စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ရယူခြင်းသည် နိုင်ငံတကာထံမှ တရားဝင်မှုရရှိရေး ကြိုးပမ်းမှု ပထမခြေလှမ်းဖြစ်ကြောင်း KNU သုံးသပ်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ရယူခြင်းသည် နိုင်ငံတကာထံမှ တရားဝင်မှုရရှိရေး ကြိုးပမ်းမှု ပထမခြေလှမ်းဖြစ်ကြောင်း KNU သုံးသပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်သမ္မတ ရာထူး လွှဲပြောင်းရယူခြင်းသည် နိုင်ငံတကာထံမှ တရားဝင်မှုရရှိရေး ကြိုးပမ်းသည့် စစ်ကောင်စီ၏ပထမခြေလှမ်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံ ယာယီသမ္မတ ဦးမြင့်‌ဆွေ၏ ကျန်းမာရေးအခြေအနေကြောင့် ယမန်နေ့ ဇူလိုင်လ (၂၂)ရက်နေ့မှစ၍ လစ်ဟင်းနေသော နိုင်ငံတော်သမ္မတနေရာကို လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း စစ်ကောင်စီပြန်ကြားရေးဘက်က ထုတ်ပြန်လာသည်နှင့်ပတ်သက်၍ ကေအဲန်ယူပြောခွင့်ရက ထိုသို့သုံးသပ်ထားခြင်းဖြစ်သည်။

ပဒိုစောကလယ်စေးက “ သူတို့(စစ်ကောင်စီ) အနေနဲ့နိုင်ငံတကာမှာ တရားဝင်မှုရအောင်ပြန်ကြိုးစားတဲ့ ပထမခြေလှမ်းဖြစ်တယ်။ ဘာလို့လဲဆိုတော့ အာဏာလက်ရှိဆုပ်ကိုင်ထားနိုင်အောင် လုပ်ဆောင်ရာမှာ နောက်တဆင့်ဖြစ်တဲ့ ရွေးကောက်ပွဲကိုသူတို့ကြွေးကြော်ထားတာရှိတယ်။ ရွေးကောက်ပွဲမဖြစ်မနေ ကျင်းပပြီး သူတို့တရားဝင်မှုရှိပါတယ်ဆိုတာကို နိုင်ငံတကာကိုပြချင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သုံးသပ်မိ တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ရွေးကောက်ပွဲရလဒ်မဲမသမာမှု ခေါင်းစဉ်တပ်၍  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ စစ်ကောင်စီက အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံတော်အရေးပေါ်ကာလအဖြစ် (၆)လ တစ်ကြိမ် သက်တမ်း တိုး မြှင့်ခဲ့ပြီး ၎င်းတို့၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဟုဆိုကာ ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုအခြေအနေတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းတွင်ပင် ရေးဆွဲထားခြင်းမရှိသော နိုင်ငံတော် သမ္မတ၏ရာထူးတာဝန်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က  ရယူလိုက်ခြင်းဖြစ်ပြီး ၎င်းလုပ်ရပ် သည်လည်း တရားဝင်မှုမရှိကြောင်း ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးက ဖြည့်စွက်ပြောသည်။

“သူတို့ဒီလိုလုပ်လိမ့်မယ်ဆိုတာ ကျနော်တို့အရင်ကတည်းက တွက်ထားပြီးသားပါ။ အာဏာလွှဲပြောင်း တာပဲဖြစ်ဖြစ်၊ သက်တမ်းတိုးတာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ကာလတုန်းက လုပ်ခဲ့တာမှန်သမျှ တရားဝင်မှုမရှိဘူး။ သူတို့အသက်နဲ့လဲပြီး ကာကွယ်နေတဲ့၂၀၀၈ ဖွဲ့စည်းပုံထဲမှာတောင်မှ ဘာလုပ်ပိုင် ခွင့်မှပြဌာန်းထားတာမရှိဘူးဆိုတာ အားလုံးသိပြီးသားပါ။ ဒါကတရားဝင်မှုမရှိပါဘူး။” ဟု ကေအဲန်ယူပြောခွင့်ရက ထောက်ပြပြောဆိုသည်။

ယခု ဇူလိုင်လကုန်တွင် စစ်ကောင်စီက ငါးကြိမ်မြောက်တိုးမြှင့်ထားသည့် အရေးပေါ်ကာလ သက်တမ်းမပြည့်ခင် ယခင်အရပ်သားအစိုးရလက်ထက်က ဒုတိယ သမ္မတ တာဝန်ယူခဲ့သည့် ယာယီသမ္မတ ဦးမြင့်ဆွေထံမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတ တာဝန်ကို လွှဲပြောင်းရယူလိုက်ခြင်းလည်း ဖြစ်သည်။

ထို့အပြင် အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် တစ်နိုင်ငံလုံးအနှံ့ မငြိမ်မသက်ဖြစ်ပွားနေသည်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လပိုင်းက ကာလုံအစည်းအဝေးခေါ်ယူ၍  ရွေးကောက်ပွဲ မဖြစ်မနေပြု လုပ်မည့်ကိစ္စအား ဆွေးနွေးပြောဆိုခဲ့ပြီး ၎င်းတို့၏ရှေ့လုပ်ငန်းစဉ်များအရ နိုင်ငံတော်အာဏာကို စစ်ကောင်စီ လက်ဝယ်တွင်းသာ အစဉ်အမြဲထိန်းသိမ်းထားလိုကြောင်း ပေါ်လွင်သည်ဟုလည်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ထားကြသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်စင်ပြိုင်အစိုးရဖြစ်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကလည်း မင်းအောင်လှိုင်မှ ယာယီသမ္မတ တာဝန်ယူလိုက်ခြင်း‌‌နှင့်ပတ်သက်၍  ၎င်းအာဏာတည်မြဲ‌ရေးအတွက် စစ်တပ်ကိုအသုံးချနေသည့်အပေါ်  တပ်မတော် ဂုဏ်သိက္ခာထိန်းလိုသော တပ်တွင်းရှိစစ်သည်များ‌အနေဖြင့် တစ်စုံတစ်ရာဆောင်ရွက်သင့်ကြောင်း ဒေသတွင်းမီဒီယာမှတဆင့် တိုက်တွန်းထားသည်။

Most read this week

September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...
September 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် နှစ်ပေါင်း(၄၀)ကြာ...
September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...
September 27, 2024
ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်း...