ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင် ရေကြီးမှု ဖြစ်ပွားပြီးနောက် နုံးမြေများ တင်ကျန်ခဲ့မှု မြင့်မားလာခြင်းသည် မြန်မာဘက်ခြမ်းတွင် ရွှေ၊ သတ္တု တူးဖော်မှုများ တိုးမြင့်လာသည့် အကျိုးဆက်ဖြစ်သည်ဟု ထိုင်းအစိုးရ၏ လေ့လာတွေ့ရှိချက်ကို ကိုးကားပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRFက ထုတ်ပြန်ပြောဆိုသည်။
ယခုနှစ် ဩဂုတ် ၁၄ ရက်နေ့တွင် မိုးရွာသွန်းမှုများပြီး မြန်မာဘက်ခြမ်းရှိ တာချီလိတ်မြို့နှင့် ထိုင်းဘက်ရှိ မယ်ဆိုင်မြို့တို့တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါ မြို့များတွင် ယခင်ကရေကြီးမှုများ ဖြစ်ပေါ် ခဲ့ဖူးသော်လည်း ယခုနှစ် ရေကြီးမှုဖြစ်ပွားပြီးနောက် နုံးမြေများစွာ မကြုံစဖူး တင်ကျန်မှုဖြစ်ပေါ်လာသည်။
ယခုလို နုံးမြေတင်ကျန်မှုများ မြင့်မားလာမှုအပေါ် ထိုင်းအစိုးရ သဘာဝအရင်းအမြစ် လေ့လာရေးဌာနက အောက်တိုဘာလအတွင်း လေ့လာမှုပြုလုပ်ပြီး မယ်ဆိုင်မြစ်အထက်ပိုင်းတွင် ရွှေတူးဖော်မှုများ ကြီးကြီးမားမား ပြုလုပ်နေသည့်အတွက်ကြောင့် ဖြစ်သည်ဟု ပြောသည်။
မယ်ဆိုင်မြစ်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ဘက်ရှိ မဲခေါင်မြစ်လက်တက်များထဲမှ တစ်ခုဖြစ်ပြီး ယခုနှစ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ သတ္တုတူးဖော်မှုအကျိုးဆက်ကို အများဆုံးကြုံတွေ့နေသည့် မြစ်တစ်ခု ဖြစ်သည်။
SHRF ပြောရေး ဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က “အဓိက က ရွှေတူးဖော်ရာကနေပြီးတော့မှ နုံးမြေတွေပါ လာတယ်။ ရေတွေကြီးတယ်။ ပြည်သူတွေထိခိုက်တယ်။ နောက်တစ်ခုက ရွှေတွေကိုတူးကြတဲ့အခါမှာ (Chemical)ဓာတုပစ္စည်းတွေကို သုံးရတယ်။ ဒီရေတွေထဲကနေ ပါလာတဲ့ ကယ်မီကယ်တွေကို စိုက်ပျိုး ရေးမှာ သုံးမိမယ်ဆိုရင် ကျန်းမာရေး ထိခိုက်မယ်။ စိုက်ပျိုးမြေတွေ ပျက်စီးမယ်၊ အပင်တွေ မဖြစ်ထွန်း တာတွေ ဖြစ်မယ်။ ဒါကလက်ရှိမှာဖြစ်လည်း ဖြစ်နေတယ်ပေါ့နော်” ဟု ကေအိုင်စီသို့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် မှတ်ချက်ပြု ပြောဆိုသည်။
ထို့အပြင် ရှမ်းပြည်နယ် အရှေ့ဘက်ဒေသများတွင် ရွှေသတ္တုတူးဖော်မှုများမှ စီးဆင်းသွားသည့် ရေများကို သုံးစွဲမိသည့် အမျိုးသမီး ကိုယ်ဝန်ဆောင်များ သားပျက်ကျခြင်းများ ဖြစ်ပွားမှုများရှိသလို အခြားသောကျန်းမာရေး ထိခိုက်မှုများလည်း ဖြစ်ပွားလွယ်လာသည်ကို တွေ့ရသည်ဟု ၎င်းကပြောသည်။
