အာဏာသိမ်း ၃ နှစ်ခန့်အတွင်း မတရား ဖမ်းဆီးထောင်ချခံရသည့် အမျိုးသမီး ၇၀၀ ကျော်ရှိဟု BWU ထုတ်ပြန်

အာဏာသိမ်း ၃ နှစ်ခန့်အတွင်း မတရား ဖမ်းဆီးထောင်ချခံရသည့် အမျိုးသမီး ၇၀၀ ကျော်ရှိဟု BWU ထုတ်ပြန်

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသည့် (၃)နှစ်ခန့်အတွင်း စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထောင်ချ ခံရသော အမျိုးသမီးဦးရေ (၇၁၅)ဦးရှိသည်ဟု မြန်မာနိုင်ငံအမျိုးသမီးများသမဂ္ဂ-BWU က ဇန်နဝါရီလ ၂၄ရက်နေ့တွင် ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

အဆိုပါ မတရားဖမ်းဆီးထောင်ချခံရသည့် အမျိုးသမီးများထဲတွင် ထောင်ဒဏ် ၁ နှစ်အောက်မှစတင်၍ ၆၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်အပြင် သေဒဏ်နှင့်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ များလည်းပါဝင်ကြောင်း BWU  ပြုစုထားသည့် စာရင်းတွင် ဖော်ပြထားသည်။

မတရားဖမ်းဆီးထောင်ချခံရသည့် ထောင်တွင်းရှိ အမျိုးသမီးများသည် ထောင်တွင်း ညှဉ်းပန်းနှိပ်စက်ခံရ မှုများနှင့် လိင်အကြမ်းဖက်ခံရမှုများရှိသလို ဆေးကုသခွင့်ပိတ်ပင်ခံရခြင်းလည်းရှိကြောင်း BWU -တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) မရွှေဇင်က ပြောသည်။

မရွှေဇင်က “ဖိနှိပ်ညှဉ်းပန်းမှုတွေခံရတယ်။ လိင်ပိုင်းဆိုင်ရာအရ ထိပါးခံရတယ်။ မိသားစုများနှင့် တွေ့ဆုံ ခွင့်တွေ၊  ပါဆယ်လက်ခံခွင့်နှင့် ဆေးကုသခွင့်များ ပိတ်ပင်ခံရတာတွေရှိတယ်လို့တော့ ကြားသိရပါ တယ်။ သို့သော်လည်း သေသေချာချာ အတည်ပြုမေးမြန်းခဲ့တာမျိုးတော့ ကျမတို့လုပ်ဖို့က အဟန့်အတားတွေ အများကြီးရှိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထောင်တွင်း မတရားဖမ်းဆီးထောင်ချခံရသည့် အမျိုးသမီးများသည် နိုင်ငံရေးနှင့်ဆက်စပ်မှု၊ လူမှုကွန် ယက်စာမျက်နှာတွင် သတင်းမှားဖြန့်ဝေသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရမှုအများဆုံးဖြစ်ပြီး  ပုဒ်မ(၅၀၅)(က)၊ ပုဒ်မ ၅၀(ည)များနှင့် ပုဒ်မတပ် စွပ်စွဲအရေးယူမှုအများဆုံးဖြစ်ကြောင်း BWUက ပြောသည်။

၎င်းအပြင် နိုင်ငံရေးစွပ်စွဲချက်ဖြင့် မတရားဖမ်းဆီးခံရသည့် အမျိုးသမီးများသည် မန္တလေးတိုင်း ဒေသကြီးတွင် အများဆုံးတွေ့ရှိရသလို အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေးအစုအဖွဲ့များ  တော်လှန်ရေးတပ်ဖွဲ့တို့နှင့် ဆက်နွယ်မှုရှိခြင်းကြောင့်ဆိုသည့် စွပ်စွဲချက်များဖြင့်လည်း ဖမ်းဆီးခံရသည်ကိုတွေ့ရှိရကြောင်း  BWU က ပြောသည်။

ထိုထောင်ချခံရသည့်အမျိုးသမီးများသည် အပြစ်တစ်စုံတစ်ရာ လုပ်ထားခြင်းမရှိဘဲ နိုင်ငံအတွင်း ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန်အတွက် နေထိုင်လိုသည့် အမျိုးသမီးများဖြစ်ပြီး စစ်ကောင်စီက ထိုအ မျိုးသမီးများကို ပုဒ်မအမျိုးမျိုးတပ်ကာ နှစ်ရှည်ဖမ်းဆီးထောင်ချခြင်းသည် လူ့အခွင့်အရေးကို ကြီးမား စွာချိုးဖောက်နေခြင်းဖြစ်ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး-KWO က ပြောသည်။

KWO ဥက္ကဋ္ဌ နော်ကညောဖောက“ ဒါက စစ်ကောင်စီက  လူ့အခွင့်အရေး ကြီးကြီးမား မားကိုချိုး ဖောက်တာဖြစ်တယ်။ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာကို ပေးတွေ့ ချင်တယ်။ ပြီးတော့ စစ်ကောင်စီကို အရေးယူစေချင်တယ်။ နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်တာကို မဖြစ်စေချင်ဘူး။ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်ရင် လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို အားပေးအားမြှောက်ရာရောက်တယ်”ဟု ကေအိုင်စီသို့ပြောသည်။

အထက်ပါ ဖော်ပြထားသည့် မတရားဖမ်းဆီးထောင်ချခံရသည့် အမျိုးသမီးစာရင်းများသည် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း -AAPP ၏ ပြုစုထားသည့်စာရင်းကို အခြေခံကာ ပြန်လည်ပြုစုထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုအရေအတွက်ထက် အပြောင်းအလဲရှိနိုင်ကြောင်းလည်း BWU ဘက်က ဆိုသည်။

AAPP ၏ ဖော်ပြထားသည့်စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်အာဏာစသိမ်းချိန်မှ စ၍ ၂၀၂၄ ဇန်နဝါရီလအထိ စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူ (၄,၄၃၂)ဦးရှိသည်။

ထို့အပြင် အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၈၉၃) ဦးရှိပြီး ထိုအထဲမှ (၁၉၉၇၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၆၀၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ဖော်ပြထားသည်။

October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...