အရှိုချင်းလူထု ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နယ်မြေရရှိရေး လုပ်ဆောင်မည်ဟု ACDF ဆို

အရှိုချင်းလူထု ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နယ်မြေရရှိရေး လုပ်ဆောင်မည်ဟု ACDF ဆို

မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေရရှိရေးအတွက် သက်ဆိုင်ရာ လူထုနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဟု သိရသည်။

အရှိုချင်းကာကွယ်ရေးတပ် – ACDF တည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်သည့် နိုဝင်ဘာလ ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော သဘောထားထုတ်ပြန်ချက်တွင် ထိုကဲ့သို့ဖော်ပြထားခြင်း ဖြစ်သည်။

“ကျနော်တို့ အရှိုချင်းတွေဟာ မတူညီတဲ့ နေရာဒေသတွေမှာ နေကြတယ်။ အဲဒီအတွက် ကျနော်တို့အတွက် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးပေါ့နော။ လူနည်းစုဖြစ်တဲ့ မျိုးနွယ်စုလည်းဖြစ်တဲ့ ကျနော်တို့အတွက် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေး၊ ပြီးတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ့။ မတူညီတဲ့ နေရာတွေမှာ အရှိုချင်းတွေ နေရင်တောင်မှ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရမယ်လို့ ဆိုလိုတာပါ” ဟု ACDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးနှင့်အတူ အရှိုချင်းပြည်သူလူထု၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် သက်ဆိုင်ရာ လူထုနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု သိရသည်။

ACDF ၏ အမျိုးသားနိုင်ငံရေး မျှော်မှန်းချက် ၄ ချက်တွင် အရှိုချင်း တိုင်းရင်းသား လူမျိုးများ၏ ကိုယ့်ကြမ္မာကို ဖန်တီးရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေ ရရှိရေး၊ ခေတ်အဆက်ဆက် အရှိုချင်းဘိုးဘေးများ တည်ဆောက်နိုင်ခြင်းမရှိသော “အရှိုချင်း အမျိုးသားနိုင်ငံရေးကို ၂၁ ရာစု မြန်မာနိုင်ငံရေး အခင်းအကျင်းပေါ်တွင် တည်ဆောက်ရေး" တို့ဖြစ်သည်။

လူနည်းစု တိုင်းရင်းသားများ၏ အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုင်းရင်းသား EAOsများနှင့် နိုင်ငံရေး မျှော်မှန်းချက် တူညီသော ဒေသတော်လှန်ရေးအင်အားစုများနှင့် လက်တွဲရေးတို့လည်း မျှော်မှန်းချက်တွင် ပါဝင်သည်။

“ကျနော်တို့က ဒီနေရာဒေသမရွေးမှာ တိုက်ပွဲတွေမှာ ဝင်တိုက်ခဲ့တယ်။ ထုတ်ပြန်ချက်တွေမှာလည်း ရှိတယ်။ တချို့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ကျင့်ဝတ်အရ ပြောပြလို့မရတာတွေလည်း ရှိတယ်။ လွန်ခဲ့တဲ့ ၄ ရက်လည်း ဗီဒီယိုထုတ်ပြန်ထားတာ ရှိတယ်။ စခန်းသိမ်း၊ မြို့သိမ်း အတွေ့အကြုံ ယူနေတဲ့ ကျနော်တို့ ရဲဘော်တွေ တပ်ရင်းကို ပြန်လည်ရောက်ရှိလာပြီး” ဟု ACDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အခြေခံစစ်ပညာသင်ယူပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲနှင့် စစ်ရေးအတွေ့အကြုံ သွားယူနေသောတပ်သားတချို့ တပ်ရင်းသို့ ပြန်လည်ရောက် ရှိလာပြီဖြစ်ကြောင်း ACDF က နိုဝင်ဘာလ ၁၂ ရက်က ထုတ်ပြန်ထားသည်။

မည်သည့် EAOs အဖွဲ့ထံတွင် သွားရောက်လေ့လာသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ACDF တပ်ဖွဲ့ဝင် ဆယ်ဂဏန်းခန့် ပြန်လာသည်ကို ရုပ်သံမှတ်တမ်းအရ တွေ့ရသည်။

ACDF သည် စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်လာခဲ့သည်မှာ ၃ နှစ်ပြည့်မြောက်ပြီးဖြစ်ပြီး ဒေသအစုံက မဟာအဖွဲ့များနှင့် တိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း ၂၅ ကြိမ်ထက်မနည်း ဆင်နွှဲထားကြောင်း သိရသည်။

တိုင်းရင်းသား EAOs အဖွဲ့နှင့် ပြည်သူလူထုများ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့များ၏ ဝန်းရံထောက်ပံ့ ကူညီမှုအတွက်ကျေးဇူးတင်ရှိသည်ဟု ACDF က ထုတ်ပြန်သည်။

အရှိုချင်းဒေသများတွင် အရှိုချင်းလူထုနှင့်ဖြစ်စေ၊ သက်ဆိုင်ရာအဖွဲစည်းများနှင့်ဖြစ်စေ ပူးပေါင်း၍ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဏများကို ဖော်ဆောင်သွားမည်ဟု သိရသည်။

“ပြည်သူ့လူထုနဲ့ အုပ်ချုပ်ရေး ယန္တရားတွေလည်း ကျနော်တို့ လုပ်နေတာရှိသလို ပညာရေးက စစ်ရှောင်တွေမှာ အကောင်အထည်ဖော်နေတာလည်း ရှိတယ်။ ကျန်းမာရေးကိုလည်း လက်လှမ်းမီသလောက် ဖော်ဆောင်နေတာ ရှိပါတယ်။ ဒါက လက်ရှိကာလလုပ်နေတာပေါ့။ ရှေ့ဆက်လည်းလုပ်စရာတွေရှိတယ်” ဟု ACDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တိုင်းရင်းသားပြည်သူလူထု၏ အသက်အိမ်းအိမ်စည်းစိမ်းကို တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်သွားမည်ဟု ACDF က ဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ထွန်းရေးအတွက် “ချစ်ခြင်းမေတ္တာ၊ ဥာဏ် ပညာနှင့် သစ္စာတရားကို လက်ကိုင်ထားပြီး ဖော်ဆောင်သွားမည်ဟု ACDF တည်ထောင်ခြင်း ၃ ပြည့်တွင် ထုတ်ပြန်သည်။

ACDF တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားတွင် ဗဟိုကော်မတီဝင်များ တက်ရောက်ပြီး ဥက္ကဌ၊ စစ်ဦးစီးချုပ်၊ ဗဟိုကော်မတီက မိန့်ခွန်းပြောကြားပြီး မဟာမိတ်အဖွဲ့အစည်းတချို့ တက်ရောက်ကြောင်း သိရသည်။

မကွေးတိုင်းတွင် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့ ရှိပြီး Asho Chin Defence Force – ACDF နှင့် Chin Defence Force – Asho ဟူ၍ ဖြစ်သည်။

December 20, 2024
ချင်းညီနောင်စစ်ဆင်ရေးများအဖြစ် ဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင်...
December 12, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည့်...
December 11, 2024
ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းထားသည့် ဟားခါးမြို့အနီးက Kiamtlang စခန်းကုန်းကို စစ်ကောင်စီက...
December 4, 2024
ချင်းညီနောင်၏ မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တွင် တိုက်ပွဲများ...