ပြင်းထန်နေသည့် ရခိုင်စစ်ရေးနှင့် တိုးလာနေသည့် မသန်စွမ်းသူအရေး

ပြင်းထန်နေသည့် ရခိုင်စစ်ရေးနှင့် တိုးလာနေသည့် မသန်စွမ်းသူအရေး

ရခိုင်ဒေသအတွင်း စစ်‌ရေးပဋိပက္ခဖြစ်ပွားမှုမှာ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း မြင့်တက်လျက်ရှိသည်။

စစ်ရေးအကျိုးဆက် ကိုယ်လက်အင်္ဂါ၊ အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းပြီး မသန်စွမ်းဖြစ်ခဲ့ရသူများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများကို ကြံ့ကြံ့ခံကာ ကျော်ဖြတ်နေကြရသည်။

၎င်းတို့၏ ထိခိုက်ခံစားရမှုများ လျော့ပါးသက်သာစေရန် ပြန်လည်ကုစားရေးအစီအစဉ်များ အားနည်းသည့်အပြင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ကူညီထောက်ပံ့မှုများလည်း မရှိသလောက် ဖြစ်နေသည်။

ရခိုင်ပြည်နယ် မသန်စွမ်းသူများအဖွဲ့မှ အထွေထွေအတွင်းရေးမှူး မထွေးမေက “မသန်စွမ်းတွေအတွက် လက်လှမ်းမီလောက် အထောက်အပံ့ပစ္စည်းတွေ ကူညီနေတာရှိပေမဲ့ လိုအပ်ချက်တွေ ရှိနေတယ်။ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးတာတွေ အများကြီးလိုအပ်တယ်။ သူတို့ ရေရှည်ရပ်တည်ဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုတယ်” ဟု ပြောသည်။

မသန်စွမ်းသူများအဖွဲ့၏စာရင်းအရ ရခိုင်တိုက်ပွဲ ၁၁ လနီးပါးအတွင်း မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် မောင်တောမြို့နယ်တွင် မသန်စွမ်းသူဦးရေ ၇၂၀ ကျော်ထိ တိုးလာနေသည်။ ထိုအရေအတွက်မှာ ပြီးခဲ့သည့်စစ်ရေးကာလအတွင်း မသန်စွမ်းဖြစ်သွားသူဦးရေ၏ နှစ်ဆကျော်ဖြစ်သည်။

ယခင်စစ်ရေးကာလအလွန် မသန်စွမ်းသူများနှင့်ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုများအပြင် ငွေကြေးထောက်ပံ့မှုများ ရှိခဲ့သော်လည်း လက်ရှိတွင် ထိုသို့ကူညီထောက်ပံ့မှုများ မရရှိသဖြင့် မိသားစုဝင်များ၏ တချို့တဝက်ကူညီမှုများဖြင့်သာ ဖြတ်သန်းနေကြရသည်။  

ဒေသတွင်း လူမှုကူညီရေးအဖွဲ့များအနေဖြင့်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း၊ လမ်းခရီးသွားလာခွင့်၊ လူအင်အား မလုံလောက်မှု၊ ငွေကြေး စသည့် အခက်အခဲများကြောင့် မသန်စွမ်းများအား ကူညီရေးတွင် စိန်ခေါ်မှုများရှိနေသည်။

“ကိုယ်လက်လှမ်းမီတဲ့ စိတ်ပိုင်းဆိုင်ရာ ကုသပေးတာတို့၊ တစ်ခုခုဖြစ်သွားရင် ဆေးရုံဆေးခန်း လိုက်ပို့ပေးတာတို့ပဲ တတ်နိုင်တယ်။ အဖွဲ့ထဲ လူမလောက်တာရယ်၊ ငွေကြေးပိုင်းအခက်အခဲတွေကြောင့် ထင်သလောက် မကူညီနိုင်သေးဘူး” ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ရေးကာလ မသန်စွမ်းဖြစ်ခဲ့ရသူများမှာ အမျိုးသမီး၊ ကလေးငယ်များအပြင် အိမ်ထောင်ဦးစီးအမျိုးသား အများအပြားပါဝင်နေပြီး အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု ဒဏ်ကြောင့် စားဝတ်နေရေး အကျပ်အတည်းများကြားမှာ ဖြစ်သလို ဖြတ်သန်းနေကြရသည်။

ကျောက်တော်မြို့ နယ်၊ ပိန္နဲချောင်းကျေးရွာမှ မြေမြှုပ်မိုင်းကြောင့် ခြေနှစ်ဖက်ဆုံးရှုံးခဲ့ရသူ ဦးထွန်းအေးသန်းက “ကျနော်မလုပ်ရင် ဘယ်လိုစားသောက်နေထိုင်မလဲ တွေးတယ်။ ကလေးတွေရဲ့ ကျောင်းစရိတ်တွေ၊ စားရေးသောက်ရေးအတွက် ဘယ်လိုစားသောက်နေထိုင်မလဲ‌ဆိုတာ တွေးပြီး စိတ်ပူနေရတယ်” ဟု ပြောသည်။

ရခိုင်ဒေသအတွင်း စစ်ရှုံးစစ်ကောင်စီက စစ်ရာဇဝတ်မှုများ ဆက်လက်ကျုးလွန်နေခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးကာ မသန်စွမ်းဦးရေ တိုးလာနေသဖြင့် လူ့အရင်းအမြစ်ပါ ဆုံးရှုံးနေရသည်။  

မသန်စွမ်းသူများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုများအပြင် အမှီအခိုကင်းမဲ့သောလူမှုဘဝ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လူမှုအဖွဲ့အစည်းများအပြင် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကပါ ဝိုင်းဝန်းကူညီပေးမှ ကောင်းမွန်သော အနာဂတ်တစ်ခု ရရှိလာမည်လည်း ဖြစ်သည်။

October 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်းစံပြကျေးရွာကို ယနေ့ (အောက်တိုဘာ ၄) နံနက် ၂...
October 3, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ ပညာရေးဝန်ထမ်း အပါအဝင် ဒေသခံ ၅၀ ဦးခန့်မှာ စစ်ကောင်စီ၏...
October 2, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်ကြသည့် ဒေသခံ ၆၀ ကျော်ကို...
October 1, 2024
မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခနှင့်အတူ ကဏ္ဍပေါင်းစုံ၌ အခွင့်အလမ်းနည်းပါးနေမှုကြောင့်...