်ကားများ (Ambulance)၊ ကုန်ကားများဖြင့် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ မဆရ (၄) သို့ ပို့ဆောင်ခဲ့ရကြောင်းလည်း နိရဉ္စရာ၏ စစ်ရေးသတင်းအရင်းအမြစ်က ပြောဆိုထားသည်။
လက်ရှိ ဘောမိကျေးရွာနှင့် ရွှေသောင်ယံမြို့ကြား လမ်းတစ်လျှောက်ရှိ ကျေးရွာသားများမှာလည်း နေအိမ်များကို စွန့်ခွာထွက်ပြေးသွားခဲ့ကြပြီး လူသူများခြောက်ကပ်လျှက်ရှိသည်ဟု သိရသည်။
စစ်ကောင်စီသည် ကုန်တင်ကားများ၊ စက်လှေများကို ချောဆွဲကာ သေဆုံး၊ ဒဏ်ရာရ စစ်သားများကို တင်ဆောင်ခြင်း၊ ရိက္ခာ၊ လူ၊ လက်နက်များကို တိုက်ပွဲဖြစ်ပွားရာ နေရာအနီးဝန်းကျင်သို့ ပို့ခိုင်းခြင်းများကို ပြုလုပ်နေသဖြင့် ကုန်ကားမောင်းသူများနှင့် ကားစပါယ်ယာများမှာလည်း အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် ဘောမိကျေးရွာသည် ရွှေသောင်ယံမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးပြီး ကုန်းလမ်း၊ ရေးလမ်း နှစ်ခုစလုံး အသုံးပြုပြီး သွားလာ၍ရကြောင်း သိရသည်။
ထို့အပြင် ရွှေသောင်ယံမြို့သည် စစ်ကောင်စီ၏ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ရှိရာ ပုသိမ်မြို့နှင့် မိုင် ၄၀ ခန့်သာဝေးကြောင်း သိရသည်။
အာရက္ခတပ်တော်၏ ဇန်နဝါရီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင်ရက္ခိုင်-ဧရာဝတီတိုင်း အစပ်၏ နေရာအချို့၊ ပွိင့် (၃၆၉) ကုန်းနှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်ဟု ဖော်ပြသည်။
၎င်းပြင် ရက္ခိုင်ရိုးမနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော ရိုးမတောင်တန်းနှင့် ရက္ခိုင်-ပဲခူး အစပ်၊ ရက္ခိုင်-မကွေး အစပ်၊ ရက္ခိုင်-ဧရာဝတီတိုင်း အစပ်နှင့် ရက္ခိုင်ရိုးမ-ဧရာဝတီတိုင်း အစပ်တို့တွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်ဟုလည်း ဖော်ပြထားသည်။