စစ်ကောင်စီက ဒရုန်းနှင့်တိုက်ခိုက်ရာတွင် အဆိပ်ငွေ့ပြားများ အသုံးပြုလာသည်ဟုဆို

စစ်ကောင်စီက ဒရုန်းနှင့်တိုက်ခိုက်ရာတွင် အဆိပ်ငွေ့ပြားများ အသုံးပြုလာသည်ဟုဆို

ရှမ်းပြည်နှင့် ကရင်နီ (ကယား) ပြည်နယ်စပ်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ရာ၌ အဆိပ်ငွေ့ပြားများကို အသုံးပြုပြီး တိုက်ခိုက်လာသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့က မိုးဗြဲမြို့ပြင်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခမရ (၄၂၂) တပ်ကနေ မိုးဗြဲမြို့နှင့် အနီးတဝိုက်ကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် S-PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြုခဲ့သည်ကို တွေ့ရသည်ဟု KNDF က ပြောသည်။

“ဓာတုအဆိပ်ငွေ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တာရှိပါတယ်။ အဲ့လိုတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်တွေဘက်က မူးတာ၊ အော့အန်တာစတဲ့ ပြဿနာတွေကို ကြုံခဲ့တယ်ပေါ့” ဟု KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောသည်။

စစ်ကောင်စီက အသုံးပြုခဲ့သည့် S-PHOS (အက်စ်ဖော့စ်) ၅၆၀ အဆိပ်ငွေ့ပြားသည် တောင်သူများအသုံးပြုသည့် ဝိစာရထုတ် အဆိပ်ငွေ့ဆေးပြားခဲကဲ့သို့ စားသုံးရန်မဟုတ်သော စိုက်ပျိုးရေးကုန်ကြမ်းပစ္စည်း၊ တိရစ္ဆာန်ကုန်ကြမ်းပစ္စည်းတို့ကို သိုလှောင်သည့်အခါ ကျရောက်သော ဖျက်ဆီးပိုးများကို ကာကွယ်နှိမ်နှင်းနိုင်သည့် အဆိပ်ငွေ့မိုင်းတိုက် ဆေးပြားခဲမျိုးဖြစ်ကြောင်း သိရသည်။

ထိုအဆိပ်ငွေ့ကို ရှူရှိုက်မိသူသည် ခန္ဓာကိုယ်တခုလုံး နုံးသွားစေပြီး ပြန်လည်အနားယူမှသာ သက်သာစေသည်ဟု ဆိုသည်။

အဆိပ်ငွေ့ပြားကို ထည့်သွင်းအသုံးပြုထားသည့် ဗုံးသီးကျရောက်ရာ အနီးဝန်းကျင်တွင် မီးခိုးအများအပြား ထွက်လာပြီး ရှုရှိက်မိသည့် တော်လှန်ရေးရဲဘော်များသည် မူးဝေခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း၊ အိပ်ချင်လာခြင်း၊ ခန္ဓာကိုယ်အားပြတ်ခြင်း စသည့် ဝေဒနာများကို ခံစားခဲ့ရသည်ဟု တာအယ်စိုးကပြောသည်။

ပြီးခဲ့သည့် မတ်လက ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်တိုက်ပွဲနှင့် ဇူလိုင်လက ဖားဆောင်းတိုက်ပွဲအတွင်းလည်း စစ်ကောင်စီဘက်က ဓာတုအဆိပ်ငွေ့ပြားသုံးပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့် နေရာအပြင် လူထုရှိရာနေရာများကိုလည်း ဒရုန်းသုံးပြီး တိုက်ခိုက်မှု ပိုမိုပြုလုပ်နိုင်တာကြောင့် ဒေသခံလူထုအနေဖြင့်လည်း သတိထားနေထိုင်ကြရန် KNDF က သတိပေး တိုက်တွန်းထားသည်။

ရှမ်း - ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံနှင့် လွိုင်ကော်မြို့ဘက်သို့ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းနှင့် တိုးချဲ့အင်အားဖြည့်တင်းပြီးနောက် တော်လှန်ရေးတပ်တို့နှင့်ကြား စစ်ရေးတင်းမာမှုများလည်း ရှိနေသည်။

Most read this week

January 21, 2025
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အတွင်းမှာ ဒေသခံတွေ ပြန်လာနေခြင်းမရှိတဲ့ နေအိမ်တွေကို...
January 18, 2025
ဓါတ်ပုံ – KnHRG တိုက်ပွဲ၊ ပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ စစ်ကောင်စီရဲ့...
January 17, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ရှောင်လာတဲ့ ဖယ်ခုံမြို့နယ်အတွင်းက...