မြန်မာစီးပွားရေးကုန်သည်တွေနဲ့ မိသားစုဝင်တွေကို ခြောက်လနေထိုင်ခွင့်ဗီဇာ တရုတ်ခွင့်ပြု

မြန်မာစီးပွားရေးကုန်သည်တွေနဲ့ မိသားစုဝင်တွေကို ခြောက်လနေထိုင်ခွင့်ဗီဇာ တရုတ်ခွင့်ပြု

မြန်မာနိုင်ငံက စီးပွားရေးကုန်သည်တွေနဲ့ သူတို့ရဲ့ အိမ်ထောင်ဖက်တွေအပါအဝင် သားသမီးတွေကိုခြောက်လအထိ နေထိုင်ခွင့်ဗီဇာကို နိုဝင်ဘာ ၁၈ ရက်နေ့ကစပြီး တရုတ်နိုင်ငံက ခွင့်ပြုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာပါတယ်။

ခွင့်ပြုပေးတဲ့ ဗီဇာဟာ ၅ နှစ်အတွင်း တရုတ်နိုင်ငံကို အကြိမ်ပေါင်းများစွာလာရောက်နိုင်တဲ့ သက်တမ်းအကြာဆုံး (Multiple Entry) အမျိုးအစားဖြစ်သလို လန်ချန်း-မဲခေါင်ဗီဇာဖြစ်တဲ့အတွက် ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့လည်း ပါဝင်ပါတယ်။

တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော်က တရုတ်အနေနဲ့ မဲခေါင်ဒေသတွင်း နိုင်ငံတွေကို ဗီဇာခွင့်ပြုတာဟာ စီးပွားရေးပြန်တက်အောင်လုပ်တာလို့ သံလွင်တိုင်းမ် ကို ပြောပါတယ်။

“သူက Tourism ခရီးသွားကဏ္ဍအတွက် ပိုပြီးတော့ လူများများလာအောင်လို့ပေါ့ဗျာ။ သူ့စီးပွားရေးပြန်တက်အောင် လုပ်တဲ့နေရာမှာ အဲဒါ ပေါ်လစီတစ်အခုအနေနဲ့ ချနေတာကြာပြီ။ နွေဝင်လာကတည်းက လုပ်နေတာပဲ” လို့ ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းမှု ထိပ်သီးအစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်းက မဲခေါင်မြစ် ၅ နိုင်ငံအတွက် လန်ချန်း-မဲခေါင်ဗီဇာ ထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောကြားထားတာပါ။

ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေနဲ့ စီးပွားရေးအပြန်အလှန်အကျိုးပြုတဲ့ အားသာချက်ကို အသုံးချပြီး ကဏ္ဍပေါင်းစုံမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထပ်ဆင့်နက်ရှိုင်းအောင် ဦးဆောင်သွားရမယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မြန်မာစီးပွားရေးသမားတွေကို တရုတ်က လာရောက်နေထိုင်ခွင့်ပြုပေမယ့် နယ်စပ်တွေ ပိတ်ထားတာကြောင့် စီးပွားရေးတိုးတက်လာစရာမရှိဘူးလို့ သုံးသပ်ပါတယ်။

“တရုတ်ပြည်မှာ လာရောက်နေထိုင်ခွင့် အလုပ်လုပ်ခွင့်ဘာညာတွေ ပေးတဲ့အတွက်တော့ စီးပွားရေးက ဖွံ့ဖြိုးမလာပါဘူး။ ဘာကြောင့်လဲဆို နယ်စပ်တွေအားလုံးက သူကလည်းပိတ်ပြီးတော့ စီးပွားရေးအရ ဖြတ် ၅ ဖြတ် လုပ်နေတဲ့အချိန်ဖြစ်တဲ့အတွက် စီးပွားရေးက ပိုပြီးကျလာစရာရှိတယ်။ ပိုပြီး တိုးတက်လာစရာမရှိဘူးလို့ သုံးသပ်ပါတယ်”လို့ ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ် ကချင်နဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်အစိုးရဘက်က ပိတ်ဆို့ထားတာပါ။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေဟာ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိရမှာဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ တရုတ်ဝန်ကြီးချုပ်က စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

တစ်ဘက်မှာ မြန်မာက ရှေးဟောင်းယဉ်ကျေးမှု ပုဂံမြို့နဲ့တရုတ်က လဲ့ရှန်းမြို့တို့ကြား ချစ်ကြည်ရေးမြို့တော်တည်ထောင်ဖို့ နားလည်မှုစာချွန်လွှာကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

နားလည်မှုစာချွန်လွှာအရ အဲဒီမြို့နှစ်မြို့အကြားယဉ်ကျေးမှုအပါအဝင် ခရီးသွားကဏ္ဍနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွေမှာ ပူးပေါင်းဖလှယ်မှုတွေ ပြုလုပ်နိုင်ဖို့ အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

December 21, 2024
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ဒေသခံ ၈ ဦးကို ဖမ်းဆီးပြီး စစ်ကောင်စီက ငွေညှစ်နေတယ်လို့ ဒေသခံတွေက...
December 19, 2024
မွန်ပြည်နယ်ရှိ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အချက်အလက်တွေကို...
December 18, 2024
စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေရဲ့ ဘုံရန်သူ စစ်ကောင်စီတပ်ဟာ စစ်ရေးအကြပ် ဆိုက်လာချိန်တိုင်း...
December 18, 2024
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ်...