ယခုနှစ်အတွင်း ထိုင်းအစိုးရ၏ လေ့လာမှုများအရ မယ်ဆိုင်မြစ်၏ ရေကြောင်းတစ်လျှောက်တွင် သတ္တုတူးဖော်ခြင်းများ၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့်နုံးများတွင် အာဆင်းနစ်၊ နီကယ်လ်နှင့် ဇင့်ပါဝင်မှု အများဆုံးဖြစ်ပြီး ဇင့်ပါဝင်မှုသည်လည်း သတ်မှတ်ထားသည့် ပမာဏထက် ၁၈ ဆ ပိုများနေသည်ကိုတွေ့ရှိခဲ့သည်ဟု SHRF ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ရွှေတွင်းကြီးများသည် မိုင်းဆတ်မြို့အရှေ့ပိုင်းတွင် ပိုမိုများပြားလာပြီး UWSA လက်အောက်ခံ ဒေသများဖြစ်သည့် မိုင်းကန်းအနီးတစ်ဝိုက်၊ နားယောင်းအနီးတစ်ဝိုက်နှင့် စစ်ကောင်စီလက်အောက်ရှိ မယ်ကြုတ်ရွာများတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်မှစတင်ပြီး ရွှေတူးဖော်ထုတ်လုပ်မှုများကို လက်နက်ကိုင် အဖွဲ့အစည်းများမှ ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း SHRF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ဆက်ပြောသည်။
“အဲ့နေရာတွေမှာ အများဆုံးထိန်းချုပ်နေတာကတော့ UWSA ရယ်၊ လာဟူး ပြည်သူ့စစ်တွေရှိတယ်။ ပြီးတော့ စကစတွေကနေ ပြီးတော့မှ ထိန်းချုပ်ထားတာပေါ့နော်။ ရွှေတြိဂံနယ်မြေနဲ့လည်း ဆက်စပ်ပါတယ်။ ဖော်ပြထားတဲ့ မြစ်တွေက ရွှေတြိဂံနယ်မြေ မရောက်ခင် မြစ်ဖျားတွေဖြစ်ပါတယ်” ဟု သူက ထပ်မံပြောဆိုသည်။
အဆိုပါ မယ်ကြုတ်ဒေသသည် စစ်ကောင်စီနှင့် မဟာမိတ်ဖြစ်သည့် လားဟူလက်နက်ကိုင် ထိန်းချုပ် နယ်မြေအတွင်းတွင်တည်ရှိပြီး ယင်းသတ္တုတူးဖော်ရေးလုပ်ငန်းများ အနီးတွင်လည်း ကင်းစခန်း အများအပြား ချထားသည်ဟု ဒေသတွင်း အခြေအနေသိရှိသူများက ပြောဆိုသည်။
ထို့အပြင် နမ့်ခုတ်မြစ်တွင်လည်း ကျောက်မီးသွေးနှင့် ရွှေထုတ်လုပ်မှုများ မန်ဂန်းနိစ့် ထုတ်လုပ်မှုများကြောင့် လည်းကောင်း၊ အလားတူ နမ့်လင်းမြစ်သည်လည်း ရွှေထုတ်လုပ်မှုများကြောင့်လည်းကောင်း ထိခိုက်မှုများရှိခဲ့သည်ဟု SHRF အဖွဲ့က ပြောဆိုထားသည်။
၎င်းအပြင် နမ့်လင်းမြစ်တစ်လျှောက်ရှိ တောင်ကုန်းများတွင်လည်း ရွှေတူးဖော်မှူများ ဆက်တိုက်မြင့် တက်လျက်ရှိနေပြီး တူးဖော်လျက်ရှိသော ကုမ္ပဏီအများစုမှာ တရားဝင်ခွင့်ပြုချက် ရရှိထားခြင်း မရှိသည့်အပြင် သတ္တုတူးဖော်မှုများမှတဆင့် ထွက်လာသောအဆိပ်အတောက်နှင့်နုံးများမှာ နမ့်လင်းမြစ်တစ်လျှောက်တွင် နေထိုင်သည့် ဒေသခံများ၏ စိုက်ပျိုးရေများကို ညစ်ညမ်းစေပြီး ဒေသခံတို့၏ စိုက်ပျိုးရေးလုပ်ငန်းတွင် အခက်အခဲများ နှင့် မကြာခဏ ကြုံတွေ့နေရကြောင်း SHRF က ပြောသည်။