ကရင်နီပြည်မှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေအသာစီး ရရှိထားနေပြီး တချို့သော မြို့နယ်တွေကို ၂၀၂၃ ခုနှစ်အတွင်းကစပြီး အပြည့်အဝ ထိန်းချုပ်ထားလာနိုင်ခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မယ်စဲ့မြို့နယ်ကို ၂၀၂၃ ခုနှစ် ဇွန်လအတွင်းမှာ အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ပြီး၊ ရွာသစ်မြို့ကိုလည်း ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ရှားတောမြို့နယ်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထပ်မံ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
ကျန်မြို့နယ်တွေဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်းနဲ့ လွိုင်ကော်မှာတော့ စစ်ကောင်စီတပ်တွေဟာ သူတို့ရဲ့ တပ်စခန်းနေရာတွေကလွဲပြီး ကျန်နေရာတွေကို တော်လှန်ရေးအင်အားစုတွေက အသာစီးပြီး ထိန်းချုပ်ထားနိုင်ပါတယ်။ ကရင်နီ-ရှမ်း နယ်စပ် မိုးဗြဲမြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်ပါတယ်။ ဖယ်ခုံမြို့မှာလည်း စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ တပ်စခန်းအတွင်းမှာသာ ရှိနေကြပါတယ်။
ကရင်နီပြည်နဲ့ ကရင်နီ-ရှမ်း နယ်စပ်မြို့နယ်တွေဖြစ်ကြတဲ့ ကရင်နီလူထုတွေ နေထိုင်တဲ့ မြို့နယ်တွေအပါအဝင် လူဦးရေ ၄ သိန်းကျော်ရှိပြီး ၃ သိန်းခွဲဝန်းကျင်ဟာ အာဏာသိမ်းမှု နောက်ဆက်တွဲရဲ့ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ တိမ်းရှောင်ကြရတဲ့ နေရာဒေသ၊ ကာလအပိုင်းအခြားတွေ ကွာခြားနေကြပေမယ့် ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေဟာ တူညီနေကြပြီး လိုအပ်ချက်တွေလည်း မြောက်များစွာ ရှိနေကြပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို ဖွဲ့စည်းပြီး ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်သွားမယ်လို့ ၂၀၂၃ ခုနှစ် ဇွန်လအတွင်းမှာ တရားဝင်အသိပေးကြေညာခဲ့ပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့ ဌာနဆိုင်ရာ ၈ ခု ကို ဖွဲ့စည်းနိုင်ခဲ့ပြီး တချို့သောနေရာတွေမှာလည်း အုပ်ချုပ်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအနေနဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးကောင်စီတွေကို စစ်ရေးအရ ထိန်းချုပ်နယ်မြေတွေမှာ စတင်ဖွဲ့စည်းဆောင်ရွက်နေပြီး အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်နိုင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ စုံစမ်းသိရှိရပါတယ်။ IEC ကနေ မြို့နယ်အဆင့် အုပ်ချုပ်ရေးကောင်စီတွေကို ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်နေပြီး လူထုကနေ ရွေးကောက်တင်မြောက်တဲ့ စနစ်နဲ့ ဆောင်ရွက်နေတာရှိတယ်လို့ အတွင်းရေးမှူး – ၂ ဦးဗညားက ရှင်းပြပါတယ်။
