ပြည်မရောက် ရခိုင်များ ရခိုင်မြို့နယ် ၄ ခုမှအပ ကျန်မြို့နယ်များသို့ ပြန်လာခွင့်မရ၍ အခက်အခဲဖြစ်နေ

ပြည်မရောက် ရခိုင်များ ရခိုင်မြို့နယ် ၄ ခုမှအပ ကျန်မြို့နယ်များသို့ ပြန်လာခွင့်မရ၍ အခက်အခဲဖြစ်နေ

အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ အမ်းနှင့် ဂွမြို့မှအပ ကျန်မြို့နယ်များသို့ သွားလာခွင့်မရ၍ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

ရခိုင်ပြည်တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ဖြစ်ပွားနေသာ တိုက်ပွဲများကြောင့် စစ်ကောင်စီက ရခိုင်ပြည်ရှိ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထားသည်။

စစ်ကောင်စီက ထို့သို့ ပိတ်ပင်ထားသောကြောင့် ရန်ကုန်၊ မန္တလေးစသောမြို့ကြီးများနှင့် တခြားပြည်မမြို့များသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများမှာ ကိုယ့်နေရပ်၊ မြို့ရွာများကို ပြန်ချင်ကြသော်လည်း သွားလာခွင့်မရ၍ အခက်အခဲဖြစ်နေကြသည်ဟု ရခိုင်လူမျိုးများက ပြောကြသည်။

ရန်ကုန်တွင် သောင်တင်နေသည့် ရသေ့တောင်မြို့ခံတစ်ဦးက ရန်ကုန်၌ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူပြီးနောက် ရသေ့တောင်သို့ပြန်

ချင်သော်လည်း စစ်တွေအထိသာသွားခွင့်ရ၍ အခက်ကြုံနေသည်ဟု ပြောသည်။

ရန်ကုန်မှ စစ်တွေသို့ လေကြောင်းဖြင့်ပြန်၍ရသော်လည်း စစ်ကောင်စီက စစ်တွေမြို့ပြင်သို့ ထွက်ခွာသည့် လမ်းကြောင်းများအားလုံးကို ပိတ်ပင်ထားသည့်အတွက် အိမ်မပြန်ရဖြစ်နေခြင်းဟု ပြောသည်။

“မြို့ပြင်ထွက်ရင် ဖမ်းတယ်ကြားလို့ မပြန်ရဲတော့ဘူး။ ရန်ကုန်မှာ ပါတဲ့ ရွှေတွေကို ထုခွဲရောင်းစားပြီးတော့ အခက်ခက်ခဲခဲ နေနေရတယ်။ ဒီအတိုင်းကြာလာရင်တော့ အိမ်ငှားနေဖို့တောင် အဆင်ပြေတော့မှာ မဟုတ်ဘူး” ဟုပြောသည်။

လက်ရှိတွင် ရခိုင်ပြည်တွင်း စစ်ကောင်စီထိန်းချုပ်ထားသော စစ်တွေ၊ အမ်းနှင့် ကျောက်ဖြူမြို့ကိုသာ ပြည်မဘက်မှ လေယာဥ်များပြေးဆွဲလျက်ရှိနေသည်။

ဧရာဝတီတိုင်းနှင့် နယ်စပ်ချင်း ဆက်စပ်လျက်ရှိနေသည့် စစ်ကောင်စီထိန်းချုပ်ထားဆဲ ဂွမြို့နယ်သို့ဆိုလျှင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်ပြကာ လာရောက်၍ ရသည်ဟု ဂွဒေသခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

သို့သော် ဂွမှတ်ပုံတင် ကိုင်ဆောင်ထားသူမဟုတ်လျှင် ဂွမြို့သို့ လာရောက်သည့်အကြောင်းရင်းကို သေချာစုံစမ်းမေးမြန်းပြီး အကြောင်းပြချက် ခိုင်လုံမှသာ ဝင်ရောက်ခွင့်ရသည်ဟု သူက ပြောသည်။

အလားတူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိသည့် အမ်းမြို့ကိုလည်း လေကြောင်းလိုင်းအပြင် ရန်ကုန်-အမ်း ပြေးဆွဲနေသည့် အိမ်စီးကားများဖြင့် လာရောက်နိုင်သော်လည်း အမ်းဒေသခံမဟုတ်လျှင် စစ်ဆေးမှုများ တင်းကျပ်သည်ဟု အမ်းမြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

သို့သော် စစ်တွေ၊ ကျောက်ဖြူ၊ အမ်းနှင့် ဂွမြို့များမှ တဆင့် တခြားရခိုင်မြို့နယ်များသို့ ခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထား၍ ဒေသခံများ နေရပ်ပြန်ရန် လွန်စွာ အခက်အခဲဖြစ်နေကြသည်ဟု ဆိုကြသည်။

လက်ရှိတွင် ရခိုင်ပြည်ရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲနှင့် သံတွဲမြို့တို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားသည်။

ပြည်မရောက် ရခိုင်လူမျိုးများသည် AA ထိန်းချုပ်ထားသည့် မြို့နယ်များနှင့် လက်ရှိတိုက်ပွဲပြင်းထန်နေသော မောင်တောနှင့် စစ်ကောင်စီထိန်းချုပ်ထားသည့် မာန်အောင်၊ တောင်ကုတ်အစရှိသည့် မြို့များကိုပါ သွားလာခွင့်မရဖြစ်နေကြသည်။

ယင်းသို့သွားလာခွင့်မရ၍ ပြည်မရောက် ရခိုင်ဒေသခံတချို့သည် ရန်ကုန်မှတဆင့် အရဲစွန့်ကာ ရခိုင်ရိုးမတောကြီးထဲမှ ခြေလျင်လျှောက်ကာ လိုရာခရီးကို ခက်ခက်ခဲခဲ သွားနေကြရသည်ဟု သိရသည်။

ရန်ကုန်ရောက် ရခိုင်စစ်ရှောင်တစ်ဦးက “တချို့ဆို အောက်လမ်းက သွားရင် ဖမ်းခံရမှာစိုးလို့ အိန္ဒိယကို ဗီဇာလျှောက်ပြီးတော့ မီဇိုရမ်ကတဆင့် ရခိုင်ကို ပြန်ဝင်နေကြတာလည်း ရှိနေတယ်” ဟုဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်ကဆိုလျှင် ရန်ကုန်မှ ရခိုင်ပြည် ရမ်းဗြဲမြို့သို့ ရခိုင်ရိုးမ တောလမ်းအတိုင်း ပြန်လာသည့် အမျိုးသားတစ်ဦးသည် တောင်ကျချောင်းရေစီးဆင်းနေသည့်ချောင်းကို လက်ပစ်ကူး၍ဖြတ်ခဲ့ရချိန်၌ ရေစီးနှင့် မျောပါ ပျောက်ဆုံးခဲ့သေးသည်။

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...
October 8, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို ယမန်နေ့ညက အကြမ်းဖက် စစ်ကောင်စီ လေတပ်က ဗုံးကြဲ...