ခန္တီးတွင် စစ်ကောင်စီတပ် စစ်သားစုဆောင်းရေးလုပ်နေ

ခန္တီးတွင် စစ်ကောင်စီတပ် စစ်သားစုဆောင်းရေးလုပ်နေ
ဓါတ်ပုံ (ပုံဟောင်း) - ခန္တီး - ဟုမ္မလင်း လမ်းပေါ်ရှိ  မိုင်းနောင်တံတားပေါ်တွင် တွေ့ရသည့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ
ဓါတ်ပုံ (ပုံဟောင်း) - ခန္တီး - ဟုမ္မလင်း လမ်းပေါ်ရှိ မိုင်းနောင်တံတားပေါ်တွင် တွေ့ရသည့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ခန္တီးမြို့တွင် လူငယ်များအား စစ်ကောင်စီတပ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က တပ်သားစုဆောင်းမှုများလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ခန္တီးမြို့ အဝင်/အထွက် ဂိတ်များတွင် ဒီဇင်ဘာလ ပထမပတ်မှစတင်ကာ လူငယ်အမျိုးသားများအား စစ်ဆေးဖမ်းဆီးလျှက်ရှိရာ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရသည်ဟု မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ ဒေသခံတစ်ဦးက “တော်တော်ဖမ်းနေတယ်။ ဟိုနေ့ကလည်း ထွေအုပ်စာရေးကြီးကနေပြီးတော့ လေယာဉ်နဲ့ သွားပို့တယ်။ ဘယ်မှာသွားပို့လည်းတော့ မသိဘူး။ အကုန်လုံးမှာ လိုက်ဆွဲတဲ့အခါမှာကျတော့ မသိရဘူး။ အသိလည်းမပေးဘူး။ ဖမ်းဖမ်းပြီးတော့ မိဘလည်း မသိရဘူး။ အသိမပေးဘူး။ အဓိကတော့ နာဂတွေအများဆုံးပါပဲ” ဟု ပြောသည်။

ခန္တီး - ဟုမ္မလင်း လမ်း၊ ခန္တီး - နန်စီပွန်လမ်းနှင့် ခန္တီး - လဟယ်လမ်းတို့တွင် အဓိက စစ်ဆေးမေးမြန်းကာ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

“ဂိတ်မှာ ဖမ်းတာလေ။ ဂိတ်မှာ အဲဒီ နန်စီပွန်ဂိတ်ရယ် ချင်းတွင်းဖြတ်တဲ့ဂိတ် အဲ့မှာခေါ်ပြီးတော့ ဖမ်းပြီးတော့ တပ်ထဲမှာ ခေါ် ခေါ် သွားတာ။ ကျနော် အတိအကျသိတာတော့ ၃ ယောက်။ အဲ့ဒီတောင်ပေါ်ကဆင်းလာတဲ့ ချင်းတွင်းဂိတ်မှာ နောက်ပြီး နန်စီပွန်သွားတဲ့ ထောင်ဂိတ်ရယ် အဲ့ကနေဖမ်းတာ” ဟု ပြောသည်။

ခန္တီး - နန်စီပွန်သွားလမ်းတွင် ၃ ဦး၊ ခန္တီး - ဟုမ္မလမ်းတွင်လည်း လူငယ်များ ဖမ်းဆီးခံနေရပြီး အနည်းဆုံး ၁၀ ဦးထက်မနည်းရှိပြီဟု ဒေသခံများက ပြောသည်။

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင်လည်း ခန္တီးမြို့ရှိ စတားလင့် အင်တာနက်ဆိုင်အတွင်းရှိ လူငယ် ၁၀ ဦးခန့်ကို ဖမ်းဆီးသွားသည့်အပြင် စတားလင့်ဆိုင်အားလည်း ပိတ်သိမ်းလိုက်ကြောင်း ခန္တီးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ခန္တီးဒေသခံ အမျိုးသမီးတစ်ဦးက “စတာလင့်ဆိုင်မှာ ဝင်ဆွဲတာ တော်တော်များများ ပါသွားတယ်။ ပြီးတော့ နန်စီပွန်က စတာလင့်စက်ကိုလည်း တပ်က လာသိမ်းသွားတယ်။ ဆိုင်မှာတော့ ၁၀ ယောက်ကျော်တယ်။ ဘယ်နှစ်ယောက်ပါသွားတယ်ဆိုတာကတော့ တိတိကျကျ သိပ်မသိကြဘူး” ဟု ပြောသည်။

စတားလင့် အင်တာနက်ဆိုင်မှ ဖမ်းဆီးခံလိုက်ရသူများအား စစ်ကောင်စီတပ်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ငွေကျပ် သိန်း ၅၀ ဖြင့် ရွေးယူခိုင်းနေသည်ဟု ခန္တီးဒေသခံ ရပ်မိ/ရပ်ဖတစ်ဦးက ပြောသည်။

သို့သော် လူငယ်မည်မျှ ပြန်လွတ်လာသည်ကိုမူ မသိရသေးဘူးဟု ဆိုသည်။

ဒီဇင်ဘာလ ပထမပတ်မှ ဒုတိယပတ်အထိ ခန္တီးမြို့အတွင်း ဖမ်းဆီးမှုအခြေအနေများနှင့်ပတ်သက်၍ ခန္တီးဒေသခံ ရပ်မိ/ရပ်ဖတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“နောက်ပြီး ရပ်ကွက်ထဲမှာလည်း ညဆို ကလေးတွေကို လိုက်ဖမ်းတယ်။ လိုက်ဖမ်းပြီးတော့ ပိုက်ဆံနဲ့ ပြန်ရွေးခိုင်း ပိုက်ဆံရှာတာပါ။ ညကိုဖမ်းပြီးတော့ မိဘကို အကြောင်းကြား၊ ပြီးတော့ ပိုက်ဆံနဲ့ ရွေးခိုင်းနေတာလေ။ အကုန်လုံးပါပဲ။ ထွေအုပ်ကော သူတို့ဌာန ရဲရယ်၊ အုပ်ချုပ်ရေးမှူးရယ် စစ်တပ်ရယ် ပေါင်းပြီး‌တော့ ရတဲ့ပိုက်ဆံ ဝေးစားမျှစားနေမှာပါ။ တစ်ချို့ကျတော့လည်း သိန်း ၅၀ - ၆၀ ပေးရင်တောင် အရွေးမခံဘူး” ဟု ပြောသည်။

ခန္တီးမြို့နယ်တွင် စစ်ကောင်စီတပ်အပြင် ရှမ်းနီတပ်တော် SNA အဖွဲ့ နှင့် နာဂလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့်

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ - အန်းမိုင် NSCN-AM တို့ အဓိက လှုပ်ရှားနေသည်။

နိုင်ငံတဝှမ်းတွင် စစ်ကောင်စီတပ်၏ မတရား ဖမ်းဆီးခံရသူ လူငယ်များမှာ အတင်းအဓမ္မ စစ်မှုထမ်းသင်တန်းသို့ ပို့ခံရခြင်းများရှိနေသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...
January 7, 2025
မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း VPN...