တောင်ငူတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို နေရာအချို့သာ ဆောင်ရွက်နိုင်သေး

တောင်ငူတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို နေရာအချို့သာ ဆောင်ရွက်နိုင်သေး

စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ရေများ စတင်ကျသွားပြီး ယခုလ ၂၃ ရက်နေ့မှစ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ် ဆောင်နေကြပြီးဖြစ်သော်လည်း နေရာအချို့တွင် လုပ်ငန်းစတင်ရန်ခက်ခဲနေသေးကြောင်း မြို့ခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တာဝန်ရှိသူများက ပြောသည်။

ရေကြီးမှု ဖြစ်စဉ်ကြောင့် မြေပြင်တွင် ထိခိုက်ပျက်စီးခဲ့မှု စာရင်းများရယူနိုင်ရန်ခက်ခဲနေသေးပြီး ယနေ့ အချိန်အထိ ကျေးရွာအချို့တွင် ရေများဆက်လက်တင်ကျန်နေသေးသလို လမ်းပန်းဆက်သွယ်ရေး အခက်အခဲ နှင့် သွားလာခွင့် ကန့်သတ်ပိတ်ပင်ခံထားရမှုကြောင့် ပြန်လည်ထူထောင်ရေး စတင်ရန် နေရာအချို့အတွက် ခက်ခဲနေကြောင်း တောင်ငူမြို့ရှိ လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူ ကိုကျော်သူရက ယခုလို ပြောသည်။

” တချို့နေရာတွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာတွေရှိတယ်။ ဒေတာအမှန်ရနိုင်ဖို့ ကြိုးစားရတဲ့နေရာတွေ ရှိတယ်။ တချို့နေရာတွေက သွားခွင့်လာခွင့်တွေ ကူညီထောက်ပံ့ခွင့်တွေ ကန့် သတ်ထားတော့ အဲ့တာလည်း အခက်အခဲတစ်ခုလို့ ပြောလို့ရတယ်။ ကူညီထောက်ပံ့တဲ့ အဖွဲ့တွေအနေနဲ့လည်း ပြဿနာတွေရှိတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေသည့် လက်လှမ်းမီသောနေရာများတွင် ဝမ်းပျက်ဝမ်း လျှောရောဂါအပြင် ရာသီတုပ်ကွေးများလည်းဖြစ်ပွားနေပြီး အချို့ကျေးရွာများတွင် ကျန်းမာရေး စောင့် ရှောက်မှုများ နှင့် ဆေးဝါးများ လိုအပ်လျက်ရှိနေသည်ဟုလည်း ကိုကျော်သူရက ဆက်ပြောသည်။

လတ်တလောတွင် မြစ်ရေကြောင့် နစ်မြှုပ်သွားသည့် နေအိမ်အချို့ကို ပြန်လည် ဆေးကြော သန့်စင်မှုများ ပြုလုပ်ကြပြီး အချို့မှာ ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်သေးသည့်အပြင် အဆိပ်ရှိ သတ္တဝါများ၏ ခိုအောင်းနိုင်သည့် အန္တရာယ်ကိုလည်း စိုးရိမ်ကြရသည်ဟု ဒေသခံ ပရဟိတ လုပ်ဆောင်ပေးနေသူများကပြော သည်။

ရေကြီးနစ်မြှုပ်မှုကြောင့် နေအိမ်များ ပြန်လည်ပြုပြင်ခြင်းထက် သောက်သုံးရန် အတွက် အားကိုးအားထားရသည့် ရေတွင်းရေကန်များ နစ်မြှုပ်ပျက်စီးသွားခြင်းကြောင့် လတ်တလောတွင် သောက်သုံးရေ အဓိက လိုအပ်လျက်ရှိသည်။ ၎င်းအပြင် စားနပ်ရိက္ခာများလည်း ဆက်လက်လို အပ်နေသေးသည်ဟုလည်း ပရဟိတ ကူညီ လုပ်ဆောင်နေသူ တောင်ငူမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

၎င်းက “အဓိက လိုအပ်ချက်က သောက်သုံးရေပေါ့နော်။ နံပါတ်နှစ်က စားနပ်ရိက္ခာပေါ့။ သောက်သုံးရေက တောင်ငူတစ်ခရိုင်လုံးအတိုင်းအတာနဲ့ဆိုတော့ အများကြီးလိုအပ်တယ်။ ရေတွင်းတွေကလည်းမြှုပ်သွားတော့ သောက်ရေသန့်ကို အဓိကဦးစားပေးရတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

တောင်ငူမြို့ပေါ်တွင် ရေဘေးရှောင်စခန်း ၃၉ ခုဖွင့်ထားရပြီး ကျေးရွာများရှိရေဘေး ရှောင်ပြည်သူများသည် ဘာသာ ရေးအဆောက်အအုံများတွင်သာ ခိုလှုံနေကြရသည်။ ကူညီသူများ လာရောက်ရန်ခက်ခဲသည့် နေရာများမှ အချို့ ပြည်သူများသည် စားနပ်ရိက္ခာများရရှိရန်အတွက် မိမိတို့ကိုယ်ပိုင်အစီအစဉ်ဖြင့် သွားရောက် ယူဆောင်နေကြရသည်။

ပြီးခဲ့သည့်လက ပဲခူးတိုင်း ရေတာရှည်မြို့နယ်ရှိ ဆွာဆည်မှရေများကို ဖောက်ချခဲ့သည့်အတွက် စစ်တောင်း မြစ်ရေလျှံကာ တောင်ငူမြို့နှင့် အနီးတစ်ဝိုက်ရှိကျေးရွာများ ရေကြီးနစ်မြှုပ်မှု စတင်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

Most read this week

September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...
September 27, 2024
ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်း...
September 25, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီ၏တပ်ရင်း(၃)ရင်းတွင်...
September 25, 2024
စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်...