စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ကြား သဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ တရုတ် ထပ်မံတိုက်တွန်း

စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ကြား သဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ တရုတ် ထပ်မံတိုက်တွန်း

မြောက်ပိုင်းညီနောင်တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား သဘောတူထားတဲ့ကိစ္စကို  အမြန်ဆုံး အကောင်အထည်ဖော်လုပ်ဆောင်ဖို့  တရုတ်အစိုးရကထပ်မံ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအစုအဖွဲ့တွေကြားမှာ တွေ့ဆုံဆွေးနွေးနိုင်‌ရေးလုပ်ပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်း က ‌ဒီဇင်ဘာ ၁၉ ရက်ကလုပ်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာပြည်မြောက်ပိုင်းက သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား ယာယီအပစ်ရပ် သဘောတူညီမှုရထားတယ်လို့ တရုတ်အစိုးရက ပြောနေပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေက ထုတ်ပြန်တာနဲ့ပတ်သက်ပြီး  ဒီဇင်ဘာ ၁၉ ရက်က ပေကျင်းမြို့မှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက ပြောကြားလိုက်တာပါ။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး မြန်မာနိုင်ငံတွင်း သက်ဆိုင်ရာအစုအဖွဲ့တွေကြား ဆက်သွယ် ဆွေးနွေးနိုင်ဖို့ ကူညီပံ့ပိုးပေးနေတယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံက ကမကထလုပ်ပြီး ကြားဝင်ခဲ့ပေမဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကြားမှာ တိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတဲ့ အပေါ်မှာ တရုတ်ရဲ့ သဘောထားနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို သူကအဲဒီလိုတုံ့ပြန်ဖြေကြားခဲ့တာပါ။

တရုတ်နိုင်ငံရပ်တည်ချက်က တသမတ်တည်းရှိပြီး မြန်မာနိုင်ငံတွင်း အစုအဖွဲ့တွေကြား မြေပြင်မှာတင်းမာမှုလျော့စေဖို့ တတ်နိုင်သမျှထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ကြဖို့နဲ့ သဘောတူထားပြီးသားတွေကို အလျင်အမြန်အကောင်အထည်ဖော်နိုင်ကြဖို့ တရုတ်အနေနဲ့မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Wang Wenbin က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်မှာ တရုတ်ကမကထလုပ်မှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ တို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာတွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲက ရလဒ်ကောင်းတွေရှိခဲ့တယ်လို့ တရုတ်အစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီကလည်း ဒီဇင်ဘာလကုန်မှာ ထပ်ဆွေးနွေးဖို့ရှိမယ်လို့ ဆိုထားတာပါ။

စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အကြား ယာယီအပစ်အခတ်ရပ်စဲဖို့ တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးထားတယ်လို့ တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုပြီးနောက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲတွေရပ်တန့်သွားခဲ့ပေမယ့် ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နယ်မြေတွေမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

တရုတ်အာဏာပိုင်တွေနဲ့ ဆွေးနွေးနေပေမဲ့ စစ်ရေးအကြောင်းအရာမပါဘူးလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောကြားထားပါတယ်။

လက်တွေ့ မြေပြင်မှာတော့ ကိုးကန့်တပ် MNDAA က လောက်ကိုင်မြို့ ကလွဲပြီး ကိုးကန့်ဒေသတခွင်ကို ထိန်းချုပ်ထားတဲ့အခြေအနေရှိနေသလို တအာင်းတပ် TNLA ကလည်း နမ့်ဆန်နဲ့နမ့်ခမ်းမြို့တွေကိုသိမ်းထားပြီး မူဆယ် ၁၀၅ မိုင်က စစ်တပ်ဗျူဟာကုန်းကိုလည်း ထိန်းချုပ်လိုက်ပြီလို့ပြောထားပါတယ်။

ရက္ခိုင့်တပ်တော် AA ကလည်း ရှမ်းမြောက်၊ ရခိုင်ပြည်နယ်တွင်းနဲ့ ချင်းပြည်နယ်ပလက်ဝဘက်ခြမ်းမှာစစ်တပ်ရဲ့စစ်စခန်းတွေကို ဆက်ပြီးသိမ်းယူဖို့ကြိုးစားနေလို့ တိုက်ပွဲတွေဆက်ရှိနေပါတယ်။

ဒါကြောင့်လည်း တရုတ်က စေ့စပ်ပေးထားတဲ့ ရှမ်းမြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပြန်လည်မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...