ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်နေရာမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှု နည်းပါးလာပြီး မိသားစုဦးရေများတဲ့ နေအိမ်တွေမှာ စားနပ်ရိက္ခာ မလုံလောက်ဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
အဲ့ဒီစစ်ရှောင်စခန်းမှာ နေထိုင်သူတွေဟာ စားနပ်ရိက္ခာအတွက် အလှူရှင်တွေကိုသာ အဓိက မှီခိုနေရတာပါ။
ထိုင်းအာဏာပိုင်တွေဘက်က စစ်ရှောင်တွေအတွက် ရိက္ခာပေးပို့မှုကို ကန့်သတ်ထားတာကြောင့် စစ်ရှောင်ကော်မတီအနေနဲ့လည်း ရိက္ခာတွေကို လိုသလောက်မပေးဝေနိုင်ဘူးလို့ စစ်ရှောင်စခန်းကော်မတီရဲ့အတွင်းရေးမှူး - ၁ ခူးရောဘတ်က ပြောပါတယ်။
“ ခုကောင်းကောင်းမလောက်တာ ဆန်က အရင်လို တစ်ချိန်တည်း မလာတော့ဘူးပေါ့နော်။ အရင်နှစ်ကဆိုလို့ရှိရင် တစ်လကို ဆန်က ဥပမာ- အိတ် ၆၀၀ လာတယ်ဆိုလို့ရှိရင် နှစ်ခေါက်သုံးခေါက်လာတာပေါ့။ ဒီတစ်ခေါက်က ကား ၁၀ စီးဆိုရင် အိတ် ၂၀၀၊ ၃၀၀ နှစ်ခါစာနဲ့ တစ်လစာ ပြီးသွားတာပေါ့နော်။ ဒီနောက်ပိုင်းခါကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ ထိုင်း အာဏာပိုင်တွေက သူတို့က တစ်ခါဆို ကားလက်မှတ်များများ ခွင့်မပြုဘူးလေးနော်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက စစ်ရှောင်စခန်းအတွင်း မိသားစုဦးရေများတဲ့ အိမ်တွေကို ခေါက်ဆွဲခြောက်၊ ငါးဗူးတွေ ပေးဝေတယ်လို့ စစ်ရှောင် အမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျနော်တို့မှာ မိသားစုကများတော့ တစ်ယောက်ကို ၃ ကီလိုပဲပေးတာ မလုံလောက်ဘူးပေါ့နော်။ ပြီးတော့ တစ်ပတ်လောက်ဆိုကုန်ပြီး အရင်နှစ်ဆိုရင် တစ်လတစ်ခါ၊ နှစ်ခါ ဒီ မာမားတို့၊ ငါးဗူးတို့ ပေးတာ အဆင်ပြေတယ်။ အခုတော့ အဲ့လို မထုတ်ပေးတော့ဘူးပေါ့နော် ထုတ်တာက ဆန်ရယ်၊ ဆီရယ်၊ ပဲရယ် ဒီ ၃ မျိုးပဲ ထုတ်ပေးတာပါ့ ငရုပ်သီးလဲ မထုတ်တော့ဘူးပေါ့နော။“ လို့ သူက ပြောပါတယ်။
လက်ရှိနေထိုင်တဲ့ စစ်ရှောင်စခန်းမှာ စစ်ရှောင်တွေအတွက် ဝင်ငွေရ အလုပ်အကိုင်မရှိသလို တောင်ယာလုပ်ကိုင်စားသောက်ဖို့အတွက်လည်း အဆင်မပြေဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဆန်အပိုရှိတဲ့ မိသားစုတွေဆီကို ဆန်ချေးငှားပြီး စားရတဲ့မိသားစုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“သူတို့ရဲ့ အခက်အခဲက ဘယ်လိုလဲဆိုတော့ ပြည်တွင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပြည်တွင်းမှာကျတော့ ငရုပ်သီး စိုက်စားရတယ်လေးနော်။ ဒီမှာခါကျတော့ သူတို့စိုက်စားဖို့လဲ ရေကရှားတယ် စိုက်စားလို့လဲမရဘူး။ အခြေနေကလဲ မတည်ငြိမ်တော့ ဒီနေရာမှာက သူတို့တွေအတွက် အပိုဝင်ငွေမရှိဘူးပေါ့။” လို့ ခူးရောဘတ်က ဆက်ပြောပါတယ်။
လက်ရှိ စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ (၅၀၀) ကျော်ရှိနေပြီး စုစုပေါင်း လူဦးရေ (၃၂၀၈) ဦး ရှိတယ်လို့ သိရပါတယ်။