ရေးတွင် စစ်ကောင်စီက အိမ်နှင့်ဆိုင်ခန်းများ ဖျက်ခိုင်း

ရေးတွင် စစ်ကောင်စီက အိမ်နှင့်ဆိုင်ခန်းများ ဖျက်ခိုင်း

မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ လူနေအိမ်များနှင့် ဆိုင်ခန်းများကို ဖျက်ခိုင်းနေသည်ဟု ဒေသခံများနှင့် လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက ပြောသည်။

ရေးမြို့ရှိ ရာဇာဓိရာဇ်လမ်းနှင့် တနင်္သာရီလမ်းမကြီးတစ်လျှောက်ရှိ ဆိုင်များအပြင် အောင်မေတ္တာ၊ အောင်မင်္ဂလာ၊ နန္ဒာ၊ ရန်မျိုးအောင်၊ ရန်ကြီးအောင်၊ ခေမာ၊ အဏ္ဏဝါ၊ မာလာနှင့် ဇေယျာ ရပ်ကွက်များအပါအဝင် ရပ်ကွက်အသီးသီးရှိ နေအိမ်များနှင့် ဈေးဆိုင်များကို ဖယ်ရှားရန် နိုဝင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

လမ်းမတစ်လျှောက်ရှိ နေအိမ်နှင့် ဆိုင်များမှာ လမ်းမဘေးထွက်နေသည်ဟုဆိုကာ စစ်တပ်အမိန့်ဖြင့် ဖျက်ဆီး ဖြိုချခိုင်းနေသည်ဟု ရေးမြို့ ဒေသခံတစ်ဦးကလည်း ယခုကဲ့သို့ပြောသည်။

ရေးမြို့ ဒေသခံတစ်ဦးက “အခုနောက်ပိုင်း ဘယ်လောက်ထိ အခြေအနေဆိုးလဲဆိုတော့ မြို့ထဲမှာရှိတဲ့ လမ်းမဘေးတိုင်းမှာရှိတဲ့ ဈေးဆိုင်တွေကအစ လိုက်ဖြိုခိုင်းတယ်။ ဘာဖြစ်လို့လဲဆို လမ်းမထွက်နေလို့ဆိုပြီးတော့ စစ်တပ်အမိန့်နဲ့ သူတို့ တောက်လျောက် လိုက်ဖြိုခိုင်းတယ်။ အဲ့ဒါမျိုးတွေပါ ကြုံတွေ့လာရတယ်။ ပြီးတော့ တစ်ချို့လူတွေဆို ကိုယ်နေထိုင်တဲ့နေအိမ်ကိုတောင် ဖျက်ပေးရတယ်။ သူတို့ဖြိုခိုင်းရင် တောက်လျှောက် လိုက်ဖြိုပေးရတယ်။ ကရိန်းကြီးတွေ ဘက်ဖိုးကြီးတွေနဲ့ လာဖြိုတယ်။ အဲ့လိုမျိုးတွေ။ သူတို့ တစ်အား ခြိမ်းခြောက်တယ်ကွာ။ အဲ့ဒီပုံစံမျိုးတွေ ဆက်လုပ်လာတယ်။ တော်တော်ဆိုးတယ် ရေးမြို့မှာ အခုထိပဲ” ဟု ပြောသည်။

ဖျက်ဆီးခံလိုက်သည့် ဒေသခံများ၏ အိမ်နှင့် ဈေးဆိုင်များသည် အများပိုင် လမ်းမကြီးပေါ်သို့ ကျူးကျော်ရောက်ရှိနေခြင်းမရှိကြောင်း ရေးမြို့ ဒေသခံက ဆိုသည်။

အဆိုပါ နေအိမ်များနှင့် ဆိုင်ခန်းများသည် ကျူးကျော်တည်ဆောက်ထားခြင်းမျိုးမဟုတ်ဘဲ ယခင် အဆက်ဆက်က ဘိုးဘွားပိုင်မြေနေရာများပေါ်ရှိ နေအိမ်များနှင့် ဆိုင်ခန်းများဖြစ်သည်ဟု ပြောသည်။

