အာဏာသိမ်း စစ်ကောင်စီက စစ်တိုင်း ၈ တိုင်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေ၊ ရဲတွေအပြင် မိသားစုဝင်တွေကိုပါ တန်းပြည့်စစ်မှုထမ်းသူတွေအဖြစ် အမိန့်နဲ့ သတ်မှတ်လိုက်ပါတယ်။
မနေ့က စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံပြန်တမ်း အတွဲ ၇၇ အမှတ် ၂၁ မှာ မေလ ၃ ရက်နေ့ရက်စွဲ၊ မင်းအောင်လှိုင်အမိန့်နဲ့ အဲဒီအမိန့်ကြော်ငြာစာကို ဖော်ပြထားတာဖြစ်ပါတယ်။
“တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းတွေ အဓိကထုတ်ထားတာတွေ့ရတယ်။ တစ်ဖက်က လူအင်အားပြုန်းတီးနေတဲ့ ပြဿနာကို ပြန်ပြီးဖာထေးချင်တာလို့ ယူဆတယ်။"လို့ စစ်ကောင်စီကိုတော်လှန်နေတဲ့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ရဲ့ စစ်ဦးစီးချုပ် နောင်သူရိန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
တန်းပြည့်စစ်မှုထမ်းရမယ့် ဒေသအဖြစ် သတ်မှတ်လိုက်တဲ့ စစ်ကောင်စီရဲ့ စစ်တိုင်းတွေကတော့ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့တောင်တိုင်း၊ အနောက်ပိုင်းတိုင်း၊ အနောက်မြောက်တိုင်း၊ အလယ်ပိုင်းတိုင်းနဲ့ တောင်ပိုင်းတိုင်းတို့ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း အဲဒီဒေသတွေမှာ စစ်တပ်က တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စခန်းတွေ၊ မြို့တွေ တစ်ခုပြီးတစ်ခု စွန့်လွှတ်နေရတာလည်း ဖြစ်ပါတယ်။
“တန်းပြည့်စစ်မှုထမ်းဆိုတာက ရှေ့တန်းတို့ ဘာတို့သွားတဲ့ အချိန်မျိုးပေါ့။ အဲဒီအချိန်မျိုးမှာ ၂၄ နာရီ စစ်မှုထမ်းရတဲ့သဘောပေါ့။ ညဘက်အိပ်ချိန်ဆိုလည်း တစ်ခုခုဆို ဘာမှပြောလို့မရဘူး လုပ်ဆိုလုပ်ရတာပေါ့။ အဲဒီလိုအချိန်မှာ အပြစ်လုပ်မိရင် ပိုပြီးတော့ ဆိုးတာပေါ့။” လို့ ဗိုလ်မှူးအဆင့်နဲ့ အငြိမ်းစားယူထားသူတစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေမှာလည်း တန်းပြည့်စစ်မှုထမ်းရသူတွေဟာ ရန်သူနဲ့တိုက်ခိုက်နေတဲ့အချိန် ဒါမှမဟုတ် စစ်ချီနေရတဲ့သူတွေ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
စစ်ကောင်စီရဲ့ အမိန့်ထုတ်ပြန်ချက်မှာတော့ “တပ်မတော်၏အစိတ်အပိုင်းတစ်ခုခုတွင် နောက်လိုက်နောက်ပါဖြစ်ကြသူများ၊ တပ်မတော်၏ အစိတ်အပိုင်းတစ်ခုခုနှင့် လိုက်ပါလာကြသူများသည် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တန်းပြည့်စစ်မှုထမ်း နေကြရသူများအဖြစ်မှတ်ယူရမည်။” လို့ ရေးသားထားပါတယ်။
အဲဒီလို အမိန့်သတ်မှတ်လိုက်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုပါ တန်းပြည့်စစ်မှုထမ်းသူအဖြစ် သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။
“ဘယ်အထိတောင် အကြုံးဝင်သွားနိုင်တယ်လို့ ထင်လဲဆိုတော့ ပြည်သူ့စစ်တွေ၊ နောက်ပြီးတော့ ကပစ စက်ရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အရပ်သားဝန်ထမ်းမျိုးတွေ၊ အဲဒါမျိုးတွေ။ နောက် တပ်မိသားစုဝင်တွေရောပေါ့ သူတို့တွေရောပါ သက်ဆိုင်သွားမယ်လို့ ထင်တယ်။” လို့ စစ်ဦးစီးချုပ် နောင်သူရိန်က ပြောပါတယ်။
စစ်ကောင်စီဟာ မေလလယ်ပိုင်းမှာတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကိုတွေ့ဆုံပြီး မြန်မာအရေး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားသလို တစ်ဖက်မှာလည်း တန်းပြည့်စစ်မှုထမ်းအဖြစ် သတ်မှတ်တာအပြင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး အဓမ္မတပ်သားသစ်စုဆောင်းတာတွေလည်း လုပ်နေတာဖြစ်ပါတယ်။