ထိုင်းတွင် မွေးသည့် မြန်မာကလေးငယ်များ မွေးစာရင်း မှတ်ပုံတင်နိုင်ပြီဟု မြန်မာသံရုံး ထုတ်ပြန်

ထိုင်းတွင် မွေးသည့် မြန်မာကလေးငယ်များ မွေးစာရင်း မှတ်ပုံတင်နိုင်ပြီဟု မြန်မာသံရုံး ထုတ်ပြန်

ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် ကလေးများ၏ မွေးစာရင်းကို မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ နိုဝင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ (၁၀) အရ ကလေးများအတွက် မွေးဖွားခြင်းမှတ်ပုံတင်ရာတွင် ကလေးမွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မြန်မာသံရုံး၊ ဘန်ကောက်မြို့ (သို့မဟုတ်) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တို့တွင် မိဘ (သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင်လာရောက်၍ မှတ်ပုံတင်နိုင်သည်ဟု သံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုသို့ မှတ်ပုံတင်ခြင်းဖြင့် (၁၀) နှစ်ခံ တောင်ပေါ်သားကတ်နှင့် ပုံစံတူသည့် သက်တမ်း(၁၀)နှစ်ရှိ ထိုင်းနိုင်ငံအတွင်း ရေရှည်နေထိုင်ခွင့်ကတ် လျှောက်ထားနိုင်ပြီး သက်တမ်းကုန်ဆုံးသွားလျှင် ပြန်လဲပေးခြင်းဖြင့် ကလေးများ၏ နောင်ရေးအတွက် အခွင့်အရေးနှင့် အကျိုးသက်ရောက်မှု အများအပြားရှိကြောင်း ကိုယ်တိုင်မှတ်ပုံတင်ခဲ့ဖူးသူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားမိခင်တစ်ဦးက ဆိုသည်။

၎င်းက “အဲဒီမှတ်ပုံကတ်နဲ့ ကလေးတွေ ဒီမှာနေရင် သူတို့အတွက်လည်း အခွင့်အရေးများတယ်။ ဟိုမှာက အရင်လို ခေတ်မကောင်းတော့ ပြန်နေဖို့ကလည်း မသေချာဘူး။ ကတ်ရှိထားရင် ကလေးတွေ ကျောင်းတက်ဖို့အတွက်ရယ် နောက်ပိုင်း အလုပ်ဝင်ရင် ကိုယ်တွေလို (၅)နှစ် (၁၀) နှစ်ခံ အလုပ်သမားကတ်ရော၊ ပတ်စ်ပို့ ရော လုပ်စရာမလိုဘဲ အခွင့်အရေး ရတယ်လေ။” ဟု ကေအိုင်စီသို့ ပြောသည်။

မွေးစာရင်းသွင်းပြီးနောက် မှတ်ပုံတင်ကတ်လျှောက်ထားလိုသူများအနေဖြင့် ကလေးအသက်(၅)နှစ်ကျော်ပါက သွားရောက်လျှောက်ထားနိုင်ပြီး ထိုင်းနိုင်ငံတွင် အတန်းပညာသင်ယူမှု ပြီးဆုံး၊ ဘွဲ့ရပြီးပါကလည်း ထိုမှတ်ပုံ တင်ကိုင်ဆောင်ထားသော ကလေးအတွက် ထိုင်းနိုင်ငံသားမှတ်ပုံတင်လျှောက်ထားရနိုင်သည်အထိ အခွင့်အလမ်းများကြောင်း ဖော်ပြပါအမျိုးသမီးက ဆိုသည်။

မွေးစာရင်းမှတ်ပုံတင်လိုသော မြန်မာကလေးငယ်များအနေဖြင့် ကလေးမွေးစာရင်းမိတ္တူ (အင်္ဂလိပ်ဘာသာပြန်) နှင့်အတူ မိဘနှစ်ပါး၏ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူများနှင့် လိုအပ်သော လျှောက်လွှာပုံစံများ ဖြည့်စွက်၍ မှတ်ပုံတင်နိုင်ကြောင်းလည်း သံရုံးက ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ထို့အပြင် မွေးဖွားခြင်းမှတ်ပုံတင်ပြီးပါက ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ရန်လိုအပ်လျှင် မြန်မာနိုင်ငံ ကူးလက်မှတ် (မွေးတိုး) အားထပ်မံလျှောက် ထားနိုင်ပြီး ကိုယ်ရေးလျှောက်လွှာနှင့် ကိုယ်ရေး အချက်အလက်ပုံစံများ (ဓါတ်ပုံကပ်လျက်)၊ ကလေးမွေးစာရင်းမိတ္တူ (ထိုင်း/အင်္ဂလိပ်)နှင့် မိဘ နှစ်ပါး၏ လိုအပ်သည့်စာရွက်စာတမ်းများကိုပါ ပူးတွဲလျှောက်တင်ရမည်ဟု ဆိုသည်။

အဆိုပါ မြန်မာနိုင်ငံကူးလက်မှတ် (မွေးတိုး) လျှောက်ထားလာမှုအပေါ် မြန်မာ သံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့က မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ထံသို့ တင်ပြ၍ ခွင့်ပြုချက် ရယူရမည်ဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်ရန်  ခန့်မှန်းချိန်ကာလ (၄)လခန့် ကြာမြင့်နိုင်ကြောင်းလည်း သိရသည်။

အကယ်၍  မြန်မာနိုင်ငံကူးလက်မှတ် အသစ် (မွေးတိုး) မလျှောက်ထားဘဲ မြန်မာနိုင်ငံသို့ အမြန်ပြန် လည်ခေါ်ဆောင်လိုပါက မည်သူမည်ဝါဖြစ်ကြောင်း တစ်ခါသုံး သက်သေခံလက်မှတ် (One way Certificate of Identity- CI) ကို လျှောက်ထား ရယူနိုင်မည်ဖြစ်ပြီး လိုအပ်သည့် ပုံစံလျှောက်လွှာများကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

photo-Social Media

Most read this week

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 20, 2024
ကယား(ကရင်နီ)ပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်အတွင်းရှိ ဘန်ကောက်စစ်ရှောင်စခန်းကို...