IEC အနေနဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ရဲ့ နိုင်ငံရေးရည်မှန်းချက် ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်မယ်ဆိုတဲ့အတိုင်း လျှောက်လှမ်းနေတာဖြစ်ပြီး လူထုကို အကာအကွယ်ပေးဖို့နဲ့ ဝန်ဆောင်မှုတွေပေးဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ IEC အနေနဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်နေတာရှိပြီး ဆက်လက်ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ အတွင်းရေးမှူး – ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားတာ ရှိပါတယ်။
ဒါ့ပေမဲ့လည်း တနှစ်သားဝန်းကျင်သာရှိနေသေးတဲ့ အုပ်ချုပ်ရေးစနစ်တခုဟာ မြေပြင် မှာတော့ ထင်သလောက်ခရီးမပေါက်သေးဘူးလို့ ပြောဆိုနေသူတွေလည်းရှိနေပါတယ်။
စစ်ရေးအရ ထိန်းချုပ်ထားတဲ့ မြို့နယ်တခုမှာ နေထိုင်တဲ့ ဒေသခံအမျိုးသားတဦးကတော့ ထိန်းချုပ်နယ်မြေတွေမှာ လူထုကို မျက်နှာမူတဲ့ အုပ်ချုပ်ရေး ခေါင်းဆောင်မှုကို မျှော်လင့်တယ်လို့ ဆိုပါတယ်။ လက်နက်ကို လက်ဝယ်ကိုင်ဆောင်ထားသူတချို့တွေရဲ့ ခြိမ်းခြောက်မှု ဆက်ဆံမှုတွေကို ပြည်သူလူထုတွေ ကြုံတွေ့နေရတာတွေ ရှိနေပြီး အုပ်ချုပ်ရေးယန္တရားတွေ ထဲထဲဝင်ဝင်လည်ပတ်နိုင်မှာသာ ယခုလို ကြောက်ရွံ့မှုတွေနဲ့ ကင်းဝေးနိုင်မှာ ဖြစ်တယ်လို့ သူက ဆက်လက် ပြောဆိုထားပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းမှာတော့ ကျေးရွာအတွင်းပြန်လည်နေထိုင်ကြတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်ကာလကြာရှည်နေချိန် မိမိတို့အပိုင်တိရစ္ဆာန်တွေ ပြန်ရသလောက် စုစည်းထားကြပြီး ပြန်လည်ခွဲဝေကြချိန်မှာ ကျေးရွာတခုနဲ့တခု အချေအတင် ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။
အခုလို ဖြစ်စဉ်တွေ ထပ်မံမဖြစ်ပွားအောင် စစ်ရေးအရ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားတွေ ကောင်းမွန်စွာလည်ပတ်နိုင်မှသာ ဒေသခံပြည်သူတွေဟာလည်း အချင်းချင်းအကာအကွယ်ပြုနိုင်ပြီး လုံခြုံစွာ နေထိုင်ရမှာဖြစ်တယ်လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ တဦးက ပြောပါတယ်။
“အခု ထိန်းချုပ်ထားတဲ့ နယ်မြေမှာ နေရာတာကတော့ စိုးရိမ်စရာကတော့ အများကြီးရှိတယ်။ ဘယ်လိုမျိုးလဲဆိုတော့ စစ်ကောင်စီက လေယာဉ်နဲ့ လာကြဲမလား၊ ဒါမှမဟုတ် အရပ်သားတွေအနေနဲ့ တယောက်နဲ့တယောက် စကားများမလား။ ဘယ်လိုပြောရမလဲဆိုတော့ အကုန်လုံးက လက်နက်ကိုင်ထားတဲ့ အချိန်လေ။ လက်နက်ကိုင်ထားကြတော့ ခြေလွန်လက်လွန်ဖြစ်ကြမှာတို့ အဲ့လိုမျိုးတွေတော့ စိုးရိမ်စရာ အများကြီး ရှိတယ်။” လို့ တော်လှန်ရေးတပ်တွေကနေ ထိန်းချုပ်ထားတဲ့ မြို့နယ်တခုမှာ နေထိုင်တဲ့ အသက် ၅၉ နှစ်အရွယ် ဒေသခံအမျိုးသမီးတဦးက ပြောပြလာပါတယ်။
သူမ နေထိုင်တဲ့မြို့နယ်အတွင်းမှာ တော်လှန်ရေး တပ်ဖွဲ့ တွေဘက်က စစ်ရေးအရ ထိန်းချုပ်ထားနိုင်ပြီဆိုပေမယ့်လည်း ခန္ဓာ၊ စိတ် လုံခြုံမှု စိတ်ချစွာရှိနေတာ မဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကို နေ့စဉ်နဲ့အမျှ ထိတ်လန့်ရတာ တကြောင်း၊ ပြည်သူအချင်းချင်း ဖြစ်ပွားနိုင်တဲ့ ပဠိပက္ခတွေကို ကြောက်ရွံ့ရတာတဖုံနဲ့ နေထိုင်နေရတာကြောင့် အုပ်ချုပ်ရေးယန္တရားတွေကို ထိရောက်စွာ လည်ပတ်စေချင်တယ်လို့ သူမက ဆက်ပြောပါတယ်။