အလားတူ မြို့တော် မော်လမြိုင်ရှိ လေယာဉ်ကွင်း အနီးအနားဝန်းကျင်က ဒေသခံများပိုင်ဆိုင်သည့် နေအိမ်နှင့် ဆိုင်များကိုလည်း လုံခြုံရေးအကြောင်းပြကာ ဖျက်ခိုင်းနေသည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

နိုင်အဲမွန်က “ဒါ ဒုတိယအကြိမ်လောက်ဖြစ်မယ်။ ပထမအကြိမ်က မော်လမြိုင်ဘက်မှာ‌ လေယာဉ်ကွင်းနားက ဈေးဆိုင်တွေလေ။ ဈေးဆိုင်တွေ နောက် လက်ဖက်ရည်ဆိုင်တွေကို လုံခြုံရေးအရဆိုပြီးတော့လေ။ လေယာဉ်ကွင်းနဲ့ နီးတယ်ဆိုပြီးတော့လေ။ တကယ့်တကယ်က သူ့နေရာမှာ သူရှိနေတယ်။ လေယာဉ်ကွင်းရဲ့ လမ်းတစ်ဖက်မှာ။ အရင်တုန်းက ဒါတွေက ရှိခဲ့တယ်လေ။ အခုနေမှ ဒီနေရာက စီမံရာနေရာ လမ်းနယ်နိမိတ်နဲ့ မလွှတ်ဘူးဆိုပြီးတော့ သိမ်းတာ။ အတင်းဖျက်ခိုင်းတာပေါ့နော်။ ဆိုင်ခန်းပေါင်း  ၅၀ လောက်ရှိတယ်။ အတင်းဖျက်ခိုင်းတာဆိုတော့ ဖျက်ရတော့မှာပေါ့” ဟု ပြောသည်။

စစ်ကောင်စီက မွန်ပြည်အတွင်းရှိ မော်လမြိုင်မြို့နှင့် ရေးမြို့က ပြည်သူများ၏ နေအိမ်များနှင့် ဆိုင်ခန်းများကို ဖျက်ဆီးနေသည့်အပေါ်  နိုင်အဲမွန်က ယခုလို ဆက်ပြောသည်။

“သူတို့ သွားလာလှုပ်ရှားမှုတွေကို လက်ဖက်ရည်ဆိုင်တွေမှာ လေ့လာစောင့်ကြည့်လို့မရအောင်ဆိုတဲ့ လုံခြုံရေး အယူအဆတွေ ထင်တယ်။ အဲ့လိုမျိုးပေါ့နော်။ သေချာကြည့်ပြီး သူတို့ဖျက်တာတို့ ဖိနှိပ်တာတို့ သူတို့လုပ်တာ။ ဒီမှာလည်း ထိုနည်း၎င်းပဲ။ လုံခြုံရေးအရ ဖြစ်နိုင်သလို သက်သက်ကို အနိုင်ကျင့်ပြီးတော့ ဖျက်ခိုင်းတာလည်း ဖြစ်နိုင်တယ်။ သေချာတာတော့ ဖျက်ရမယ်။ ဖျက်ရမယ်ဆိုတော့ တစ်ချို့က ဖျက်နေကြပါပြီ”

ရေးမြို့တွင် ဖျက်ဆီးခံလိုက်ရသည့် ဒေသခံများ၏ နေအိမ်၊ ဈေးဆိုင်များအတွက် လက်ရှိအချိန်ထိ စစ်ကောင်စီဘက်မှ နစ်နာကြေး၊ လျော်ကြေးငွေ တစ်စုံတစ်ရာပေးခြင်းမျိုး မရှိသေးဘူးဟု မြေပြင်တွင် အချက်အလက်အလက် ကောက်ယူနေသည့် (HURFOM) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ နေအိမ်များနှင့် စျေးဆိုင်များကို ဒီဇင်ဘာ ၇ ရက်နေ့ နောက်ဆုံးထားဖျက်ပေးကြရန် စစ်ကောင်စီက အမိန့်ထုတ်ထားရာ ဒေသခံအချို့က စိုးရိမ်ကာ ဖြိုချနေကြပြီး အများစုမှာမူ ယနေ့အချိန်ထိ စောင့်ကြည့်နေကြဆဲဖြစ်သည်။

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...