မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောက်မယ်မြို့ ရေကြီးရေလျှံမှုဖြစ်

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောက်မယ်မြို့ ရေကြီးရေလျှံမှုဖြစ်

သျှမ်းပြည်မောက်မယ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ မနက် ၃ နာရီခွဲကျော်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မောက်မယ်မြို့တွင် ချောင်းရေမြင့်တက်ပြီး ကွန်ကိုင်းရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ မွှေတော်ရပ်ကွက် စသည့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရေတွေကတော့ ချောင်းရေတက် ပြီးတော့ မြေနိမ့်ပိုင်းက အိမ်တွေကိုရေဝင်တာပေါ့။ဒီမနက်မှာပဲ ရေတွေစတက်တာ။မနေ့ကလည်း တနေကုန်တညလုံးမိုးရွာနေတော့ ရေစတက်တာပဲ။အခုထိမိုးရွာတုန်းဆိုတော့ အရင်တခါလိုဖြစ်မလားမပြောတက်ဘူး။ ရေတွေက ဆက်ပြီးတက်နေတုန်း”ဟု မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ရေကြီးရေလျှံမှု ကြုံတွေ့နေရသည့် ပြည်သူအချို့သည် ကုန်မြင့်ပိုင်းရှိ ဆွေမျိုးအိမ်သို့ ပြောင်းရွှေ့ နေထိုင်နေကြပြီး မိုးများဆက်လက်ရွာသွန်းနေသောကြောင့် ရေများထပ်မံမြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဆင်ပြောသည်။

“ဟို့တစ်ကြိမ်က ရေကြီးလို့ ပျက်စီးသွားတဲ့ လယ်ဧကတွေ၊ ပစ္စည်းတွေတောင် ဘာမှသေချာပြန်ပြီး မလုပ်ကြရသေးဘူး။ တချို့တွေလည်း ကိုယ်အိမ်ကိုပြန်ပြီး ရေဆေးတာ၊ ပြန်ပြင်တာ မကြာသေးဘူး။ ရေတွေက ထပ်ပြီးကြီးနေတော့ စိုးရိမ်ရတာပေါ့”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လတွင်လည်း မောက်မယ်မြို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ‌ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတား နှင့် လယ်ဧက များစွာပျက်စီးခဲ့ကြောင်း သိရသည်။

သျှမ်းပြည်တွင် သဘာဝဘေးကဲ့သို့ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများ ထပ်မံကြုံတွေ့ နိုင်ကြောင်း မိုးလေဝသ ပညာရှင် စုစုစံကလည်း နိုဝင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လာမည့် နိုဝင်ဘာလ ၆ ရက် မှ ၈ ရက်ထိ လွိုင်လင်ခရိုင်၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပင်လောင်း ပအိုဝ်းဒေသ၊ လင်းခေးခရိုင် နှင့် မိုင်းပန်ခရိုင် တို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီး၊ ရေလျှံမှုများ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း စုစုစံက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...
December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...