နောင်မွန်မြို့မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ်တစ်ထောင်အထိ စံချိန်တင်စျေးမြင့်တက်

နောင်မွန်မြို့မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ်တစ်ထောင်အထိ စံချိန်တင်စျေးမြင့်တက်

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ် ၁၀၀၀ (တစ်ထောင်) အထိ စံချိန်တင်စျေးမြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပူတာအိုမြို့နဲ့ မိုင် ၆၀ ဝန်းကျင်သာဝေးတဲ့ နောင်မွန်မြို့မှာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု၊ စက်သုံးဆီစျေးမြင့်တက်မှုတွေကြောင့် တန်ဆာခ ဂျက်ဖာအသေးတစ်ဖာ ၅၀၀၀၀ (ငါးသောင်း) အထိ ပေးဆောင်ရတာကြောင့် နောင်မွန်မြို့ပေါ်မှာ အခြေခံစားသောက်ကုန်စျေးနှုန်း စံချိန်တင်မြင့်တက်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

''တန်ဆာခ အရမ်းစျေးကြီးလို့တဲ့ ကုန်စျေးနှုန်းကတော့ မကြုံစဖူးပဲ သဇင်မုန့်တစ်ထုပ်တောင် ၈၀၀၀ (ရှစ်ထောင်)ပေးပြီး ဝယ်စားနေရတယ်။ ခရမ်းချဥ်သီးက တစ်လုံးကိုတစ်ထောင် နောက်ဆို တစ်လုံးနှစ်ထောင်တောင် ဖြစ်လာမလားပဲ။ ဂျက်ဖာအသေးငါးသောင်း တန်ဆာခစျေးကြီးတယ်"လို့ နောင်မွန်မြို့အမှတ် ၂ ရပ်ကွက်နေ အမျိုးသမီးတစ်ဦး ပြောပါတယ်။

လတ်တလော နောင်မွန်မြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်ပိသာ ကျပ် ၃၅၀၀၀ (သုံးသောင်းငါးထောင်)၊ ကြက်သွန်ဖြူတစ်ပိသာ ကျပ် ၃၀၀၀၀ (သုံးသောင်း)  ၊ကြက်သွန်နီတစ်ပိသာကျပ်၀ ၁၅၀၀၀ (တစ်သောင်းငါးထောင်) ၊ ကြက်ဥတစ်လုံးကျပ် ၁၀၀၀(တစ်ထောင်) ၊ ဆန်တစ်အိတ်ကျပ် ၂၇၀၀၀၀ (နှစ်သောင်းခုနစ်ထောင်) စသဖြင့် ပေးဝယ်နေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

နောင်မွန်မြို့မှာ ကုန်စျေးအဆမတန်မြင့်တက်နေတာ ၅ လဝန်းကျင် ကြာမြင့်လာပြီး ခုလိုကုန်စျေးနှုန်းမြင့်တက်လာတာဟာ မြစ်ကြီးနား- ပူတာအိုကနေ အဆင့်ဆင့်သယ်ယူနေရတဲ့အခက်အခဲအပြင် လမ်းခရီးပိုင်းကြန့်ကြာမှု၊ တန်ဆာခမြင့်တက်မှု၊ ပြည်သူ့စစ်တပ်နဲ့ KIA တပ်တွေရဲ့ စစ်ဆေးရေးဂိတ်မှာ ဂိတ်ကြေးပေးဆောင်မှုတွေကြောင့် ဖြစ်တယ်လို့ နောင်မွန်မြို့ခံ စျေးသည်တစ်ဦးက ပြောပါတယ်။

''နောင်မွန်နဲ့ပူတာအိုက မိုင် ၆၀ ကျော်ပဲဝေးတာလေး၊ လမ်းကောင်းရင် နေ့တဝက်ပဲ အခုကလမ်းမကောင်းတာတစ်ကြောင်း ဆီစျေးကြီးတာကတစ်ကြောင်း။ ပြီးတော့ ပူတာအို- မြစ်ကြီးနားနဲ့ ပူတာအို- နောင်မွန်လမ်းပိုင်းကလည်းခက်တော့ ကုန်ကားကြီးတွေလည်းမတက်လာနိုင် ကားသေးလေးတွေလည်းခက်ခက်ခဲခဲတက်နေရတယ်။ တစ်ဖက်မှာ ဂိတ်ကြေးတွေကလည်း ပေးရသေးတယ်လေ။ အဲတော့ ရောင်းတဲ့သူလည်းစျေးတင်ရောင်းရတာ''လို့ စျေးသည်အမျိုးသမီးတစ်ဦးကပြောပါတယ်။

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း ပြီးခဲ့တဲ့ဇူလိုင်လ မိုးသည်းထန်စွာရွာပြီးနောက် လမ်းပိုင်းပျက်စီးပြီးနောက် ကားလမ်းပိုင်းရာနှုန်းပြည့် ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားကြီးဝင်ခွင့်မရသေးဘဲ ကုန်ကားအသေးတွေနဲ့သာ သယ်ယူနေရပြီး  လမ်းပိုင်းအကောက်အခွန်များတာ၊ တန်ဆာခများတာတွေကြောင့် ပူတာအိုမြို့ပေါ်မှာလည်းကုန်စျေးအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။

အလားတူဘဲ ကချင်ပြည်နယ်ထဲကို အဓိက အခြေခံစားသောက်ကုန်ဝင်တဲ့လမ်းကြောင်းတွေဖြစ်တဲ့ မြစ်ကြီးနား- မန္တလေးလမ်းပိုင်းလည်း ပြီးခဲ့တဲ့ဩဂုတ်လ ၁၄ ရက်နေ့ နောက်ပိုင်း စစ်ရေးအခြေအနေကြောင့် ပုံမှန်သွားလာလို့မရတဲ့အပြင်၊ တရုတ်နယ်စပ်ကနေ ဝင်လာတဲ့လမ်းကြောင်းလည်း ပန်ဝါမြို့သိမ်းပြီးနောက် တရုတ်ဘက်က ချက်ချင်းပိတ်လိုက်တာကြောင့် ကချင်ပြည်နယ်ထဲမှာ အခြေခံစားသောက်ကုန်ဝင်ရောက်မှု အကန့်သတ်သာရှိနေတဲ့အတွက် မြို့တော်မြစ်ကြီးနားမှာလည်း ကုန်စျေးနှုန်းတွေ မြင့်တက်နေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် မြစ်ကြီးနားကနေ အဆင့်ဆင့်သယ်ယူနေရတဲ့ ပူတာအို၊ နောင်မွန်မြို့တွေမှာ အခြေခံစားသောက်ကုန်တွေဟာ စံချိန်တင်စျေးမြင့်

တက်လာတာလည်း ဖြစ်ပါတယ်။

Most read this week

January 24, 2025
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မိုးမောက်မြို့သိမ်းတိုက်ပွဲမှာ KIA က သိမ်းပိုက်ရရှိခဲ့တဲ့...
January 22, 2025
ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်ရှိတဲ့ ခလရ ၄၇ တပ်ရင်းနဲ့ စစ်ဆင်ရေးနှင့်...
January 21, 2025
ရှမ်းမြောက် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ မုံးပေါ် ကျေးရွာအနီး၊ ဝိန်းဆိုင်ကျေးရွာ...
January 18, 2025
ပုံအညွှန်း - အင်းတော်ဒေသ ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့များ။ ကချင် -...