မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်မြောက်ရေးတပ် KIA နှင့် PDF တို့ ပူးပေါင်းသိမ်းပိုက်လိုက်ပြီးနောက် အုပ်ချုပ်ရေးယန္တရားတွေကို လည်ပတ်နေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ဆင်ဘိုမြို့အုပ်ချုပ်ရေးကဏ္ဍအနေနဲ့ KIA ရဲ့ မြို့အုပ်ချုပ်ရေးမှူးထားရှိထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ယခင်စစ်ကောင်စီလက်အောက်က အုပ်ချုပ်ရေးမှူးတွေကိုသာ ဆက်လက်ခန့်အပ်ထားတာဖြစ်တယ်လို့ မြို့ခံရပ်မိရပ်ဖတွေဆီကနေ သိရပါတယ်။
အုပ်ချုပ်ရေးကို ဩဂုတ်လကတည်းက စတင်ခဲ့တာဖြစ်ပြီးနောက် စာသင်ကျောင်းတွေကိုလည်း ဒေသခံ ဆရာ/မ ၊ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ဆရာ/မတွေနဲ့ ပြန်လည်ဖွင့်လှစ်နေတာလည်း ဖြစ်ပါတယ်။
ဆင်ဘိုမြို့နယ်မှာ အုပ်ချုပ်ရေးအပြင် ကူးလူးသွားလာရေး ၊ ကုန်သွယ်ရေးအတွက်တွေကိုလည်း အခွန်ငွေကြေးပေးဆောင်ပြီး လုပ်ဆောင်လို့ရနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ဆင်ဘိုမြို့မှ ရပ်မိရပ်ဖမများအပါအဝင် ကျေးရွာတချို့မှ ရပ်မိရဖ (၃၀) ကျော်ဟာ KIA ရဲ့အခွန်ဌာနမှာ အခွန်ငွေကြေးကောက်ခံနိုင်ရေး သင်တန်းတွေ သွားရောက်တက်ခဲ့ရတယ်လို့ သိရပါတယ်။
“ အစည်းအဝေးတွေ ၊ သင်တန်းတွေ သူတို့ဆီ ရပ်မိရပ်ဖတွေ သင်တန်းသွားတာ လူဦးရေပေါင်း ၃၀ ကျော်လို့ပြောတယ် သူတို့ကောက်ဖို့။ လောလော ဆယ်တော့ တချို့တဝက်တွေပဲကောက်သေးတယ်။ ထွန်စက်တို့ ၊ ဘာတို့ ၊ အခင်းတို့က အခုမှ စတာဆိုတော့ မကောက်သေးဘူး၊ အခင်းကတော့ ကောက်ဖို့ထဲပါတယ်။ လောလောဆယ်တော့ မကောက်သေးဘူး။ ကောက်မယ့်အမျိုးအစားက သုံးဆယ်ကျော်တယ်ပါဆို အစည်းအဝေးသွားခဲ့တဲ့သူပြောတာ ” ဟု ဆင်ဘိုမြို့ခံ ရပ်မိရပ်ဖတစ်ဦးက ပြောပြပါတယ်။
လက်ရှိ ဆင်ဘိုမြို့ခံတွေအတွက် စက်လှေတစ်စီး ကျပ်နှစ်သောင်း ၊ လယ်/ အခင်း တစ်ဧက ငါးသောင်းကျပ် ပေးဆောင်ရမှာဖြစ်ပြီး ဆင်ဘိုမြို့ခံမဟုတ်သူတွေကိုတော့ တခြားစျေးနှုန်းနဲ့ ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဆင်ဘိုမြို့ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်းက KIA+PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပေမယ့် စစ်ကောင်စီရဲ့ တပ်စခန်းကို ဧပြီလ ၂၉ ရက်နေ့ကမှ ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
KIA သိမ်းပိုက်ထားတဲ့ ဆင်ဘိုမြို့ဟာ ၂၀၀၂ ခုနှစ်မှာ မြို့အဖြစ်သတ်မှတ်ခံရပြီး ဧရာဝတီမြစ် ပထမမြစ်ကျဉ်းနဲ့ ၁၄ မိုင်အကွာမှာရှိပြီး ရှမ်းနီလူမျိုးအများဆုံးနေထိုင်တဲ့မြို့တစ်ခုလည်း ဖြစ်ပါတယ်။