ပြည်မာပြည်အတွင်းက ကလေးသူငယ်များကို စာနာပေးရန် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့တွင် တောင်းဆို

ပြည်မာပြည်အတွင်းက ကလေးသူငယ်များကို စာနာပေးရန် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့တွင် တောင်းဆို
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)

မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို စာနာပေးရန်လိုအပ်ကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့မှာ မြန်မာပြည်သူများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက တောင်းဆိုကြသည်။

အရပ်သားများနေထိုင်ရာကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းများဖြင့် နေ့စဉ်ပစ်ခတ်နေပြီး  အရွယ်မရောက်သေးသည့် ကလေးသူငယ်များ သေဆုံးနေရသဖြင့် လေကြောင်းအန္တရာယ်မှ ကာကွယ်ပေးရန်လိုအပ်ကြောင်း ပြောဆိုကြသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ရခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက “ဒီနေ့ဟာ ကမ္ဘာ့ကလေးသူငယ်များနေ့ ဆိုပေမဲ့ ကလေးတွေရဲ့အခွင့်အရေးကို တောင်းဆိုရလောက်တဲ့အထိ ကလေးတွေမှာ အခွင့်အရေးတွေ ပျောက်ဆုံးနေရတယ်။ အခုချိန်မှာ ကလေးတွေဟာ အခွင့်ရေးလည်းမရှိ၊ အနာဂတ်လည်း ရှိမနေဘူး။ သူတို့မှာ အနာဂတ်ဆိုတာ မတွေးနိုင်ဘဲ ဒီနေ့ဘယ်လိုအသက်ရှင်အောင် ရုန်းကန်ရမလဲ ဆိုတာပဲ စိတ်ထဲ ကိန်းအောင်းနေကြတယ်။ လူကြီးတွေရဲ့ အငြိုးအာဃာတတွေကြားမှာ ကလေးတွေ အများကြီးနစ်နာရတယ် ” ဟု ဆိုသည်။

စစ်ရေးပဋိပက္ခကြားတွင် ကလေးသူငယ်များမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာရှိနေ၍ လူကြီးမိဘများအနေဖြင့် ဂရုတစိုက်ဖြင့် ပြုစုပျိုးထောင်ရန် အရေးကြီးနေကြောင်း ၎င်းကဆက်ပြောသည်။

နိုင်ငံတကာအဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခကြားက ကလေးသူငယ်များသည် ပညာရေးနှင့် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ စသည့်အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေရကြောင်း ဆိုသည်။

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က  “ကမ္ဘာကြီးတစ်ခုကို တည်ဆောက်ရာမှာ ကလေးတိုင်းရဲ့ အတွေးအမြင်တွေဟာ လွန်စွာအရေးကြီးပါတယ်။ ကလေးတွေရဲ့ အသံတွေကတဆင့် စစ်မှန်တဲ့ ပြောင်းလဲမှုတွေဖြစ်အောင် လှုံ့ဆော်ပေးတဲ့ ပတ်ဝန်းကျင်ကို မိမိတို့ အတူတကွ ဖန်တီးနိုင်ပါတယ်။ ကလေးတွေရဲ့အသံတွေ အားကောင်းလာစေရေး၊ အားလုံးအတွက် ပိုမိုတောက်ပတဲ့ အနာဂတ်တစ်ခု ဖန်တီးနိုင်ဖို့အတွက် အတူလက်တွဲ လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်” ဟု ယနေ့ ထုတ်ပြန်ထားသည်။

ပဋိပက္ခများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်မှာပင် ကလေးသူငယ်များသည် ဘေးကင်းလုံခြုံသည့် နေရာ၊ အရည်အသွေးပြည့်ဝသည့် ပညာရေးနှင့် တန်းတူညီမျှသည့် အခွင့်အလမ်းများကို ရှာဖွေနေကြဆဲ ဖြစ်ကြောင်းလည်း USAID က ဆိုသည်။

ရခိုင်ဒေသမှာလည်း တိုက်ပွဲတစ်နှစ်တာအတွင်း ၁၈ နှစ်အောက် ကလေးသူငယ် ၁၃၂ ဦး သေဆုံးပြီး ၄၀၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကလေးငယ်များမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်မှု မြင့်တက်လျက်ရှိကြောင်း လူသားချင်းစာနာ ထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က နိုဝင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

တစ်ဖက်မှာလည်း စစ်ဘေးရှောင်စခန်း၌ နေထိုင်နေရသည့် ကလေးသူငယ်များမှာ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုအပြင် အာဟာရပြတ်လပ်မှုကိုပါ ဆိုးရွားစွာ ကြုံတွေ့နေကြရသည်။

ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက “အစားအသောက်လည်း ပုံမှန်မစားရ၊ ဖြည့်စွက်အစာတွေလည်း မစားရတော့ အာဟာရပြတ်လပ်တဲ့ ကလေးတွေလည်း အများကြီးရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခများကြောင့် ကုန်သွယ်စီးပွားရေးလုပ်ငန်းနှင့် စိုက်ပျိုးထုတ်လုပ်မှုများ ထိခိုက်နေခြင်းနှင့်အတူ ရခိုင်ပြည်သည် လာမည့် ၂၀၂၅ ခုနှစ်တွင် အငတ်ဘေးကျရောက်နိုင်ပြီး လူဦးရေ ၂ သန်းခန့်မှာလည်း အငတ်ဘေးဆိုက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က ဆိုထားသည်။

နိုင်ငံတစ်ဝန်း ကျယ်ပြန်လာနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ ၆ ဒသမ ၆ သန်းအထိ တိုးလာနေပြီး ရှမ်း၊ ကချင်နှင့် ရခိုင်မှာ အများဆုံးဖြစ်ကြောင်း ISP - Myanmar အစီရင်ခံစာအရ သိရသည်။

Most read this week

December 23, 2024
“ရခိုင်ပြည်အတွင်း စစ်ကောင်စီကင်းစင်ရမည်” ဟု ကြွေးကြော်ထားသည့် အာရက္ခတပ်တော် (AA) သည် လက်ရှိတွင်...
December 21, 2024
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျား‌ချောင်းဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု...
December 20, 2024
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် ပြည်ပနှင့် ပြည်မဒေသထုတ် အရက်၊ ဘီယာ...
December 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA...