နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့လိုက်သည့်အတွက် အိမ်မရှိတော့သော်လည်း မီးလောင်ပုံသာကျန်ရှိသည့် အိမ်ကို ပြန်ကြည့်ချင်သေးသည်ဟု အသက် ၇၀ နှစ်ကျော်အရွယ် ကော့ကရိတ်မြို့နယ်၊ ကော့နွဲရွာသူ မူးဟှား (အဒေါ်)နော်ထော်သူးက ဖွင့်ဟပြောသည်။
သူမသည် လွန်ခဲ့သည့် ၆ လကျော် အချိန်က လက်နက်ကြီးထိမှန်သည့် ချွေးမနှင့် မြေးဖြစ်သူတို့ကို မဲဆောက် ဆေးရုံတွင် လာရောက်ပြုစုစောင့်ရှောက်နေစဥ် ယခုလို နေအိမ်မီးရှို့ခံလိုက်ရခြင်း ဖြစ်သည်။ ထိုအိမ်ကို သူမတို့ အနေဖြင့် သုံးနှစ်ခန့် အချိန်ယူတည်ဆောက်ခဲ့ရသည့် နှစ်ထပ်အိမ်ဖြစ်ကာ နေအိမ်တွင် ကျန်ခဲ့သည့် ပစ္စည်းများ ကိုလည်း မသိမ်းယူနိုင်ဘဲ ပစ်ထားခဲ့ရသည်ဟု သူမက ရှင်းပြသည်။
“ ဘဝမှာ အဲလိုအိမ်ကြီးကြီးက ဒီအရွယ်မှ ပိုင်ဆိုင်ဖူးတာ၊ အိမ်ဆောက်ပြီး အကြာကြီးတောင် မနေလိုက်ရဘူး။ ဗမာစစ်တပ်(စကစ)က မီးရှို့သွားတယ်လို့ ပြည်တွင်းမှာကျန်တဲ့သမီးအကြောင်းကြားလို့ သိရတယ်။ ထွက်လာတဲ့ အချိန်မှာ စပါးကျီထဲ စပါးအများကြီးကျန်ခဲ့တယ်။ ဒီလို စားသောက်အခက်အခဲရှိချိန်မှာ အဲဒီဆန်စပါးတွေကို ပြန်တမ်းတတယ်။ ပြီးတော့လေ မီးလောင်သွားတဲ့အိမ်ကို တစ်ချက်လောက်အိမ်ရှေ့မှာထိုင်ပြီး ပြန်ကြည့်ချင်တယ်”လို့ မူးဟှားနော်ထော်သူးက ပြောသည်။
လက်ရှိအချိန်တွင် သူမတို့ မဲဆောက်မြို့အနီးရှိ ကျေးရွာတစ်ခုအနီးရှိ လယ်ကွင်းထဲ၌ ဝါးထရံကာ အိမ်ကို တစ်လလျှင် ဘတ် ၁၀၀၀ နှုန်းဖြင့် မိသားစုဆွေမျိုးတသိုက်စုပေါင်းနေထိုင်လျက်ရှိသည်။ ထိုသို့ နေထိုင်ရာတွင် နေထိုင်ခွင့်အတွက် အထောက်အထားစာရွက်မရှိ၍ အလုပ်ရှာရန်ခက်သလို ရွာတွင်နေထိုင်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူထံ သင့်တော်သည့် နည်းလမ်းဖြင့် ချဉ်းကပ်နေထိုင်နေရသည်ဟု သူမက ရှင်းပြသည်။
ထို့အပြင် လက်နက်ကြီး ကျည်ထိမှန်ပြီး အသက်ဘေးမှ သီသီလေးလွတ်မြောက်လာသူ မူးဟှားနော်ထော်သူး၏ ချွေးမဖြစ်သူ အသက် ၂၆ နှစ်အရွယ် နော်တာ့ပေါ်မူက သူမကြုံတွေ့ခဲ့မူများ အပေါ်ယခုလို ပြောပြသည်။
ဒေါနတောင်ခြေရှိ စစ်ကောင်စီတပ် ခလရ(ခြေလျင်တပ်ရင်း) ၉၇ တပ်ရင်းက တိုက်ပွဲများမရှိ သော်လည်း ကျေးရွာများဘက်သို့ နေ့စဉ် နီးပါး လက်နက်ကြီး ပစ်ခတ်လေ့ရှိသည်။ ရွာသားများကလည်း စားဝတ်နေရေးအတွက် လက်နက်ကြီး ပစ်ခတ်မှုကို အလေးမထားနိုင်ဘဲ သွားလာလှုပ်ရှားကြရသည်။
ထိုသို့ ရှိစဉ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကော့ကရိတ်မြို့ အာရှလမ်းမဘေးရှိ၊ ကော့နွဲရွာတွင် နော်တာ့ပေါ်မူနှင့် အသိများက သူမအိမ်အနီးရှိ အဒေါ်ဖြစ်သူအိမ်၌ နေမကောင်းသည့် သူမအဒေါ်၏ အနားတွင် လူနာကြည့်ရင်း စကားစမြည် ပြောနေစဉ်လက်နက်ကြီး အိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ထိုသို့ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် စက္ကန့်ပိုင်းအတွင်း ထပြေးသူများနှင့် ရှုပ်ယှက်ခတ်နေပြီး သူမက သမီးငယ်ကို ပြေးဆွဲရန်ထစဉ် လက်နက်ကြီးစ ပေါင်ထိမှန်လဲကျသွားခဲ့သည်။
“ အမှန်က ကျမသမီးလေးကို ပြေးခေါ်ဖို့ နောက်ကျသွားတယ်။ အသံကလည်းကြီးတော့ အဲဒီအချိန်မှာ ဘာအသံမှ မကြားရတော့ဘူး။ နားတွေအူပြီး တစ်ကိုယ်လုံး ထူပူသွားတယ်။ ကျမစိတ်ထင် ကျမတစ်ယောက်ပဲ လက်နက်ကြီး ကျည်ထိမှန်တာ၊ ကျမသမီးလည်းထိတာကို မသိလိုက်ဘူး”ဟု သူမက ပြောပြသည်။
ဖြစ်စဉ်ကြောင့် နေအိမ်တစ်ခုလုံး ဟိုတစ်ဒီတစ်စ ကျိုးပဲ့ခဲ့သလို အဒေါ်လူမမာ အမျိုးသမီးသည်လည်း လက်နက် ကြီး မထိမှန်သော်လည်း တုန်ခါမှုနှင့် လန့်ဖြန့်ပြီး ထိုနေရာတွင်ပင် သေဆုံးသွားခဲ့သည်။ နာရီပိုင်း ကြာပြီးနောက် ကောကရိတ် မြို့ပေါ်မှ လူမှုကယ်ဆယ်ရေးကားများ ရောက်ရှိလာကာ ဒဏ်ရာရသည့် ကလေးငယ်အပါအဝင် ၆ ဦးကို ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
“ ကျမဆေးရုံရောက်တော့ ကျမသမီးလည်း ဒဏ်ရာရပြီး ပါလာတာ အဲဒီအချိန်မှသိတယ်။ ကျမသမီးက ကျမကို လာဖက်တော့ သူဘာမှမဖြစ်ဘူးမိုးမိုးဆိုပြီး ပြောတယ်။ ဒဏ်ရာသွေးပူတော့ သိပ်မနာဘူး။ ဒါပေမယ့် သူ့ဗိုက်က သွေးကျတာကိုတွေ့တော့မှအော်ငိုတာ”ဟု သူမက ရှင်းပြသည်။
ကော့ကရိတ်ဆေးရုံ ရောက်စဉ် ထိုအချိန်က ဆေးဝါးနှင့် ဆရာဝန်မလုံလောက်သည့်အတွက် သူတို့ကို အခြားဆေး ရုံသို့ လွှဲပေးမည်ဟု ဆိုသည့်အတွက် မြဝတီဆေးရုံသို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။
သူမက “ မြဝတီဆေးရုံရောက်တော့ ကျမသမီးက ဗိုက်ထဲမှာ ကျည်ထိတော့ အန္တရာယ်များတော့ မဲဆောက်ဆေးရုံကြီးကို ကျမတို့သားအမိနှစ်ယောက်ကို တန်းပြီးပို့လိုက်တယ်။ ကမ်းကူးတာက ညနေ ၄ နာရီလောက်ရှိပြီး” ဟု ပြောသည်။
မဲဆောက်ဆေးရုံကြီးတွင် နော်တာ့ပေါ်မူတို့ သားအမိနှစ်ဦး လူနာဆောင်တစ်ခုတည်းတွင် အတူမနေရ။ သမီး ဖြစ်သူမှာ အသက် ၃ နှစ်သာ ရှိသေးသည့်အတွက် ကလေးကုသဆောင်တွင် ကုသမှုခံယူခဲ့ရသည်။
“တစ်လ နီးပါးအတွင်းမှာ သားအမိနှစ်ယောက်က မတွေ့ရဘူး။ ကလေးကိုတော့ ကျမအဖေနဲ့အမေက လူနာ စောင့်ကြည့်ပေးတယ်။ ကျမကိုတော့ အလုပ်သွားလုပ်တဲ့ အမျိုးသားက ခွင့်ယူပြီးတော့ ပြန်လာ ကြည့်ရတာ”ဟု ဆိုသည်။
ထိုသို့ သားအမိနှစ်ယောက် တစ်လနီးပါးကြာ ဆေးရုံတက်ခဲ့ရသော်လည်း ကံကောင်းစွာဖြင့် နယ်စပ်အကူအညီ ပေးသည့်အဖွဲ့တစ်ခုက လူနာစောင့် စရိတ်မှလွဲ၍ ကျန်ဆေးရုံတက်စာရိတ်အားလုံးကို ကူညီပေးခဲ့ခြင်းကြောင့် သူမ တို့စရိတ်သက်သာခဲ့ရသည်။
ထိုကဲ့သို့ ကံကောင်မှုက ကြာကြာမခံ ဆေးရုံဆင်းချိန်ရောက်သည့်အခါ သူမရွာကို ပြန်၍ မရတော့ ကော့ကရိတ် တွင် တိုက်ပွဲကြောင့် မြို့သူမြို့သားများနှင့် ရွာသားများ စစ်ရှောင်ထွက်ပြေးခဲ့ရပြီး သူတို့မိသားစုအိမ်ပြန်၍ မရဖြစ် ခဲ့သည်။
သူမ၏ ယောက္ခမဖြစ်သူ မူးဟှားနော်ထော်သူးက “ လာတုန်းက ကျမချွေးမဆေးရုံတက်တာကို လာကြည့် တာပဲ။ အဲဒီနောက်မှာ တိုက်ပွဲကဆက်တိုက်ဖြစ်တော့ ပြန်မရဘူး။ လာတုန်းကတော့ ဆန် ၂ အိတ်ယူလာတယ်။ သက်သာပြီး စားလို့မကုန် ဒီမှာချန်ထားပြီး ရွာပြန်မယ်လို့စဉ်းစားတယ်။ ဒါပေမယ့် ရွာလဲမပြန်ရတော့ဘူး။ ကြာလာတော့ အဲဒီဆန် ၂ အိတ်ကလည်း ကုန်ပြီး အခု သူများလာလှူမှ စားသောက်ဖို့က အဆင်ပြေတယ်”ဟုဆို သည်။
ယခုလို စစ်ရှောင်စခန်းတွင် မနေထိုင်သည့် အတွက် ကူညီမည့်သူ နည်းသလို အကူအညီရရန်ခက်ခဲကြောင်းလည်း မူးဟှားနော်ထော်သူးက ပြောသည်။
လက်ရှိ အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင် ကျော်ဖြတ်ရန် ကြိုးပမ်းနေပြီး တော်လှန်းရေးပူးပေါင်းတပ် များက စောင့်ကြိုကြားဖြတ်တိုက်ခိုက်မှုကြောင့် ကော့နွဲရွာအနီးတွင်သာ စစ်ကြောင်း ရပ်တန့်နေကြောင်း ဒေသ တွင်း သတင်းများအရသိရသည်။ ထို့ကြောင့် ကော့နွဲရွာသား စစ်ရှောင်များအိမ်ပြန်ရန် အခက်အခဲကြုံ နေကြ သည်။
မည်သို့ပင်ဖြစ်စေ မူးဟှားနော်ထော်က ရွာတွင်နေအိမ်ကြီး မရှိတော့သော်လည်း ဝါးတဲလေးထိုးကာ ပြန်နေလိုသည်ဟု ဆိုသည်။
သူမက “ ဝါးတဲလေးထိုးပြီး နေရရင်လည်း ယခုနေရာထက်တော့ ပိုပြီးနေပျော်မယ်” ဟု သူမ၏ မျှော်လင့်ချက်ကို ပြောပြသည်။ သူမတို့ မိသားစုနည်းတူ အခြားသောစစ်ရှောင်များ၏ အိမ်ပြန်ခရီးမှာ မရေရာမသေချာမှုများ စွာဖြင့်သာ ရှိနေဆဲဖြစ်ပေသည်။
နန်းဝေဖြိုးဇာ ရေးသားသည်။