စစ်ကောင်စီအုပ်ချုပ်ရေးရှိသည့် ရခိုင်က မြို့များတွင် နည်းမျိုးစုံဖြင့် ပြည်သူများ ငွေညှစ်ခံနေကြရ

စစ်ကောင်စီအုပ်ချုပ်ရေးရှိသည့် ရခိုင်က မြို့များတွင် နည်းမျိုးစုံဖြင့် ပြည်သူများ ငွေညှစ်ခံနေကြရ

စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့် ဂွတို့တွင် စစ်ကောင်စီတာဝန်ရှိသူများ၏ တရားမဝင် ငွေညှစ် တောင်းခံမှုများကို ပြည်သူများနေ့စဉ် ကြုံတွေ့နေကြရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ဧည့်စာရင်း၊ အိမ်ထောင်စု စာရင်များ စစ်ဆေးဟန်ပြုပြီး အမျိုးသမီးများအပါအဝင် အရပ်သားများကို ဖမ်းဆီးကာ ငွေညှစ် တောင်းခံမှုများ ပေါ်ထင်ထင် ပြုလုပ်နေကြသည်ဟု ဆိုသည်။

စစ်တွေ ဒေသခံတစ်ဦးက “စစ်တွေမြို့မှာ အဖမ်းအဆီးက နေ့တိုင်းရှိတယ်။ ဧည့်စာရင်း၊ လူစာရင်းစစ်မယ်ဆိုပြီး အိမ်တွေ အတင်းဖွင့်ခိုင်းတယ်။ ဖွင့်ပေးလိုက်ရင် သူတို့က မသင်္ကာရင် ခေါ်သွားတယ်။ ပိုက်ဆံပေးပြီး ပြန်ရွေးရတယ်။ လူတစ်ဦး ပြန်လွှတ်ဖို့ အတွက် အနည်းဆုံး အောက်ထစ် ငွေ (၁၀) သိန်းပေးရတယ်။ ငွေကြေးတတ်နိုင်သူဆိုရင် သိန်းရာနဲ့ ချီပြီး တောင်းတယ်။  ဒါက သူတို့  လုပ်စားကွက်ဖြစ်နေပြီ” ဟု ပြောသည်။

ငွေမပေးနိုင်သူများကို AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်ပြီး အချိန် အကြာကြီး ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားကာ တရားရုံးသို့ မတင်ဘဲထားကြောင်း ၎င်းက ပြောကြားသည်။

“လူတိုင်းက ကြောက်နေရတယ်။ ညကျရင် ဘယ်အချိန် အိမ်တံခါးလာခေါက်မလဲဆိုတာ စိုးရိမ်နေကြရတယ်။ သူတို့လာရင် သေနတ်တွေ တကားကားနဲ့ လူတိုင်းက ကြောက်နေကြရတယ်။ မြို့ပြင်က မင်းဂံရပ်ကွက်တွေဆို ပိုဆိုးတယ်။ မထင်ရင် မထင်သလို ဖမ်းဆီးသွားတာ” ဟု ၎င်းက ပြောသည်။

ကျောက်ဖြူမြို့တွင်လည်း ဘဏ်လုပ်ငန်းများရပ်ဆိုင်းသွားပြီးနောက် အရပ်သားများ လုပ်ကိုင်နေသည့် ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုလုပ်ငန်းများကို စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ထံ ဆက်ကြေးများပေးပြီးမှ လုပ်ခွင့်ရပြီး မပေးလျှင် တရားမဝင် လုပ်ငန်းဟု သတ်မှတ်ကာ ဖမ်းဆီးမှုများရှိနေသည်ဟု ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"Kpay တို့ Wavepay တို့ဆိုရင် သူတို့ကိုအသိပေးပြီးမှ လုပ်ရတယ်။ ပိုက်ဆံတွေ ပေးရတယ်။ သူတို့တောင်းသလောက်ပေးရတယ်။ သူတို့မသိဘဲလုပ်ရင် တရားမဝင်ဘူး။ AA ကို ထောက်ပံ့တယ် ဆိုပြီးဖမ်းတယ်"ဟု ပြောသည်။

စစ်ကောင်စီ စရဖ ထောက်လှမ်းရေးကို တစ်လ ငွေပမာဏ မည်မျှအထိပေးရသည်ကို သိနိုင်ရန် Kpay နှင့် Wavepay လုပ်ငန်းရှင်များထံ နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

၎င်းပြင် မြို့အဝင်အထွက်ကို စစ်ဆေးသည့် ကျောက်တစ်လုံးဂိတ်တွင်လည်း ကျောက်ဖြူမြို့ထဲသို့ သွားရောက်လိုသူများထံက ငွေသိန်းနှင့်ချီပြီးတောင်းခံမှုရှိပြီး မပေးလျှင် ဝင်ခွင့်မပြုဟု ဆိုသည်။

