မြန်မာ့အရေး နိုင်ငံတကာရဲ့ ချဉ်းကပ်မှုပုံစံ ပြောင်းလဲသင့်ပြီလို့ အကဲခတ်တွေပြော

မြန်မာ့အရေး နိုင်ငံတကာရဲ့ ချဉ်းကပ်မှုပုံစံ ပြောင်းလဲသင့်ပြီလို့ အကဲခတ်တွေပြော

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အာဏာသိမ်းမှုအကျိုးဆက်တွေအပေါ် နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ သိသာတဲ့ပြောင်းလဲမှုမရှိတဲ့အတွက် ထိရောက်မှုမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုတွေဟာ ဒီမိုကရေစီလိုလားတဲ့ တိုင်းပြည်ဖြစ်ပေမယ့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး စကားလုံးအရ ထောက်ခံရုံကလွဲရင် ထိရောက်တဲ့ လုပ်ဆောင်ချက်မရှိသေးဘူးလို့ ဆိုပါတယ်။

အလားတူ ကုလသမဂ္ဂအပါအဝင် အာဆီယံကလည်း စစ်ကောင်စီကို ထိရောက်တဲ့အရေးယူမှုတွေ မလုပ်ဆောင်နိုင်တဲ့အတွက် အာဏာသိမ်းမှုအလွန် နစ်နာဆုံးရှုံးမှုတွေများစွာ ဖြစ်ပေါ်နေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

ဒါကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှုမလုပ်နိုင်ရင် တိုင်းပြည်ပြိုကွဲသွားမယ့် ယူဆချက်နဲ့ အပြန်အလှန် အကြမ်းဖက်နေတယ်ဆိုတဲ့ သုံးသပ်မှုဟာ အမှန်တရားနဲ့ နီးစပ်မှုရှိမနေဘူးဆိုတာ လက်ခံဖို့လိုတယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးရေးမှာ တရားမျှတမှုကို အခြေခံတဲ့ ညှိနှိုင်းစေ့စပ်မှုပုံစံမျိုးဖြစ်ရေး ဝိုင်းစဉ်းစားပေးဖို့ လိုတာကြောင့် နိုင်ငံတကာအနေနဲ့ ဒီဟာကိုမလုပ်နိုင်ဘူးဆိုရင် မြန်မာ့ပြဿာနာဟာ ပြေလည်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။

“ညှိကြမယ် နှိုင်းကြမယ် တွေ့ဆုံကြမယ်ဆိုတဲ့အချိန်မှာ တရားမျှတမှု အခြေခံတဲ့ ညှိနှိုင်းစေ့စပ်မှုပုံစံမျိုး ဘယ်လိုလုပ်ရမယ်ဆိုတာ ဝိုင်းပြီးစဉ်းစားပေးဖို့လိုတယ်။ အဲဒီဟာတွေကို မလုပ်နိုင်ဘူးဆိုရင် လက်ရှိအခြေအနေက တကယ်လို့ ဖိအားတစ်ခုခုကြောင့်မို့ အခြေအနေခေတ္တရပ်ရင် ရပ်သွားမယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အဓိကအရင်းခံ အခြေခံပြဿနာတော့ ပြေလည်မှာမဟုတ်ဘူး။ တစ်ချိန်ချိန်မှာပြန်ပြီး မီးစတစ်ခုလိုမျိုး ပြန်ပြီးတောက်လောင်လာနိုင်ဖို့ မီးမွှေးထားတဲ့သဘော။ ဒါမှမဟုတ် မီးထဲကို ပြာဖုံးလိုက်တဲ့သဘောပဲ ဖြစ်နေဦးမယ်ဆိုတာ နားလည်ဖို့ လိုတယ်ခင်ဗျ” လို့ ပြောပါတယ်။

တစ်ဘက်မှာ ဗမာလူမျိုးအခြေပြုတဲ့ အစိုးရရဲ့ ခွဲခြားဖိနှိပ်ဆက်ဆံမှုဟာ ကိုလိုနီခေတ်အလွန် ဆက်ရှိခဲ့တဲ့အခြေအနေတွေကြောင့် ရင်ကြားမစေ့နိုင်ခဲ့ကြဘဲ တစ်ဘက်နဲ့တစ်ဘက် နားလည်မှုတည်ဆောက်နိုင်အောင် နိုင်ငံတကာအနေနဲ့ ကြိုးစားပေးဖို့လိုတယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ပေါ်ပေါက်ခဲ့ပြီး စစ်တပ်ခေါင်းဆောင်တွေကလည်း တိုင်းပြည်ချောက်ထဲမကျဖို့အရေး ကယ်တင်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေတ်အဆက်ဆက် အာဏာသိမ်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် တိုင်းပြည်ဟာ ဘက်ပေါင်းစုံဆုတ်ယုတ်မှုတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းကနေ ဒီကနေ့အထိ ရင်ဆိုင်ကြုံတွေ့နေရတာပါ။