ထိန်းချုပ်နယ်မြေတခုဖြစ်တဲ့ ရှားတောမြို့နယ်မှာတော့ နယ်စပ်လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး မြို့နယ်လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်နေတာရှိတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် မြို့ပေါ်ယာယီအုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားတာ ရှိပြီး ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး စတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်နေတယ်လို့ သိရပါတယ်။
“အဓိက ဒီရှားတောမြို့နယ်မှာဆိုရင် အခုထိန်းချုပ်နိုင်ပြီဆိုတော့ အဓိကဒေသခံတွေက ထိန်းချုပ်နယ်မြေထဲမှာ အုပ်ချုပ်ရေးဘယ်လိုမျှော်လင့်ကြလဲဆိုတာ အဓိက အခုက သူတို့က ဒီပညာရေးနဲ့ ကျန်းမာရေးပေါ့။ ပြောရမယ်ဆိုရင် ဒီပညာရေးက ဒီဘက်မှာဆိုတော့ အရင်နှစ်တွေဆိုရင် အာဏာသိမ်းတာ ၃ နှစ်ပေမယ့် မြို့ပေါ်တွေမှာဆိုရင် သူတို့ပညာမသင်ရတာ ၄ နှစ်ရှိပြီ။ ဒီကိုဗစ်နဲ့ဆိုရင် ၄ နှစ် ၅ နှစ်တောင်ရှိတော့မယ်။ အဲ့လိုမျိုးခါကျတော့ ကလေးတွေလည်းကြီးလာကုန်ပြီဆိုတော့ ရှိတဲ့ပညာရေးမှာ မတက်နိုင်ခါကျတော့ ဘယ်လိုလုပ်မလဲဆိုပြီးတော့ သူတို့က အဲ့တခုတော့ ပိုပြီးစိုးရိမ်ကြတယ်။” လို့ ရှားတောမြို့နယ် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ရှားတောမြို့နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေကနေ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်စခန်း ၃ နေရာရှိပြီး လုံခြုံရေးအခြေအနေကြောင့် ဒေသခံတွေဟာ နေရပ်ပြန်လာနေထိုင်နိုင်ခြင်း မရှိသေးပါဘူး။ ထိန်းချုပ်ဧရိယာတွေကို စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းနဲ့ ထပ်မံထိုးစစ်ဆင်လာဖို့ ခက်ခဲပေမယ့် လေကြောင်းရန်နဲ့၊ မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်နေကြတာကြောင့် နေရပ်ကို ပြန်လာနေထိုင်ဖို့ အဆင်သင့် မဖြစ်ကြသေးတာပါ။
မယ်စဲ့မြို့နယ်ကတော့ ကရင်နီမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပထဦးဆုံး ထိန်းချုပ်ထားနိုင်တဲ့ စစ်ကောင်စီ ကင်းစင်တဲ့ မြို့နယ်တခုဖြစ်ပါတယ်။ မယ်စဲ့မြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသားတဦးကတော့ မြို့နယ်အတွင်းအကောင်ထည်ဖော်မယ့် အုပ်ချုပ်ရေးယန္တရားမှာ အရပ်သားပြည်သူလူထုတွေ ပါဝင်ဦးဆောင်နိုင်ဖို့ ကို မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
စစ်ရေးအရ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ ခိုလှုံနေပေမယ့် တချို့သောလူထုတွေဟာ လက်နက်ကို လက်ဝယ်ကိုင်ဆောင်ထားသူတချို့ရဲ့ ခြိမ်းခြောက်မှုတွေ ကြုံခဲ့ဖူးတာကြောင့် လူထုတွေအနေနဲ့ လုံခြုံစွာနေထိုင်ရပ်တည်ခွင့် ရနိုင်မဲ့ ယန္တရားကို လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။
