ထောင်ဆူပူမှုမျိုး ဖြစ်စေသည့် အကျဉ်းသား ဓါတ်လိုက်မှုကို အာဏာပိုင်များ ဖုံးကွယ်ထား

ထောင်ဆူပူမှုမျိုး ဖြစ်စေသည့် အကျဉ်းသား ဓါတ်လိုက်မှုကို အာဏာပိုင်များ ဖုံးကွယ်ထား

မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်တွင် ဓါတ်လိုက် ဒဏ်ရာရသည့် အကျဉ်းသားနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းဖုံးကွယ်ထားသည်ဟု ထောင်နှင့်နီးစပ်သူများက ပြောသည်။

ကျိုက်မရောထောင်တွင် အလုပ်ကြမ်း ခိုင်းစေသည့် အချိန်တွင်း အကျဉ်းသား တစ်ဦးမှာ ဓါတ်လိုက် ဒဏ်ရာရ ခဲ့ရာ အဆိုပါကိစ္စကို စစ်ကောင်စီဘက်က သတင်းဖုံးကွယ်ထားသည်ဟု ထောင်နှင့်နီးစပ်သူများက ပြောသည်။

ကျိုက်မရောထောင်ရှိ အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်ကြား ခြားနားထားသည့် အမြင့်ပေ ၂၀ ရှိ နံရံ တစ်ခုတွင် ဇွန်လ ၁၂ ရက်နေ့က အကျဉ်းသားများအား သွပ်ကာခိုင်းရာ၌ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ပြန်ကြားရေး တာဝန်ခံ မဇင်မေသက်က “ဖြစ်ပြီးတဲ့အခြေအနေမှာ ချက် ချင်း ဆေးရုံကို သူတို့မပို့ဘူး၊ အထဲထဲက ဆေးကုခန်းကိုလည်း ချက် ချင်းမပို့ဘူး၊ မပို့ပဲနဲ့ ဓာတ်လိုက်ပြီးတဲ့ ကာ လမှာတောင် ကြားထဲမှာ ၁ နာရီခွဲဝန်းကျင်လောက် ကွာဟနေ တယ်၊ ဒီ ဖက်ကနေပြီးတော့ နိုင်ငံရေး အကျဥ်း သူတွေကနေပြီးတော့ အထဲမှာ အမြန်ဆုံး ဆေးကုသခွင့်ပေးဖို့ တောင်းဆို ကြတာပါ။ တောင်းဆိုကြတဲ့ ပုံစံပေါ် မှာ မူတည်ပြီးတော့မှ ဒီလိုမျိုး ပို့ပေးတာပါ” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ အကျဉ်းသားများအား အလုပ်ကြမ်း ခိုင်းစေရာတွင် လုံလောက် သည့် ကာကွယ်ရေး စနစ်များ စီစဉ်ပေးခြင်း မရှိသောကြောင့် ထိခိုက်ဒဏ်ရာရခြင်း ဖြစ်ပြီး ယခင်ကတည်းက အလုပ်ချိန်တွင်း ထိခိုက်ဒဏ်ရာရသူများကို ဆေးကုသခွင့် မပေးခဲ့ဟု နိုင်ကျဉ်းဟောင်းများက ပြောသည်။

ထိခိုက်ဒဏ်ရာ ရသူမှာ သာမန်အကျဉ်းသား ဖြစ်ပြီး လတ်တလောတင် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကု သမှု ခံယူနေရသော်လည်း စစ်ကောင်စီမှ သတင်းဖုံးကွယ်ထားသောကြောင့် နောက်ဆက်တွဲ အခြေအနေအား မသိရသေးဘူးဟု ဆိုသည်။

အကျဉ်းဦးစီးဌာနမှ ဓါတ်လိုက် ဒဏ်ရာရသူအတွက် ဝိုင်းဝန်းတောင်းဆိုခဲ့သည့် အကျဉ်းသားများအား ထောင်ဆူ သည်ဟု အကြောင်းပြ၍ ရိုက်နှက်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ယက် (PPNM) ဦးဆောင်ကောင်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“ဒီလိုတောင်းဆိုမှု အပေါ်မှာ အကျဥ်းဦးစီးဘက်က နောက်တစ်ခု စစ်တပ်ဘက်အနေနဲ့ ဆိုရင်တော့ ထောင်ဆူ တယ်ဆိုတဲ့ စကားလုံးတွေကိုသုံးစွဲပြီးမှ ကျနော်တို့ နိုင်ငံရေး အကျဥ်းသားတွေရဲ့ လုပ်ရက်တွေကို သူတို့ ပုံဖျက် လေ့ရှိပါတယ်။ အဲ့တော့ လက်ရှိ အကျဥ်းထောင်တွေမှာ ထောင်ဆူတယ်ဆိုတဲ့ စကားထက်စာရင် အကျဥ်းသား အကျဥ်းသူတွေ အားလုံးက ကျနော်တို့ရဲ့ ရပိုင်ခွင့်အရ ထုတ်ဖော်ပြီးမှ ‌‌တောင်းဆိုကြခြင်း ဖြစ်တယ်ဆိုတာကို ပြည်သူကို အသိပေးချင်ပါတယ်။ ထောင်ဆူတယ်ဆိုတာက ကျနော်တို့ နိုင်ငံရေး အကျဥ်းသား အကျဥ်းသူတွေရဲ့ လုပ်ရက်တွေကို မှားယွင်းတဲ့ဘက်ကို ပို့လိုက်တဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်။”

လတ်တလောတွင် ဒဏ်ရာရရှိသူ အကျဉ်းသားမှာ အသက်အန္တရာယ် စိုးရိမ်နေရပြီး စစ်ကောင်စီဘက်မှ တစ်စုံ တစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသောကြောင့် မိသားစုဝင်များ အနေဖြင့် စိုးရိမ်ပူပန်နေကြသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ကျိုက်မရော အကျဥ်းထောင်တွင် ထောင်တွင်း ဖိနှိပ်မှုများအား ဖြေလျှော့ ပေးရန် နိုင်ကျဥ်းများမှ ဦးဆောင်၍ အစာငတ်ခံ ဆန္ဒပြခဲ့သော်လည်း အကျဥ်းဦးစီးဌာနဘက်မှ လိုက်လျောခြင်း မရှိသည့်အပြင် ဆန္ဒပြသူများအား ရိုက်နှက်ခြင်း၊ ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု နိုင်ကျဥ်းဟောင်း များက ဆိုသည်။

January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...
January 7, 2025
မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း VPN...