ဒေါနတောင်ကျော် လမ်းများကို ပြန်သိမ်းရန် ကော့ကရိတ်တွင် စစ်ကောင်စီ အင်အားဖြည့် ပြင်ဆင်နေ

ဒေါနတောင်ကျော် လမ်းများကို ပြန်သိမ်းရန် ကော့ကရိတ်တွင် စစ်ကောင်စီ အင်အားဖြည့် ပြင်ဆင်နေ

ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော် လမ်းဟောင်းနှင့် လမ်းသစ်တို့ကို ပြန်သိမ်းနိုင်ရန် ယခုရက်ပိုင်းအတွင်း ကော့ကရိတ်တွင် စစ်ကောင်စီက အင်အားဖြည့်တင်း၊ ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တို့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ခန့်မှန်းအင်အား ၅၀၀ ခန့်သည် ဖားအံမြိုမှ ကော့ကရိတ်သို့ သံပြားများကာထားသည့် စစ်ကားများ၊ ကုန်ကား၊ အိမ်စီးကား ၃၀ စီးခန့်ဖြင့် ဇန်နဝါရီ ၇ ရက်နေ့တွင် ရောက်ရှိလာပြီး စကခ ၁၂၊ ခလရ ၉၇၊ ရွှေကြက်မင်းဘုန်းကြီးကျောင်း စသည့် စခန်းချနေရာများ၌ စစ်ကူနှင့် လက်နက်ခဲယမ်းဖြည့်တင်းမှုများ လုပ်ဆောင်နေသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“အင်္ဂါနေ့ ညနေက စစ်ကားကြီး၊ သံပြားကာ အလုံပိတ်ကားတွေ၊ ကုန်ကား၊ ဟိုင်းလပ်ကားတွေနဲ့ စစ်သားသစ် ခလေးတွေ ဝင်လာတာ။ ၁၀ စီး တစ်သုတ် ၃၊ ၄၊ ၅ စီး တစ်သုတ် အဲ့လို့မျိုး မြို့ထဲဝင်လာတာ၊ သူတို့ အခု မြို့ထဲ ဘုန်းကြီးကျောင်းတွေမှာ တပ်ဖြန့်ပြီး နေရာယူတပ်စွဲထားတယ်။ အောင်ဇေယျ ကွတ်ကဲရေးစခန်းက ရွှေကြက်မင်းဘုန်းကြီးကျောင်းကို စစ်စခန်းလုပ်ထားပြီး အဲ့ဒီမှာ စစ်သားသစ် ကလေးတွေ တောင်ပါ်တက်ဖို့လုပ်နေတယ်။ စစ်သားအင်အား မှန်းခြေ ၅၀၀ လောက်ရှိမယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ကျုံဒိုး၊ ညီညာသာလင်း၊ ရေပူရွာဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA မဟာမိတ်ပူးပေါင်းတပ်နှင့် စစ်ကောင်စီ လမ်းကင်းပုန်းဝပ်တပ်ဖွဲ့များ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိ ရင်ခွဲတောင်၊ ရေပူနှင့် ကောကရိတ် စကခ-၁၂ တွင် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်မှုများ ပြုလုပ်နေပြီး နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ် စစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“စစ်တပ်က ဒေါနတာင် လမ်းဟောင်းဘက်ရော၊ အာရှလမ်းရောကို အောင်ဇယျစစ်ကြောင်းက ပြန်အရသိမ်းမယ်လို့လည်း သတင်းရှိနေ‌တော့ ကော့ကရိတ်ကို ခံစစ်ပြင်နေတာ လူတွေ မနေရဲကြတော့ဘူး။ ပြန်ရှောင်နေကြတာမျိုးရှိနေတယ်” ဟု ၎င်းကပြောသည်။

ယခုလို စစ်ရေးတင်းမာနေသည့်အတွက် ကော့ကရိတ်မြို့တွင်း စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်း၊ ဌာနဆိုင်ရာရုံးများ ပိတ်ထားပြီး ဖားအံမြို့တွင် တွဲဖက် တာဝန်ထမ်းဆောင်နေသလို မြို့ခံ စစ်ကောင်စီဝန်ထမ်းများသည် မြို့တွင်းရှိ နေအိမ်နှင့် စစ်ကောင်စီ စခန်းချထားသည့် ဘုန်းကြီးကျောင်းများ၌ ရုံးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရ သည်။

January 11, 2025
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့ပေါ်တွင် ယခု ဇန်နဝါရီလ ဒုတိယအပတ်အတွင်းမှစ...
January 10, 2025
ဖားအံမြို့နယ်၊ သံလွင်မြစ် အနောက်ဘက်ကမ်းရှိ စစ်တပ်ပိုင် မြိုင်ကလေး ဘိလပ်မြေစက်ရုံ နှစ်ရုံ၌...
January 9, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်အချို့နှင့် မြို့အစွန်အဖျားရှိ ပြန်နေထိုင်ခွင့်မရသေးသည့်...
January 9, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အနောက်ဘက်ရှိ ပင်လယ်ပြင်တွင်...