လားရှိုးမြို့ အရပ်သားနေအိမ် ပြန်လာနေထိုင်ရန် MNDAA ပြော၊ လေကြောင်းစိုးရိမ်မှုနေရသေး

လားရှိုးမြို့ အရပ်သားနေအိမ် ပြန်လာနေထိုင်ရန် MNDAA ပြော၊ လေကြောင်းစိုးရိမ်မှုနေရသေး

သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို မိမိနေအိမ်သို့ ပြန်လာနေထိုင်ရန် ပြောဆိုနေသော်လည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ရမခကို ဩဂုတ်လ ၃ ရက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို မိမိနေအိမ်သို့ ပြန်လာနေထိုင်ရန် MNDAA က ပြောဆိုနေကြောင်း  လားရှိုးဒေသခံများက ပြောသည်။

“ကိုးကန့်တပ်က ပြန်ခေါ်တော့ မြို့ထဲ ၄ ပုံ ၁ ပုံလောက် ပြန်လာနေကြပြီလို့ ပြောရမလား။ ရပ်ကွက် (၉)၊ (၁၀)၊ (၁၂) ဘက်တွေက ရမခ တိုင်းရုံးနဲ့ နီးတော့ လုံခြုံမှု မရှိလို့ အားလုံးက ထွက်ပြေးရတယ်၊ အိမ်စောင့်လည်း မကျန်ဘူး။ အခုကတော့ နည်းနည်းငြိမ်နေတယ် သူခိုးကတော့ ရပ်ကွက်တိုင်း ရှိနေတာ”ဟု လားရှိုးမြို့သို့ နေရပ်ပြန်သွားသည့် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ လားရှိုးမြို့ရှိ ဗုံးဆံထိမှန်ပြီး လုံးဝ နေထိုင်မရတော့သည့် နေအိမ်များကိုလည်း MNDAA ထံ အိမ်ထောင်စု၊ မှတ်ပုံတင်နှင့်အတူ သက်သေများနှင့်တကွ စာရင်းပေးသွင်းရန်လည်း ပြောဆိုထားပြီး ပြန်လည်ထူထောင်ရေးအတွက် မည်ကဲ့သို့ တာဝန်ယူမည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

“နေအိမ်ပြန်နေဖို့ ဖိတ်ခေါ်တာကတော့ ကောင်းပါတယ်၊ ဒါပေမယ့် မေးချင်တာက ပြည်သူတွေကို တကယ်လုံခြုံရေး ပေးနိုင်လားဆိုတာ။ အခုက စစ်ပွဲ တကယ်ပြီးသေးတာ မဟုတ်ဘူး။ သိန္နီတို့ လောက်ကိုင်တို့လို လေယာဉ်နဲ့ ဗုံးထပ်လာကြဲရင် ကျမတို့ကို တာဝန်ယူပေးနိုင်မလား၊ လုံခြုံရေး အာမခံပေးနိုင်လားဆိုတာ MNDAA ကို မေးချင်တယ်”ဟု လားရှိုးမြို့မှ ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ အုပ်ချုပ်ရေးကို ကိုးကန့်တပ်ဖွဲ့ MNDAA က လွှဲယူလိုက်ကြောင်း ကြေညာထားပြီး ‘ဝ’တပ်ဖွဲ့ UWSA ကလည်း ၎င်းတို့၏ ‘ဝ’ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ လားရှိုးမြို့ပေါ် ‘ဝ’တပ်ဖွဲ့ လုံခြုံရေးအဖွဲ့ဝင်များ နေရာယူထားသော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှု အန္တရာယ် စိုးရိမ်မှုကြောင့် ဒေသခံများ နေရပ် မပြန်ရဲသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထံ ဆုံးရှုံးလိုက်ရသည့် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၏ ရမခ တိုင်းမှူးသစ်အဖြစ် တပ်မတော်လေ့ကျင့်ရေးရုံးမှ ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံခန့်အပ်ခဲ့ပြီး သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့တွင် အထိုင်ချပြီး တပ်ပြန်လည်စုဖွဲ့မည်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ (ဩဂုတ်လ ၁၂ ရက်) တွင် သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

Most read this week

September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...