ချင်းပြည်မြောက်ပိုင်း တွန်းဇံနှင့် ကျီခါးမြို့ကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီ

ချင်းပြည်မြောက်ပိုင်း တွန်းဇံနှင့် ကျီခါးမြို့ကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီ

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနှင့် ကျီခါးမြို့တို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောဆိုလိုက်သည်။

မေလ ၁၉ ရက် မနက်ပိုင်းတွင် ကျီခါးမြို့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီက ကြိုတင် ဆုတ်ခွာသွားသောကြောင့် ပစ်ခတ်မှု မဖြစ်ပွားပဲ အပြီးသတ်ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“ကျီခါးမြို့က စစ်ကောင်စီတပ်စခန်းကို ဒရုန်းနဲ့ ကြဲချတယ်။ အဲဒါမှာ စစ်ခန်းကို ဝင်စီးတော့ သူတို့က တစ်ယောက်မှ မရှိဘူး။ အဲဒီမတိုင်ခင်က ကျီခါးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွန်းဇံကို ပို့သွားတယ်လို့ သတင်းတွေ ကြားတာ၊ အမှန်ဖြစ်သွားတယ်။ ကျနော်တို့ ဒရုန်းနဲ့ ကြဲချပြီး လုပ်တော့ သူတို့က ကြိုပြီးတော့ ဆုတ်ခွာသွားပုံရတယ်။ အပစ်အခတ်တွေ မရှိပဲနဲ့ပဲ သိမ်းလိုက်တာဖြစ်တယ်” ဟု ဆလိုင်းထက်နီကပြောသည်။

တွန်းဇံမြို့ပေါ်က ခလရ – ၂၆၉ တပ်စခန်းအပါအဝင် စစ်ကောင်စီအခြေစိုက်ရာစခန်းအားလုံးကိုလည်း ချင်းပူးပေါင်းတပ်က သိမ်းပိုက်ထားလိုက်ပြီဟု ဆလိုင်းထက်နီကပြောသည်။

“ တွန်းဇံမြို့ထဲမှာက ခလရ – ၂၆၉ တပ်ကုန်းပဲရှိတယ်။ ပြီးတော့ ရဲစခန်းရယ်၊ မြို့ထဲ ၂ နေရာမှာ နေရာယူထားတာရယ်ကို ကျနော်တို့ တပ်ကုန်းကိုရော၊ ရဲစခန်းကို‌ရော သိမ်းနိုင်ခဲ့ပြီ။ အခု မြို့ထဲမှာ နယ်မြေ ရှင်းလင်းရေး လုပ်တဲ့အခါမှာ သူတို့က မြို့ထဲကနေ အပြန်အလှန်ပစ်ခတ်တာတွေ ရှိသေးတယ်ဆိုတော့ တွန်းဇံမြို့မှာ စစ်ကောင်စီ ကင်းစင်ပြီးလို့ ပြောမရသေးဘူး။ သူတို့ အခြေချထားတဲ့ စခန်းတွေအားလုံးကတော့ သိမ်းဆည်းပြီးဖြစ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

လက်ရှိ တွန်းဇံမြို့ပေါ်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီနှင့် ZRA – EC ပူးပေါင်းတပ်က ပျောက်ကြားပုံစံဖြင့်သာ တိုက်ခိုက်နေကြောင်း သိရသည်။

တွန်းဇံမြို့တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် ZRA – EC တပ်တို့ ပူးပေါင်းနေရာယူ၍ တိုက်ခိုက်ခဲ့ကြောင်း၊ တွန်းဇံမြို့ ပြည်သူဆေးရုံးတွင်လည်း ZRA တပ်ဖွဲ့ဝင် (၁၀) ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈) ဦးတို့ ဆေးရုံးတက်ခဲ့ရ ကြောင်း ဆလိုင်းထက်နီက ပြောသည်။

ဇိုမီးတော်လှန်ရေးတပ် (ZRA) မှ တပ်ဖွဲ့ဝင် (၁) ဦးနှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၂) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မေလ ၁၉ ရက်တွင်လည်း လေကြောင်းပစ်ကူမှု ၁၀ ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး ၄ ရက်တာ တိုက်ပွဲတွင် အကြိမ်ရေအများဆုံးဖြစ်ကြောင်း သိရသည်။

ချင်းပူးပေါင်းတပ်ဖွဲ့များက တွန်းဇံမြို့ကို စတင်တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်သည့် မေလ ၁၅ ရက်ကတည်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့ သိမ်းပိုက်ရေး စစ်ဆင်ရေးသည် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖော်ဆောင်သည့် ပထမဆုံး စစ်ဆင် ရေးဖြစ်ပြီး မေလ ၁၆ ရက်က စစ်ကောင်စီ တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ၁၄ ဖွဲ့ပါဝင်သည်ဟုသိရသည်။

တိုက်ပွဲများကြောင့် တွန်းဇံမြို့နယ် ပြည်သူ ၅၀၀၀ ခန့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

Most read this week

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...