အကျိုးဆက်အနေနဲ့ ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးတာ၊ ဘဝများစွာပျက်စီးတာ၊ လူငယ်တွေ အိပ်မက်ပျောက်တာ၊ အိမ်နီးချင်းနိုင်ငံထဲ ဒုက္ခသည်အရေအတွက် တိုးလာတာနဲ့ ပြည်တွင်းမှာလည်း ရွှေ့ပြောင်းရတဲ့စစ်ရှောင်တွေ များပြားလာနေတာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းမှာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တွေ၊ ပြင်းထန်တဲ့ စစ်ဆင်ရေးတွေကြောင့် ဒုက္ခသည် သုံးသန်းခွဲနီးပါးအထိ စံချိန်တင်ခဲ့ရပါတယ်။

ဒီလိုမျိုး ဆိုးရွားတဲ့အခြေအနေအောက်မှာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ မတူညီတဲ့ အင်အားစုနှစ်စုကြား စစ်အာဏာရှင်စနစ်ဖျက်သိမ်းနိုင်အောင် ကိုယ်ထူကိုယ်ထ လုပ်သွားဖို့ပဲရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ဒီအုပ်စုနှစ်စုကြားထဲမှာ ကိုယ့်ဘာသာကို လက်ရှိ စစ်ကောင်စီရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ ခုခံတွန်းလှန်ပြီး စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းနေတဲ့ဖြစ်စဉ်ပါ။ ဒီဟာအတွက် ကုလသမဂ္ဂကလည်း လုံလောက်တဲ့ အရေးယူမှု ဆုံးဖြတ်ချက်တွေမရှိသလို အရေးယူမှု မလုပ်နိုင်ဘူး။ အာဆီယံကလည်း ဒီအတိုင်းပါပဲ။ အဲဒီတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့သဘောထက် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ထူကိုယ်ထ ကိုယ့်လူထုကိုအားကိုးပြီး ရရာလက်နက်နဲ့ စစ်အာဏာရှင်စနစ်ကို မြေမြှုပ်သင်္ဂြိုဟ်တဲ့တိုက်ပွဲကို ဆက်လက်ပြီး ဆင်နွှဲသွားဖို့ နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲခံအောင် တိုက်ပွဲဝင်သွားဖို့ပဲရှိတယ်လို့ ယူဆပါတယ်”လို့ ဆိုပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံဟာ မြန်မာ့အရေးမှာ ကိုယ်ပိုင်နယ်မြေတစ်ခုလိုသဘောထားကာ စွက်ဖက်မှုမျိုးစုံလုပ်နေတဲ့အ‌ပေါ် အနောက်နိုင်ငံတွေက ကန့်ကွက်မှုမရှိတဲ့အပြင် တုံ့ပြန်ဖို့ နည်းလမ်းတွေလည်း မလုပ်ခဲ့ကြဘူးလို့ သူက ဝေဖန်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC ကတော့ မြန်မာနိုင်ငံမှာ အရပ်သား ၆၀၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်လို့ နိုင်ငံတကာရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ အပြောင်းအလဲလုပ်ချိန်တန်ပြီလို့ ဒီဇင်ဘာ ၂ ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကြိုးပမ်းနေတဲ့ တရားဝင်အစိုးရဖြစ်မှုကို ဆန့်ကျင်ကြဖို့နဲ့ လာမယ့်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအစီအစဉ်တွေကိုလည်း လူသိရှင်ကြား ကန့်ကွက်ပယ်ချဖို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

January 6, 2025
အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေရဲ့ ထိန်းချုပ်နယ်မြေနဲ့...
January 3, 2025
တပ်စခန်းတွေနဲ့ စိုးမိုးနယ်မြေတွေ လျော့ကျလာချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး...
January 2, 2025
မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေက စီမံချက်နဲ့ ဖမ်းဆီးပြီးနောက်...
December 23, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်း...