ကျောက်ထုတ်လုပ်မှုကြောင့် သောက်သုံးရေ မသန့်ရှင်းဖြစ်ပြီး ရွာသားများ ရောဂါဖြစ်နေ

ကျောက်ထုတ်လုပ်မှုကြောင့် သောက်သုံးရေ မသန့်ရှင်းဖြစ်ပြီး ရွာသားများ ရောဂါဖြစ်နေ

KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇) ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်တွင် ကျောက်ထုတ်လုပ်မှုကြောင့် အနီးအနားကျေးရွာများတွင် သောက်သုံးရေ မသန့်ရှင်းဖြစ်ပြီး ရွာသား ကလေးငယ်များ ရောဂါဖြစ်ပွားလာသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ကျောက်လုပ်ကွက်အနီးအနားရှိ ဒေသခံများ၏ ရေကန်နှင့် သောက်သုံးရေတွင်းများသို့ ကျောက်အစအနအမှုန်များစွာ ကျရောက်ပြီး သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဒေသခံ ကလေးသူငယ်အများစု ဓာတ်မတည့်မှုများဖြစ်ပေါ်နေသလို ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ၊ အရေးပြားယားယံမှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ရေမသန့်တဲ့အတွက်ကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တာလည်းရှိတယ်။ များသောအားဖြင့် ကလေးတွေက အဖြစ်များတယ်၊ လူကြီးတွေက ကိုယ်ခံအားကောင်းတော့ အဖြစ်နည်းတယ်။ အသက်ရှုလမ်းကြောင်းရောဂါ လက္ခဏာပြတာကတော့ အသက်ရှုလို့ မဝတော့ဘူး၊ ချောင်းဆိုးတယ်၊ နှာစေးတယ်၊ အဆုတ်ကို နားထောင်ကြည့်တော့ အဆုတ်က မသန့်ဘူး၊ အနည်းငယ် ထိခိုက်နေတယ်။ ယားယံတာကတော့ တစ်ကိုယ်လုံးနီလာတယ်၊ အင်ပျဉ်ထက်တောင် အဆင့်မြင့်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုကျောက်ထုတ်လုပ်မှုကို လာမည့်နှစ် ၅ လပိုင်းတွင် အပြီးပိတ်သိမ်းရန် ပြီးခဲ့သည့် အောင်တိုဘာလ ၁၅ ရက်နေ့တွင် ပေါင်ကျေးနယ်အတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ဆုံးဖြတ်ချက်ချမှတ်ထားသလို ကျောက်ထုတ်ရာတွင် ဒေသတွင်းစည်းကမ်းများကို လိုက်နာမည်ဟု စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။

သို့သော် ကျောက်ထုတ်လုပ်သားများအနေဖြင့် ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ ဆက်လုပ်ကိုင်နေခြင်းကြောင့် ဒုတိယအကြိမ် ထပ်မံစာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်ဟု ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “စာချုပ်ကို အပြီးသတ်ချုပ်ငြိမ်းမယ်ဆိုပေမဲ့လည်း နောက်ထပ် ကျူးလွန်နေဆဲဖြစ်တဲ့အတွက် ဒုတိယစာချုပ်ကို အခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထပ်ချုပ်ဆိုထားတယ်။ ဘာဖြစ်လည်းဆိုတော့ စည်းကမ်းချက်နဲ့ နှစ်ဦးသဘောတူ တောင်းဆိုပြီးမှ ချုပ်လိုက်တယ်။ ထပ်ပြီးတော့ ကွင်းဆင်းပြီး ဆက်လက်လေ့လာကြည့်ရမယ်” ဟု ပြောသည်။

ထိုကျောက်ထုတ်လုပ်မှုများကြောင့် ဒေသခံများ၏ လယ်များပျက်စီးခြင်း၊ ဒေသခံပြည်သူများ လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေရှိသည့်အပြင် ကလေးသူငယ်များ ကျောက်မှုန်များကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများပါ ခံစားနေရသည့်အတွက် ဒေသခံများက ခရိုင်အဆင့်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ဦးတိုက်လျှောက်ထား စာတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယခုလို ကျောက်ထုတ်လုပ်မှုများကြောင့် နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင်အန္တရာယ်နှင့် ဒေသခံကလေးငယ်များ ကျန်းမာရေးအခြေအနေစိုးရိမ်ရ၍ ကျောက်ထုတ်လုပ်မှုကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ပိတ်သိမ်းနိုင်အောင် ကြိုးစားသင့်ကြောင်းကို ပိုင်ကျုံမြို့နယ်၊ ကရင်အမျိုးသမီးအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

ယခင်က ထိုဒေသတွင် ကျောက်ထုတ်လုပ်သည့်နေရာ တစ်ခုတည်းရှိသော်လည်း နောက်ပိုင်း လုပ်ငန်းကို ပိုမိုချဲ့ထွင်လုပ်ကိုင်နေသလို ဒေသအသီးသီးမှ ကျောက်ထုတ်လုပ်သားများကို ခေါ်ယူခန့်အပ်ထားသည့်အတွက် ဒေသတွင်း အမျိုးသမီးများ တစ်ဦးထဲသွားလာစဉ် မလုံခြုံမှုများလည်း ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။

Most read this week

January 16, 2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည့်...
January 14, 2025
ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ရှောင်များအတွက် နိုင်ငံတကာမှ ပေးပို့သည့် လူသားချင်းဆိုင်ရာ...
January 14, 2025
နန်းဝေဖြိုးဇာ — “အဲဒီတုန်းက အသက် ၁၂ နှစ်ပဲရှိသေးတယ်။ မြေမြှုပ်မိုင်းနင်းမိတော့ ခြေထောက်တစ်ဖက်...
January 13, 2025
ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော် လမ်းဟောင်းနှင့် လမ်းသစ်တို့ကို ပြန်သိမ်းနိုင်ရန်...