တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက် သည်ဟု မူဆယ်ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့အထိ မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်ကို တရုတ်ဘက်က ပိတ်ထားပြီး မန်ဝိန်းဂိတ်ကို မြန်မာ ဘက်ကပိတ်ထားသည်ဟု မူဆယ် ဒေသခံ တစ်ဦးက ပြောသည်။
“ဒီ ၁၁ ရက်နေ့ မနက် ၈ နာရီကနေစပြီး သူက အဲ့ဒီဟာတွေကို အဲ့ဒီဆင်ဖြူနယ်စပ်အပေါက်ကနေ ထွက်ခွင့် မပေးတော့ဘူး။ မပေးတော့ မန်ဝိန်းဂိတ်ကနေ ထွက်ခိုင်းတာ ဒါပေမယ့် မန်ဝိန်းက ထွက်မယ်ဆိုလို့ရှိရင် သူက ဒီတရားဝင် အကောက်ခွန်ကို စာရင်းတင်ရမယ် အကောက်ခွန်ကို ကိုယ်သယ်မဲ့ပစ္စည်းတွေ ဘာတွေ အဲဒီမှာတင်ပြပြီးမှ အဲဒီက ခွင့်ပြုမှ သယ်ထုတ်ခွင့်ရှိတာ ကိုယ်ကအဲ့လိုလုပ်ဖို့ဟာအတွက် ညှိတယ်လို့ ကြားတယ်လို့ ကြားတယ်။”
နှစ်နိုင်ငံ အာဏာပိုင်များက ကုန်ပစ္စည်းသယ်ယူမှုနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရာကနေ အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုကြ သည်။
“အခုဟာ ဒီတရုတ်ဖက်က မန်ဝိန်းဂိတ်ဖက်ကနေ ထွက်ခွင့်ပေးပေမဲ့ အဲဒီလို ညှိတဲ့အခါ ဗမာ မူဆယ်ဘက်ကနေ ပြီး ဒီစစ်ကောင်စီအုပ်ချုပ်တဲ့ အကောက်ခွန်တို့ ဒီဌာနဆိုင်ရာတွေကပေးမဝင်ပြန်ဘူးတဲ့ အဲဒါ အခု နောက်ဆုံး ကြားတာကတော့ သံဆူးကြိုးတောင် ကာထားတယ်ကြားတယ်။ အဲ့လိုဖြစ်တာ။ အဲလိုဖြစ်တော့ အခု ဟာက ကုန်သယ်တွေက ဒီကုန်ပစ္စည်းတွေကို ဘယ်ကမှ ထွက်လို့မရဘူး ဖြစ်နေတယ်။”
ကုန်ပစ္စည်းသယ်ယူခွင့်နှင့် ပတ်သက်၍ ညှိနှိုင်းမှု ပြုလုပ်ရာတွင် နှစ်နိုင်ငံအာဏာပိုင်တို့ကြား အဆင်မပြေမှုကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းနှင့် ပတ်သက်၍လည်း မူဆယ်မြို့က ကုန်သည်တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“မြန်မာအာဏာပိုင်တွေနဲ့ နီးစပ်သူတွေ ပြောတာကတော့ သူတို့က အခြေအတင် ငြင်းခုန်ခဲ့ကြတယ်လို့ပြောတယ်။ ဆွေးနွေးပွဲလုပ်တဲ့အခါမှာ ဒီဂိတ်ပြဿနာတွေ ဖြေရှင်းဖို့ မြန်မာအာဏာပိုင်တွေဘက်ကတော့ ဆင်ဖြူပေါက်ကနေ ကုန်ပစ္စည်းတွေ ခါတိုင်းလို သယ်ယူခွင့်ပေးဖို့ ကြိုးစားပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆင်ဖြူ ဂိတ်ပေါက် ရောက်ပြီဆိုလို့ရှိရင် သူတို့ ဌာနဆိုင်ရာတွေရှိတယ်။ လဝက မြို့နယ်၊ ထွေအုပ် မြို့နယ် ထွေအုပ် ရဲ ဌာနပေါင်းစုံ ၇ ခုလောက်ရှိတယ်လို့ ပြောတယ်။ အဲဒီ ကုန်သယ်တွေ ပြောတာကတော့ သူတို့ကိုပေးရတာလေ။ မန်ဝိန်းပေါက်ကနေ အဲ့လိုတရားဝင် ကုန်ပစ္စည်းတွေ တင်သွင်းမှု အဲ့လိုလုပ်လို့ရှိရင် သူတို့က အဲဒီလို များများ စားစား ပိုက်ဆံရနိုင်တဲ့ ငွေဝင်လမ်းနည်းသွားတယ်လို့လည်း ပြောတယ်။ အဲ့ဒါကြောင့် သူတို့ အခက်အခဲ ဖြစ်နေတယ်။”
ကုန်ပစ္စည်း သယ်ယူခွင့်ကို ပိတ်ထားလိုက်သော်လည်း လူအဝင်အထွက်ကိုမူ ဆက်လက်ခွင့်ပြုထားသေးသည် ဟု မူဆယ်ဒေသခံများက ပြောသည်။ မူဆယ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ တစ်ဆင့် ကုန်ပစ္စည်းသယ်ယူမှုနှင့် ပတ်သက်၍ တရုတ်အာဏာပိုင် ဘက်က နိုဝင်ဘာလ ၉ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
တရားဝင်လမ်းကြောင်းဖြစ်သည့် ကျယ်ဂေါင်-မန့်ဝိန်းဂိတ်ကနေ ကုန်စည် သယ် ယူမှုတို့ကို ခွင့်ပြုသွားမှာဖြစ်ပြီး ဆိုင်ကယ်၊ လက်တွန်းလှည်း၊ စက်ဘီး၊ လုပ်ငန်းသုံး မဟုတ်သည့် ခရီးသည်တင်ကား စသည့် ယာဉ်များနှင့် တနိုင်တပိုင် ကုန်စည်သယ်ယူနေကြသည့် တရားမဝင်လမ်းကြောင်း အသုံးပြုခွင့်ကို ပိတ်လိုက်သည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် ၂ ရက်အကြာ နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်၍ နှစ်နိုင်ငံ အာဏာပိုင်များက နယ်စပ် ကုန်သွယ်ရေးဂိတ်များကို ပိတ်လိုက်ခြင်းဖြစ်သည်။