ရေကြီးရေလျှံမှုကြောင့် ဆန်ဈေးတက်သဖြင့် စစ်ရှောင်များ အခက်ကြုံ

ရေကြီးရေလျှံမှုကြောင့် ဆန်ဈေးတက်သဖြင့် စစ်ရှောင်များ အခက်ကြုံ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက ဒေသခံများလည်း အခက်အခဲများနှင့် ကြုံတွေ့ နေကြရသည် ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများနှင့် ဒေသခံများက ပြောသည်။

ကရင်နီပြည်နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုကြောင့် စပါးခင်းနှင့် စိုက် ပျိုးခင်း ဧကပေါင်း (၁၀၈၆၇.၄၁) ဧက  ပျက်စီးသွားခဲ့သည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) က ဆိုသည်။

ထို့အပြင် ဒေသတွင်း ကုန်စည်စီးဆင်းမှုမှာ ပြတ်တောက်လုနီးပါး ဖြစ်သွားရပြီး ကုန်ဈေးနှုန်းများ အဆမ တန် မြင့်တက်လာမှုများလည်း ပြည်သူများအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။

အခြေခံအကျဆုံး စားသောက်ကုန် ဆန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ကြုံတွေ့ရသည့် အခက်အခဲ အခြေ အနေကို ဒေသခံ အမျိုးသမီး တစ်ဦးက “ ဆန်ဆို ရေကြီးတဲ့ ဒဏ်ကြောင့် စပါးတွေလည်း မြုပ်ကုန်တာမျိုး ရှိတယ်။ အဲ့ဒီမြုပ်ကုန်တာကြောင့် ဆန်ရဲ့ ဈေးနှုန်းဆို တက်သွားတာမျိုး ရှိသွားတာပေါ့နော်။ ဆန်တွေ ဈေးကြီး လာလို့ တစ်ချို့မိသားစုဆိုလည်း ဆန်တွေ ဝယ်စားရတဲ့ မိသားစုတွေရှိတဲ့ အတွက် တစ်ချို့ မိသားစုဆို မဝယ် စားနိုင်ဘူး။ အဲ့လို တစ်ရက်ဆိုရင်တော့ နည်းနည်း လျှော့စားရတဲ့ အဆင့်မျိုးလည်း ရှိတာပေါ့နော်” ဟု ပြော သည်။

ကုန်ဈေးနှုန်း မြင့်တက်နေမှုများကြောင့် စစ်ဘေးရှောင်များအား အကူအညီ ပေးရာတွင် ကြုံတွေ့ရသည့် အခက် အခဲကို ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက် က ယခုကဲ့သို့ ပြောသည်။

“ဆန်ဈေးတက်တဲ့ အခါမှာတော့ စစ်ရှောင်တွေကို လှူတဲ့အခါမှာ ဘာတွေ ခက်ခဲမှု ရှိလဲဆိုတော့ အရင်တုန်းက ဆိုကြပါတော့ တစ်အိမ်ထောင်ကို ဆန် ၈ ပြည်လောက် လှူမယ့် လူက အခုဆိုလို့ရှိရင် ၄ ပြည်တို့ ၅ ပြည်တို့ လှူရတာပေါ့နော်။ အရင်တုန်းက ဆန် ၆ ပြည်လောက် လှူချင်တာမျိုးဆိုရင် အခုက ၄ ပြည်လောက်ပဲ လှူရတော့ တယ်။”

စစ်ဘေးအပြင် ရေကြီးရေလျှံမှုများပါ ဖြစ်ပွားခဲ့မှုများကြောင့် ကုန်စီးဆင်းရာ လမ်းကြောင်းနှင့် တံတားများ ပိတ်ဆို့၊ ပျက်စီးခဲ့ပြီး အခြား ကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်နေသည်ဟု စစ်ဘေးရှောင်များအား အကူအညီ ပေးနေသည့် အဖွဲ့က ပြောသည်။

ဦးဇော်မင်းထိုက် က “ ဒီးမော့ဆိုဘက်မှာ ဈေးတွေကတော့ တက်ပါတယ်။ အဲ့ဒါကတော့ ဈေးက ဘယ်လောက် ထိ ကွာသွားလဲ ဆိုတော့ ဆန်တစ်အိတ် တစ်အိတ်ကို သူက ၂၀၀၀၀ ကျော်ထိ ကွာသွားတဲ့ သဘောပေါ့နော်။ အရင်တုန်းက ၈၃၀၀၀ တန်ကနေပြီးတော့မှ ဘယ်လောက်ထိ တက်သွားလဲဆိုတော့ ၁၀၂၀၀၀ တစ်ချို့နေရာက ၁၀၅၀၀၀ ထိ တက်သွားပါတယ်ပေါ့နော်” ဟု ပြောသည်။

အဓိက အားဖြင့် စပါးပင်များ ရေကြီးနစ်မြုပ်ပြီး ရေအောက်သို့ ရောက်ရှိသွားသည့် အတွက် တောင်သူ လယ်သမားများ အနေဖြင့် ရိတ်သိမ်းလိုက်နိုင်ခြင်း မရှိဘူးဟု ဆိုကြသည်။

ဆန်စက်ရုံ ပိုင်ရှင်များ အနေဖြင့်လည်း စပါးရှားလာသည့်အတွက် ဆန်ဈေးနှုန်း တက်လာရခြင်း ဖြစ်သည်ဟု ဆိုကြသည်။

Most read this week

October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...
October 19, 2024
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO က အဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဖက်...
October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် မိုးဦးရာသီမှ စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေး...