ကုလားတန်စီမံကိန်း ဆက်လက်အကောင်ထည်ဖော်ဖို့ စစ်ကောင်စီနှင့် အိန္ဒိယ ဆွေးနွေး

ကုလားတန်စီမံကိန်း ဆက်လက်အကောင်ထည်ဖော်ဖို့ စစ်ကောင်စီနှင့် အိန္ဒိယ ဆွေးနွေး

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံသဘောတူထားသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းကို ဆက်လက်အကောင်ထည်ဖော်ဖို့ နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် စစ်တွေမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် မစ္စတာ ဘီဘေကာနန္ဒာ ဘတ္တာမစ်ရှရာ တို့ ဇူလိုင်လ ၁၀ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံမှုတွင် ကုလားတန်စီမံကိန်းနှင့် ရခိုင်ပြည်ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများကို ဆက်လက်ပူးပေါင်း အကောင်အထည်ဖော်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

လက်ရှိတွင် စစ်တွေမှလွဲ၍ ကုလားတန်စီမံကိန်းလမ်းကြောင်းရှိ နယ်မြေများမှာ AA ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် စစ်ကောင်စီသည် ယင်းစီမံကိန်းကို အကောင်ထည်ဖော်ရန် မလွယ်တော့ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

“စီမံကိန်းနယ်မြေက ပလက်ဝကနေ စစ်တွေအထိဆိုတော့ စစ်တွေကလွဲလို့ တခြားနယ်မြေတွေက AA လက်ထဲမှာ။ ဒါကြောင့် အိန္ဒိယအနေနဲ့ AA နဲ့ မညှိနှိုင်းလို့မရဘူး။ စစ်ကောင်စီကိုတော့ သံတမန်ရေးအရ ပြောဆိုရတာရှိမှာပါ။ ဘာပဲဖြစ်ဖြစ် အိန္ဒိယရဲ့ ရခိုင်စီမံကိန်းတွေကတော့ စစ်ကောင်စီနဲ့ဆွေးနွေးလို့ လုံးဝအဆင်မပြေတော့ဘူး” ဟု ကျောက်တော်မြို့ခံ ကိုထွန်းတင်က သုံးသပ်သည်။

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားသော အိန္ဒိယစီမံကိန်းများအား စစ်ကောင်စီအနေဖြင့် ထိထိရောက်ရောက် ကာကွယ်ပေးရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ်ဂျေရှန်ကာကလည်း မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ပြီးခဲ့သည့် ဇွန်လက ပြောကြားထားသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းကို ဒေါ်လာသန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံကာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

စီမံကိန်းစတင်ရန် အန္ဒိယအစိုးရဖက်က ၂၀၀၂ ခုနှစ်ကတည်းက စီစဉ်ခဲ့ကာ ၂၀၀၈ ခုနှစ်မှာ နှစ်နိုင်ငံကြား သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။   

စီမံကိန်းတွင် ကုန်းလမ်း၊ ရေလမ်း နှစ်ခုပါဝင်ပြီး ပလက်ဝ-ဇူရမ်ပူလမ်းပိုင်း ဖောက်လုပ်မှုကို အိန္ဒိယအစိုးရ၏ အိုင်အာကွန့်အင်တာနယ်ရှင်နယ်ကုမ္ပဏီက တာဝန်ယူထားပြီး အိန္ဒိယက အကုန်ကျခံမည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ ကုန်းတွင်းပိုင်းကို အရှေ့၊ အနောက်၊ တောင်ပိုင်းဒေသများနှင့် ချိတ်ဆက်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ရှောင်ကွင်းကာ မြန်မာနိုင်ငံက ပင်လယ်ထွက်ပေါက်အသစ် ကုလားတန်မြစ်ကြောင်းကို ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါလမ်းကြောင်းမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရခိုင်ပြည်က ကျောက်တော် - ပုဏ္ဏားကျွန်း မြို့နယ်များကို ဖြတ်သန်းကာ စစ်တွေမြို့တွင် အဆုံးသတ်မည်။

လက်ရှိတွင် စစ်တွေဆိပ်ကမ်းနှင့် ပလက်ဝဆိပ်ကမ်းတို့ကို တည်ဆောက်ထားပြီးဖြစ်သည်။

အိန္ဒိယအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် ဇူရမ်ပူကနေ ပလက်ဝမြို့နယ်က ကျေးရွာများအထိ ၁၂၉ ကီလိုမီတာ အရှည်ရှိသည့် အဝေးပြေးလမ်းမှတဆင့် ကုလားတန်မြစ်ကြောင်း ၁၅၈ ကီလိုမီတာအရှည်ကို ရေကြောင်းဖြင့် ကုန်သွယ်မည်ဖြစ်သည်။

စီမံကိန်းပါလမ်းတံတားအားလုံး ပြီးစီးသွားလျှင် ဇူရမ်ပူကနေ ပလက်ဝမြို့နယ် စက်ပစ်ပြင်ကျေးရွာအထိကုန်းလမ်း၊ စက်ပစ်ပြင်ကျေးရွာကတဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း ရခိုင်ပြည်မြို့တော် စစ်တွေဆိပ်ကမ်းထိ ဖြစ်သည်။

ထို့အပြင် စစ်တွေဆိပ်ကမ်းကတဆင့် ရေမိုင် ၅၃၉ ကီလိုမီတာ အကွာအဝေးရှိနေသည့် ဘင်္ဂလားပင်လယ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကိုကျော်ကာ အိန္ဒိယနိုင်ငံအရှေ့ပိုင်းဒေသသို့ ချိတ်ဆက်သွားရန် အိန္ဒိယအစိုးရက စီစဉ်ထားသည်။

Most read this week

October 1, 2024
ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်...
October 1, 2024
မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခနှင့်အတူ ကဏ္ဍပေါင်းစုံ၌ အခွင့်အလမ်းနည်းပါးနေမှုကြောင့်...
September 30, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့်...
September 30, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်တစ်ကြောရှိ ကျေးရွာများကို...