“ကျနော်တို့ကတော့ အမှန်တကယ်ကတော့ ကိုယ့်ဒေသ ကိုယ့်ရွာကိုဘဲ ပြန်နေချင်တယ်ပေါ့နော်။ ကိုယ့်အိုးကိုယ့်အိမ်နဲ့ဘဲ ပြန်နေချင်တယ်ပေါ့နော်။ အခုက တောထဲတောင်ထဲမှာ နေရတဲ့ဘဝမျိုးက ဘယ်သူမှလည်း မနေချင်ဘူးလေနော်။ ဆိုတော့ ကျနော်တို့က အေးအေးဆေးဆေးဘဲ ပြန်ပြီးတော့မှ လုပ်ကိုင်စားသောက်ချင်တယ်။ အဖွဲ့အစည်းတွေကလည်းဘဲ ခုနက ကျနော်တို့ ပြောတဲ့ အုပ်ချုပ်ရေး ယန္တရားတွေနဲ့ အားလုံးဆက်စပ်မှု ရှိတယ်ပေါ့နော်။ ဆိုတော့ သူတို့ တာဝန်ယူမှု တာဝန်ခံမှု ရှိပြီးတော့မှ ဘယ်လောက်ထိ ကျနော်တို့ကို လုံခြုံမှု ပေးနိုင်မလဲဆိုတဲ့အပေါ်မှာလည်း ကျနော်တို့ ကြည့်ရမှာပေါ့နော်။ ဆိုတော့ ကျနော်တို့ကို ပေးနိုင်တယ်ဆိုရင်တော့ ကျနော်တို့ ပြန်နေလို့တော့ အဆင်ပြေတယ်။ ပြည်သူတွေကို ခြိမ်းခြောက်တဲ့ဟာမျိုး မရှိဘူးဆိုရင်တော့ ကျနော်တို့ ပြန်နေလို့ အဆင်ပြေတယ် ကျနော်တို့ အဆင်သင့်ဖြစ်ပါတယ်။” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာလည်း ကြားကာလ ဒေသန္တာရပြည်သူ့အုပ်ချုပ်ရေးကော်မတီ ကို ဖွဲ့စည်းထားပါတယ်။ IEC နဲ့ NUG ကလည်း ဖက်ဒရယ်ဒီမိုကရေစီ ယန္တရားတည်ဆောက်ရေးအတွက် လက်တွဲဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ စစ်တပ်က အာဏာသိမ်းယူပြီး ၃ နှစ်ကျော်ကာလအထိ မြန်မာပြည်ရဲ့ ၇၀ ရာခိုင်နှုန်းကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ ခေါ်တဲ့ PDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ နယ်မြေတွေကို လက်လွတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင် စစ်ကြောင်းတွေကို အသုံးပြုဖို့ ခက်ခဲလာပြီး လေကြောင်း၊ အဝေးပစ် လက်နက်ကြီးတွေနဲ့ အရပ်သားတွေ နေထိုင်တဲ့ နယ်မြေတွေထဲကို ပစ်ခတ်တိုက်ခိုက်မှုတွေ အမြဲတစေ ပြုလုပ်လေ့ရှိနေတာပါ။
“အဓိကကတော့ ပြည်သူ့ အုပ်ချုပ်ရေးစနစ်တခုကို အမြန်အကောင်ထည်ဖော်ပေးစေချင်တယ်။ တော်လှန်ရေးတပ်ဖွဲ့ တွေရှိနေတာကောင်းပေမဲ့ အရပ်သားအုပ်ချုပ်သူ၊ အုပ်ချုပ်မှုစနစ်က ပိုကောင်းမယ်။ ရာဇဝတ်မှုတွေ နဲ့ တခြားပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာလည်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ထက်စာရင် စနစ်တကျဖွဲ့ထားတဲ့ ရဲဘက်ဆိုင်ရာလိုအဖွဲ့အစည်းတွေ အားကောင်းစေချင်ပါတယ်။ လက်နက်ကိုင်ထားတဲ့ တော်လှန်ရေးအဖွဲ့အသီးသီးလည်း အရပ်သားအုပ်ချုပ်ရေးကို ပါဝင်မစွက်ဖက်ပဲ ပူးပေါင်းပါဝင်တာတွေကိုပဲ ပြုလုပ်ပေးသင့်တယ်လို့ မြင်တယ်။ တရားဥပဒေစိုးမိုးရေး နဲ့ အုပ်ချုပ်မှုစနစ်တွေကို အဓိကထားလုပ်ဆောင်စေချင်တယ်။ မြေပြင်အထိ ဖြန့်ကျက်နိုင်တဲ့ အုပ်ချုပ်မှုစနစ်ရှိဖို့ လိုပါတယ်။ တဖက်မှာ IEC ဆိုတာ အစိုးရအနေနဲ့ ရှိနေတယ်လို့ ဆိုပေမဲ့ IEC ကို မသိသေးတဲ့သူတွေ စစ်ရှောင်စခန်းတွေမှာ အများကြီး ရှိနေပါသေးတယ်။” လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေသခံတဦးက ပြောပါတယ်။
ကရင်နီဒေသခံ ပြည်သူလူထုတွေအနေနဲ့ကတော့ စစ်ရေးအရထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေအတွက် စစ်ကောင်စီတပ်သားမရှိတော့တဲ့ မိမိတို့မြို့၊ ရွာတွေအတွက် လွတ်လပ်မှုတခုကို ရရှိထားကြပေမယ့် တော်လှန်ရေးကြောင့် လက်နက်ကိုင်ဆောင်ထားကြရတဲ့ အခြေအနေမှာ လက်နက်မဲ့ဖြစ်နေတဲ့ ပြည်သူကတွေကလည်း စိုးရိမ်မှု တဖုံ ရှိလာကြပြန်ပါတယ်။ ဒါ့ကြောင့်လည်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်၊ ပြည်သူတွေ ပါဝင်နိုင်တဲ့ အုပ်ချုပ်ရေးယန္တရားကို မျှော်လင့်နေကြပြီး ပြည်သူအချင်းချင်း အကာအကွယ်ပြုနိုင်ဖို့ကိုလည်း လိုလားနေကြတာ ဖြစ်ပါတယ်။