မြစ်ကြီးနား-ကံပိုင်တည်လမ်းပိုင်း အကန့်အသတ်ဖြင့်ပြန်ဖွင့်

မြစ်ကြီးနား-ကံပိုင်တည်လမ်းပိုင်း အကန့်အသတ်ဖြင့်ပြန်ဖွင့်
ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း

ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က ပြန်ဖွင့်ပေးလိုက်ပြီလို့ ကားသမားတွေပြောပါတယ်။

စစ်ရေးအခြေနေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကနေ အောက်တိုဘာလ ၁၉ ရက်နေ့ထိ ပိတ်ထားတဲ့ မြစ်ကြီးနား-ကန်ပိုင်တည်လမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့ ပြန်ဖွင့်ပေးလိုက်ပေမယ့် စစ်ကောင်စီတပ်ဘက်က ခရီးသည်သွားလာခွင့်၊ စက်သုံးဆီကားဖြတ်ခွင့်မပြုပဲ ကန့်သတ်ထားတယ်လို့ မြစ်ကြီးနား- ကံပိုင်တည် ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။

''ကံပိုင်တည်က ပြန်ဖွင့်ပေမယ့် လူမရပါဘူးကွာ။ ကားပေါ်မှာ ကားသမားနဲ့စပယ်ယာပဲ လူနှစ်ယောက်ထက်ပိုမပါရဘူး ။ခရီးသည်ပါရင် ဗလမင်းထင်နဲ့ ဝိုင်းမော်ကနေလှည့်ပြန်ခိုင်းတယ်”လို့ အသက် ၃၀ ကျော်အရွယ် ကားသမားအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနား-ဝိုင်းမော်ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားမှာ စစ်ဆေးမေးမြန်းနေပြီး ကံပိုင်တည်ဘက် တက်တဲ့ခရီးသည်ကားတွေကို ခရီးသည်တင်ခွင့် ကန့်သတ်နေတာလို့ သိရပါတယ်။

ဒါ့အပြင် ကံပိုင်တည်မြို့မှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေကလည်း ကံပိုင်တည်ကနေ ထွက်ခွာမယ့် ခရီးသည်နဲ့စက်သုံးဆီတင်ကား၊ ကုန်ကားကြီးတွေကို တားမြစ်ထားပြီ လူသုံးကုန်ပစ္စည်းတစ်ချို့ကိုသာ ကားအသေးနဲ့တင်ခွင့်ပြုနေတယ်လို့လည်း နောက်ထပ်ကားသမားတစ်ဦးက အခုလို ဆက်ပြောပါတယ်။

''အခုက ဘယ်လိုကားတွေသွားလဲဆိုတော့ ကားသေးလေးတွေပါ။ Alphard တို့လို ကားတွေသွားတယ် ဆပ်ပြာမုန့်တို့၊ သွားတိုက်ဆေး၊ ဆပ်ပြာတို့ အချိုရှည်တို့လောက်ပဲ တင်ခိုင်းတာ လူသုံးကုန်လောက်ပဲ။ ဒါတောင်ကားကြီးနဲ့ မရဘူး''လို့ ပြောပါတယ်။

မြစ်ကြီးနား- ကံပိုင်တည်လမ်းပိုင်း ပြန်ဖွင့်ပေးလိုက်တဲ့အတွက် မြစ်ကြီးနားမှာ တရုတ်ဘက်ကဝင်တဲ့ လူသုံးကုန်ပစ္စည်း အနည်းငယ်စျေးပြန်ကျလာတယ်လို့ မြစ်ကြီးနားဒေသခံတွေ ပြောပါတယ်။

သို့သော် စက်သုံးဆီကန့်သတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၉၀၀၀ (ကိုးထောင်) နဲ့၁၀၀၀၀ (တစ်သောင်း)  ကြားမှာ ရှိနေတယ်လို့ သိရပါတယ်။

လတ်တလော မြစ်ကြီးနား- ကံပိုင်တည်လမ်းပိုင်းကို မြစ်ကြီးနားကနေ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာအထိ စစ်ကောင်စီတပ်ထိန်းချုပ်ထားပြီး ဝူယန်အထက် ကျေးရွာဖြစ်တဲ့ လမြန်ကနေ ဝါရှောင်- ဆဒုံး- စင်ကြိုင်ရွာအကျော် ကံပိုင်တည်မြို့အနီးဆုံးအထိ KIA ပူးပေါင်းတပ်ဖွဲ့ထိန်းချုပ်ထားကာ ကံပိုင်တည်မြို့ကိုတော့ စစ်တပ်ဘက်က ထိန်းချုပ်ထားပါတယ်။

စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကံပိုင်တည်ဂိတ်မှာ လက်ရှိစစ်ကောင်စီတပ်ဖွဲ့နဲ့ ဦးဇခုန်တိန့်ယိန့် နယ်ခြားစောင့်တပ်ဖွဲ့အများအပြား တပ်ထိုင်ထားတာလည်းဖြစ်ပြီး လမ်းပိုင်းကိုတော့ နှစ်ဖက်တပ် ထိန်းချုပ်ထားပါတယ်။

မြန်မာ-တရုတ်နယ်နိမိတ်ချင်းဆက်မှာရှိနေတဲ့ ကချင်အထူးဒေသ (၁) ရဲ့မြို့တော်ပန်ဝါမြို့ကို KIAနဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ရုတ်တရက်ပိတ်လိုက်ပေမယ့် စစ်ကောင်စီတပ်ရှိနေသေးတဲ့ ကံပိုင်တည်ဂိတ်တစ်ခုသာ ဖွင့်ပေးထားတာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း “ကန်ပိုက်တီမြို့”ကို “ကံပိုင်တည်” မြို့ဆိုပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်က နာမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

ကန်ပိုက်တီဆိုတဲ့ နာမည်ဟာ တရုတ်လို ခြောက်သွေ့ပျက်စီးတဲ့နေရာလို့ အဓိပ္ပါယ်ဖြစ်တာကြောင့် နိမိတ်မကောင်းဘူးလို့ဆိုကာ ကံပိုင်တည်ဆိုပြီး ပြောင်းလဲလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ထားပါတယ်။

ကံပိုင်တည်မြို့ဟာ ဆဒုံးမြို့နဲ့ မိုင် ၂၀ အကွာမှာရှိပြီး မြစ်ကြီးနားမြို့နဲ့ မိုင် ၈၀ ဝန်းကျင်အကွာမှာရှိတာလည်း ဖြစ်ပါတယ်။

December 21, 2024
“ကျနော်တို့ လစ်လျူရှုခံရတာက မြင်သာနေတာပဲ၊ အောက်ခြေ ပြည်သူလူထုရဲ့ သဘောထားပါ မထင်ဟပ်ကြတော့ဘူး...
December 18, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ...
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူများ (Crd- မွန်မြတ်စေတနာအသင်း)
December 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းခါးကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၃...
ပုံစာ - ဒီဇင်ဘာလ ၅ ရက်နေ့ ကိုးကန့်တပ်ကို သွားရောက်ဆန္ဒပြတဲ့ အမျိုးသမီးအဖွဲ့နဲ့ ဒေသခံများ။
December 12, 2024
ရှမ်းမြောက် (ကြူကုတ်) ပန်ဆိုင်းမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိန်းပြုကျင့်သည့်...