“သူတို့က ကျောက်ဖြူအဝင်အထွက်ကို ခွင့်မပြုဘူး။ ကျန်းမာရေး အရ ကျောက်ဖြူ မြို့ထဲကို သွားရင်လည်း ကျောက်တစ်လုံးဂိတ်က ကျပ်တစ်သိန်း အဲသလို တောင်းတာတွေရှိတယ်။ ငွေမပေးရင် ဝင်ခွင့်မပြုဘူး။ အရေးကြီးတဲ့ ကိစ္စရှိလာရင် သူတို့ (စစ်တပ်)က တောင်းတဲ့ ငွေကြေးကို ပေးပြီး သွားကြရတာပါဘဲ” ဟု ပြောသည်။

ကျောက်ဖြူမြို့အဝင်သာမက အထွက်ကိုလည်းငွေကြေးပေးပြီးမှ သွားလာခွင့်ပြုသည်ဟု ဒေသခံများက ပြောဆိုသည်။

မာန်အောင်မြို့နယ်တွင်ဆိုလျှင်လည်း  မြို့နယ် ပြင်ပသို့ သွားလာခွင့်ကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသဖြင့် ပင်လယ်ပြင်တွင် ရပ်နားထားသည့် စစ်ကောင်စီ နေဗီများကို ဆက်သွယ် ငွေပေးပြီး သွားလာနေကြရသည်ဟု ဆိုသည်။

မာန်အောင်မြို့နယ်မှ အမျိုးသားတစ်ဦးက "သူတို့ က ပုံမမှန်ဘူး။ သွားလာခွင့်ပြုတဲ့ အခါပြုတယ်။ မပြုတဲ့အခါဆို လုံးဝမသွားရ။ တွေ့ရင် ဖမ်းတယ်။ ခွင့်ပြုတယ်ဆိုပေမယ့် စက်လှေတစ်စီးဆိုရင် ကျပ် ၁၀ သိန်းကနေ သိန်း ၃၀ ကျော်ထိ ကောက်တယ်။ အဓိကကုန်ပစ္စည်းတွေ ပို့ဆောင်တဲ့  ကုန်တင်စက်လှေတွေဆို သိန်း ၃၀ ကျော် ထိပေးရတယ်” ဟု ပြောကြားသည်။

၎င်းပြင် ကုန်တင်စက်လှေများ၊ ငါးဖမ်း စက်လှေများကိုလည်း လိုက်လံဖမ်းပြီး ပိုက်ဆံပေးပြီး ပြန်သွားရွေးရကြောင်း ၎င်းက ပြောကြားသည်။

အလားတူ ဂွမြို့နယ်တွင်လည်း စစ်တပ်ဂိတ်များရှိ စစ်ကောင်စီတပ်သားများက ခရီးသွား ပြည်သူများထံမှ အကြောင်းပြချက်အမျိုးမျိုးပြကာ ငွေကြေးတောင်းခံမှုများ ဆက်ရှိနေသေးသည်ဟု ဂွမြို့ခံ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"ဂိတ်တွေမှာလည်း တခါဖြတ်သွားရင် သူတို့တောင်းသလောက်ပေးရတာ။ ဆိုင်ကယ်တစ်စီး ဘယ်လောက်၊ ကားတစ်စီးဆိုရင် ဘယ်လေက် စသဖြင့် ကောက်တယ်။ ဂိတ်တိုင်းကို ပေးရတယ်။ မရှိတဲ့လူဆို စားဖို့တောင်အနိုင်နိုင်"ဟု ပြောသည်။

ယင်းအပြင် ဂွမြို့နယ်အတွင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကုန်ပစ္စည်းများ သယ်ယူ ရောင်းချ နေကြသူများကိုလည်း  စစ်ကောင်စီတပ်ဖွဲ့ဝင်များက မထင်လျှင်မထင်သလို ဖမ်းဆီးမှုများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း မာန်အောင်၊ ကျောက်ဖြူ၊ ဂွ၊ စစ်တွေ၊ အမ်းနှင့် တောင်ကုတ် မြို့များကို ထိန်းချုပ်ထားဆဲဖြစ်သည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့များတွင်နေရသည့်ပြည်သူများမှာ ကြားကာလဖြစ်သည့် အတွက် နေထိုင်ရေးကျပ်တည်းမှုအပြင် စစ်ကောင်စီ၏ငွေညှစ်ခြင်းနှင့် ဖမ်းဆီးခြင်း များကိုလည်း မကြာခဏ ခံနေရကြောင်း ဒေသခံများက ပြောသည်။

October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...