အာရက္ခပြည်ကိုကာကွယ်ဖို့ အာရက္ခဒေသတွင် မှီတင်းနေထိုင်သူအားလုံးမှာတာဝန်ရှိဟု AA ပြော

အာရက္ခပြည်ကိုကာကွယ်ဖို့ အာရက္ခဒေသတွင် မှီတင်းနေထိုင်သူအားလုံးမှာတာဝန်ရှိဟု AA ပြော

အာရက္ခပြည်ကိုကာကွယ်ဖို့ အာရက္ခဒေသမှာမှီတင်းနေထိုင်ကြသော ပြည်သူအားလုံးမှာ တာဝန်ရှိသည်ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာကို ပြောသည်။

ယင်းကြောင့် အာရက္ခဒေသအတွင်း ဒေသလုံခြုံရေး၊ ရပ်ရွာလုံခြုံရေးကိစ္စများအတွက် လုံခြုံရေးအသိ ပညာပေးရက်တိုသင်တန်းများကို လုပ်ဆောင်လျက်ရှိသည်ဟုလည်း သူကပြောဆိုသည်။

“ဒါဟာ အနာဂတ်မှာ အကြမ်းဖက်မှု နှိမ်နင်းရေး၊ စစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်နိုင်အောင်၊ ကိုယ့်ရပ်ရွာကို ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ လုံခြုံရေးအသိရှိနေအောင် သင်တန်းပေးထားတာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာရက္ခပြည်ကိုကာကွယ်ဖို့ အာရက္ခဒေသမှာ မှီတင်းနေထိုင်တဲ့ ပြည်သူအားလုံးမှာတာဝန်ရှိပါတယ်”ဟု ပြောသည်။

စက်တင်ဘာလမှ စတင်ကာ အဆိုပါ သင်တန်းများကို ပေးနေပြီး ရဲတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းကာ သင်တန်းပေးလျက်ရှိနေကြောင်း သူက ပြောကြားသည်။

“ ရဲလုပ်ငန်းမှာ စိတ်ပါဝင်စားတဲ့လူငယ်ပညာတတ်တွေကိုလည်း မိမိဆန္ဒအလျှောက်ပါဝင် တာဝန် ထမ်းဆောင်ဖို့ ခေါ်ယူနေတာရှိပါတယ်။ သင်တန်းလည်း ပေးနေပါတယ်။ ဒါက ပြည်သူ့လုံခြုံရေး ကိစ္စတွေနဲ့ပတ်သက်ပြီးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်မှုမထမ်းမနေရ အဓမ္မစုဆောင်းနေတာမျိုး မဟုတ်ပါဘူး။ ရှေ့တန်းမှာစစ်တိုက်ဖို့လည်း ခေါ်နေတာ မဟုတ်ပါဘူး။ အာရက္ခဒေသအတွင်း တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပိုကောင်းလာစေရေးအတွက်ဖြစ်ပါတယ်”ဟု ဆိုသည်။

ရခိုင်ပြည်တွင် မှီတင်းနေထိုင်ကြသည့် ရခိုင်များသာမက ကမန်၊ ခမီ၊ မြို၊ သက်၊ သက္ကမ(ဒိုင်းနက်)၊ မရမာကြီး ၊ ချင်း၊ နှင့် မွတ်ဆလင်တို့ ကိုပါ ဖိတ်ခေါ်ပြီး တရားဥပေရေးရာနှင့် ရပ်ရွာများကို ကိုယ်တိုင် အုပ်ချုပ်နိုင်ရန် အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းပေးလျက်ရှိသည်ဟု ဆိုသည်။

စက်တင်ဘာလမှစတင်ကာ ULA/ AA က စစ်သင်တန်းပေးရန် စုဆောင်းနေသည်ဟုဆိုကာ အမ်းမြို့နယ်အတွင်း ချင်းလူမျိုးများနေထိုင်ကြသော ရူးချင်း၊  ဒုကန်၊ မဝှမ်း၊ တာဖျား၊ သရွဲ၊ မဲလက်မောင်း၊ မဲသံကြိုးအပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ချင်းလူငယ်များမှာ စစ်မှုထမ်းရမည် ထင်ပြီး တိမ်းရှောင်မှုများ ရှိနေကြသည်ဟု သိရသည်။

အဆိုပါ သင်တန်းများပေးနေသည့် ကိစ္စနှင့် ပတ်သက်ပြီး အမည်မဖော်လိုသည့် ချင်းလူငယ်တစ်ဦးက“အခုက တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်တယ်။ ကျနော်တို့မှာ အာမခံချက်မရှိဘူး။ ဒါကြောင့် အများစုက ရန်ကုန်တို့၊ မကွေးတို့ဘက်ကို ပြေးကြတယ်။ အနည်းစုကတော့ မပြေးနိုင်တာကြောင့်ရော၊ တချို့ကတော့ သူတို့ကိုယ်တိုင်လက်ခံလို့ပဲလား မသိ အဲဒီသင်တန်းတွေမှာ တက်ကြတာတော့ ရှိတယ်”ဟု ပြောသည်။

