မြဝတီမြို့ကို BGF တပ်က အင်အားတစ်ထောင်နီးပါးနှင့်ထိန်းချုပ်ထား

မြဝတီမြို့ကို BGF တပ်က အင်အားတစ်ထောင်နီးပါးနှင့်ထိန်းချုပ်ထား

ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို နယ်ခြားစာင့်တပ်-BGF တပ်က အင်အားတစ်ထောင်ဝန်းကျင်စုဖွဲ့ထားပြီး မြို့တွင်းနှင့် မြို့ပြင်ကုန်သွယ်ရေးဇုန် နေရာအထိ စိုးမိုးနေရာယူထားပြီး နေ့ရော /ညပါ စစ်ရေးအသင့် အနေအထားဖြင့် ကင်းလှည့် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မြဝတီ မြို့ခံများပြောစကားအရ သိရသည်။

မြဝတီမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ မြဝတီမှာ ဗိုလ်မုတ်သုန်က စစ်တပ်ထောက်ခံတဲ့ သူတွေနဲ့ ပူးပေါင်းပြီး စစ်ရှောင်တွေကို ဆန်ဝေ၊ ဆီဝေလုပ်တယ်။ ဗိုလ်ချစ်သူအဖွဲ့က လူတွေက လူရာချီကားအစီး ၃၀ ကျော်နဲ့ နေ့တိုင်းကင်းပတ်တယ်။ မြဝတီက စစ်တပ်ကကျတော့ မွန်ကျောင်းမှာ အင်အားတစ်ရာကျော် ရှိတယ်။ စခန်းထိုင် ထားတယ်။ နောက်ပြည်သူ့စစ် ကတုတ်/ကာကင်းနေရာတွေမှာ တစ်ဖွဲ့စီကင်းရှိနေတယ်။ ပြောရရင် မြဝတီ မှာ BGF က အင်အား တစ်ထောင်နီးပါးရှိနေတဲ့သဘောတော့ ရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူး ပေါင်းတပ်များ မြဝတီမြို့အနီးတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် BGF တပ်ဘက်က မြဝတီမြို့ရှိ စစ် ကောင်စီတပ်နှင့် ပြန်လည်ပူးပေါင်းမှုလုပ်ဆောင်ခဲ့သည်။

ထိုသို့ ပူးပေါင်းပြီးနောက် စစ်ကောင်စီဘက်က နယ်စပ်စီးပွားရေးနှင့် အုပ်ချုပ်စီမံရေးကိစ္စများကို လုပ်ဆောင်နေပြီး BGF တပ်ဘက်က မြို့လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကိစ္စများကို မြဝတီတပ်နယ်အတွင်းရှိ BGF တပ်ရင်း ၃ ရင်းအား အင်အားဖြန့်ကာ နယ်မြေစိုးမိုးရေး လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ မြဝတီမြို့ကို BGF တပ်များ စိုးမိုးထိန်းချုပ်ပြီးလုံခြုံရေးဆောင်ရွက်နေသည့်အခြေအနေအပေါ် အမည်မဖော်လိုသူ BGF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက “တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှုအရ မြို့တွင်းနဲ့ တံတားတွေမှာ ကျနော်တို့ တာဝန်ယူထားတယ်။ ကုန်သွယ်ရေးဇုန်အထိ သွားလာလို့ ရတယ်။ ကျနော်တို့ကတော့ ကြားနေအနေနဲ့ပဲ နေနေပါတယ် ”ဟု ပြောသည်။  

လတ်တလော မြဝတီမြို့တွင် BGF တပ်ဖွဲ့ဝင်များမိသားစုအလိုက် မြို့တွင်းရပ်ကွက်များအတွင်း ပြောင်းရွှေ့ နေထိုင်မှုများပိုများလာနေပြီး စစ်ကောင်စီတပ် အုပ်ချုပ်ရေးပိုင်းနှင့် BGF တပ်ဖွဲ့ဝင်အချို့ ပူးပေါင်းပြီးလောင်းက စားရုံ၊ ဂိမ်းရုံနှင့် အာဝါဒေးပွဲခင်းများ လုပ်ဆောင်စီးပွားရှာမှုဆက်ရှိနေကြောင်း မြို့ခံများက ပြောသည်။

“ အခုဒီလထဲမှာ BGF က မြို့မှာ ပိုများလာတယ်။ သူတို့ အခုရပ်ကွက်တွေထဲ မှာ မိသားစုလိုက်တွေ နေကြတယ် ။ ညဘက်ကင်းလှည့်လို့ ရပ်ကွက်သားတွေ တွေ့ရင် စစ်တယ်။ ရိုက်တယ်။ စည်းကမ်းထိန်းတယ်တော့ ပြောတာပဲ။ သူတို့ ဂိမ်းရုံတို့၊ ကာစီနိုခြံဝင်းတွေဘက်မှာလည်း သူတို့ BGF တွေ အများကြီးရှိနေတယ်။ အာဝါဒေးလည်း ရေပူတို့၊ ကြံခင်းရပ်ကွက်တို့၊ ချောင်းဆုံတို့ BGF ဂိတ် ဘက်တို့မှာ အေးဆေးပဲ လုပ်နေကြတယ်” ဟု မြဝတီ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ မြဝတီမြို့တွင် သင်္ဃန်းညီနောင်၊ ရွာသစ်၊ မဲကနယ်၊ ကျောက်တောင် ကျေးရွာများဘက်မှ စစ်ဘေးရှောင် သက်ကြီးဘိုးဘွားအပါအဝင် လူဦးရေနှစ်ထောင်နီးပါးမှာ စာသင်ကျာင်း၊ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်တန်း လျားအချို့တွင် ဆက်လက်ခိုလှုံနေထိုင်နေကြရဆဲဖြစ်ပြီး စားသာက်စရာ၊ နေရာထိုင်ခင်း အခက်အခဲနှင့် နာမကျန်းဖြစ်မှု၊ ဝမ်းရောဂါဖြစ်ပွားမှုများကြုံတွေ့နေ‌‌‌ရကြောင်း သိရှိရသည်။

Most read this week

October 5, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...
October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...