အာရက္ခတပ်တော် (AA) က ချင်းလူမျိုးများကို အတင်းအဓမ္မတပ်သားသစ်စုဆောင်းနေသည်ဟု ပြောဆိုမှုများအပေါ်  ဦးခိုင်သုခက ငြင်းဆိုထားသည်။

ရခိုင်ဒေသအတွင်း ကမန်၊ ခမီ၊ မြို၊ သက်၊ သက္ကမ(ဒိုင်းနက်)၊ မရမာကြီး ၊ ချင်း၊ ရခိုင် နှင့် မွတ်ဆလင်တို့ နေထိုင်လျက်ရှိရာ အမျိုးသားရေးအရ လူမျိုးနွယ်စုများမှာပါဝင်မှုအားနည်းပြီး ယုံကြည်မှု တည်ဆောက်ရန်လည်း အချိန်ယူရအုံးမည်ဟု စစ်တွေမှ မွတ်ဆလင်တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

“ကျွန်တော်အနေနဲ့ ပြောရရင်တော့ တပ်တော်သည်သာ ရခိုင်ပြည်မှာ လူမျိုးစုအားလုံး ရှေ့ဆက်ရေး အတွက် အကောင်အထည်ဖော် နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်မှုတွေရှိခဲ့ပါတယ်။ အလားတူပဲ အေအေနဲ့ ပူးပေါင်းပြီး လက်တွဲနေတဲ့ မွတ်ဆလင် ဒေသခံတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ မွတ်ဆလင်အများစုက အေအေအပေါ် ယုံရမလား။ မယုံရဘူးလားဆိုတဲ့ခံစားချက်တွေရှိလာကြတယ်။ လုံခြုံရေးကိစ္စတွေ အတွက် သင်တန်းတွေတက်ဖို့ဆိုရင်တောင်မှ တွန့်ဆုတ်နိုင်တဲ့အခြေအနေတွေ မြင်ရတယ်။ စစ်တွေမှာတော့ ဒါမျိုးသင်တန်းပေးဖို့ပြောတာတွေ မရှိသေးပါဘူး။ ရှိလာရင်တော့ စစ်ကောင်စီ နဲ့ အေအေဆိုရင် အေအေနဲ့ပဲ ကျနော်တို့ လက်တွဲကြမှာပါ။ ကျွန်တော်တို့က ရှေ့လျှောက် အတူတူနေကြရမယ့် လူမျိုးနှစ်မျိုးဆိုတော့။ ဒါတော့ ကျနော် ယုံကြည်တယ်” ဟု ပြောသည်။

သို့သော်လည်း အာရက္ခတပ်တော် (AA) အနေဖြင့် တန်းတူရေးကိုအခြေခံပြီး ရခိုင်ပြည်တွင် မှီတင်း နေထိုင်သူများအားလုံးအတွက် တစ်ပြေးညီ ဥပဒေများရေးဆွဲပြဌာန်းရန် လိုအပ်သည်ဟုလည်း သူကပြောသည်။

“ဒီမြေမှာနေရင် ဒီမြေကိုကာကွယ်ရမှာကို လက်ခံပါတယ်။ ဒါပေမဲ့ လူတိုင်းအတွက် မျှတတဲ့ ညီမျှတဲ့ စည်းကမ်း နဲ့ ဥပဒေတွေရှိဖို့လည်း လိုအပ်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် (AA) က တိုက်ပွဲကာလ (၁၀)လကျော်အတွင်း ပလက်ဝဒေသအပါအဝင် မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထားပြီး ဖြစ်ကာ ကျန်သည့် မာန်အောင်၊ တောင်ကုတ်၊ ဂွ၊ အမ်း၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူ မြို့နယ်တို့တွင်လည်း မြို့ပေါ်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျန် နယ်ဒေသများအားလုံးကို ထိန်းချုပ်ထားပြီဖြစ်သည်။

AA ထိန်းချုပ်ထားသည့် ဒေသများတွင် အုပ်ချုပ်ရေး၊ လုံခြုံရေး နှင့် ပြန်လည်ထူထောင်ရေး ကိစ္စများကို ဆောင်ရွက်လျက်ရှိနေပြီး ရခိုင်ပြည်တွင် မှီတင်းနေထိုင်သူ လူမျိုးအားလုံး ပါဝင်နိုင်ရန် ULA/AA က စတင်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...
January 2, 2025
ရန်ကုန်မြို့ နေရာအများအပြားတွင် စစ်ကောင်စီတပ်က ရခိုင်လူမျိုးများနေထိုင်သည့် အဆောင်များ၊...
December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...