ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်တန့်မှုကြောင့် ဘက်ပေါင်းစုံထိခိုက်မှုနဲ့ကြုံရနိုင်

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်တန့်မှုကြောင့် ဘက်ပေါင်းစုံထိခိုက်မှုနဲ့ကြုံရနိုင်
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

ကုန်သွယ်ရေးလမ်းမပေါ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန် သွယ်ရေး လုံးဝနီးပါးရပ်တန့်သွားတဲ့အတွက် အခြေခံစားသောက်ကုန်ရှားပါးမှုအပါအဝင် ဘက်ပေါင်းစုံထိခိုက်မှုနဲ့ ကြုံရနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ထိုင်း-မြန်မာနှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးအတွက် အဓိကလမ်းပိုင်းဖြစ်တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားခဲ့ရသလို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း အာရှလမ်းမကြီးရှိ ကော့နွဲ့တံတားမိုင်းခွဲဖျက်ဆီးခံလိုက်ရတဲ့အတွက် လမ်းပိုင်းအသုံးပြုလို့ မရတော့တဲ့ အခြေအနေတွေအထိ ဖြစ်ပေါ်ခဲ့ပါတယ်။

အာရှလမ်းမကြီး ရပ်တန့်သွားတာကြောင့် ဒေသထွက် ပို့ကုန်တင်ပို့မှု ရပ်ဆိုင်းသွားသလို သွင်းကုန်ကလည်း ဒေသတွင်းလိုအပ်ချက်ရှိတဲ့ ကုန်ပစ္စည်းတွေကို လိုသလောက် တင်သွင်းလို့မရတော့ဘဲ ထို့ကိုကိုးလမ်းကြောင်းမှတဆင့် ထိုင်းကုန်ပစ္စည်း အနည်းငယ်လောက်သာ ဝင်ရောက်တော့တာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ကုန်သွယ်ရေးရပ်တန့်သွားတဲ့အတွက် အခြေခံစိုက်ပျိုးရေးသုံး ကုန်ကြမ်းပစ္စည်းတွေအပြင် ဒေသထွက်ကုန်တွေလည်း တင်ပို့လို့မရတာကြောင့် အခြေခံ စား သောက်ကုန်တွေကအစ ဈေးနှုန်းမြင့်တက်လာပြီး အလုံးစုံဒုက္ခကြုံနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နယ်စပ်ကုန်သွယ်ရေး ရပ်ရင်တော့ နိုင်ငံခြားကနေသွင်းရတဲ့ စိုက်ပျိုးရေးအခြေခံ ဓာတ်မြေဩဇာတို့၊  ပိုးသတ်ဆေးတို့၊ ကုန်ကြမ်းပစ္စည်းတွေတို့ အဲဒါတွေမဝင်တော့ဘူး။ ပြီးရင်ကိုယ့်နိုင်ငံကထွက်တဲ့ စိုက်ပျိုးသီးနှံတွေ နယ်စပ်ကို မထွက်တော့ဘူး။ ပြီးရင်နယ်စပ်ကနေဝင်တဲ့ အခြေခံစားကုန်တွေ ဈေးတက်လာမယ်။ ဒါမဖြစ်မနေ ဖြစ်လာမယ့်ပြဿနာတွေပေါ့။ နယ်စပ်ကို သွင်းကုန်ပို့ကုန် မရှိတော့ရင် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာမယ်။ ပြည်သူတွေ စားဝတ်နေရေးတွေ ကျပ်တည်းလာမယ်။ ပြီးရင်ငွေဈေးတွေတဖြည်းဖြည်းနဲ့ တက်သထက်တက်လာမယ်၊ တစ်နွယ်ငယ်တစ်စင်ပါအကုန်လုံးပါမှာ။ ကားတွေ၊ ကားသမားတွေ၊ ကုန်သည်တွေ အကုန်လုံးနီးပါး ဒုက္ခရောက်ကြတာ။ ပြီးရင် ကုန် ကြမ်းပစ္စည်း စက်ရုံအလုပ်ရုံတွေပါ ဒုက္ခရောက်လာမှာလေ။ တဖြည်းဖြည်းနဲ့၊ နယ်စပ်ကုန်သွယ် ရေးက လုံးဝကိုပိတ်သွားတာလေ”လို့ ဆိုပါတယ်။

ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားတဲ့အတွက် နှစ်နိုင်ငံတရားဝင် ကုန်သွယ်မှုမရှိတော့သ လို စစ်ကောင်စီအနေနဲ့ ပို့ကုန်သွင်းကုန်ကဏ္ဍမှရရှိတဲ့ ဝင်ငွေတွေလည်း ရပ်တန့်သွားပြီး နိုင်ငံခြားငွေ လိုအပ်ချက်ကြီးမားလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားတာကြောင့် လုပ်ငန်းရှင်တချို့က ပင်လယ်ရေကြောင်းကတဆင့် ကုန်ပစ္စည်းတွေကို တင်ပို့ဖို့နဲ့ တင်သွင်းဖို့လုပ်ဆောင်နေပေမယ့် အချိန်ကြာမြင့်တာ၊ အပိုငွေကုန်ကျတာတွေအပြင် လိုအပ်တဲ့ပမာဏကို တင်ပို့တင်သွင်းလို့ မရတဲ့အတွက်လည်း အခက်အခဲရှိနေတာပါ။

ကုန်သည်တစ်ဦးကလည်း လက်ရှိမှာထို့ကိုကိုးလမ်းကြောင်းတစ်ခုသာရှိတဲ့အတွက် လမ်းစရိတ်ပိုမိုကုန်ကျတဲ့အပြင် ငွေဈေးလည်း တက်လာတာကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေပါ လိုက်တက်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ထို့ကိုကိုးလမ်းတစ်လမ်းပဲ သွားလို့ရတယ်။ သူက (၁၂)ဘီးနဲ့ တွဲပဲ မပေးဆင်းဖို့ ကြေညာထားတာ။ ကျန်တာတွေအားလုံး ပေးသွားတယ်။ ၆ဘီးတွေ၊ ပစ္စည်းတွေ အကုန်လုံးသွားကြတယ်။ အချိန်တော့နည်းနည်း ကြာတာပေါ့။ လမ်းနည်းနည်းလှမ်းတော့ ဆီဈေးတက်တာနဲ့ လမ်းစရိတ်ကတော့ နည်းနည်းပိုသွားတာပေါ့။ ကုန်ဈေးနည်းနည်းတက်တယ်။ ကားခဈေးနည်းနည်း တက်တယ်။ ငွေဈေးလည်း နည်းနည်းပြန်တက်တယ်”လို့ ဆိုပါတယ်။

အခုလို နှစ်နိုင်ငံတရားဝင် ကုန်သွယ်မှုမရှိတော့တဲ့အတွက် ထိုင်းဘတ်ငွေ ဈေးနှုန်ကလည်း တစ်ဘတ်ကို ၉၅ ကျပ်ကနေ ကျပ် ၁၀၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာသလို ထိုင်းကုန်ပစ္စည်းတွေဟာ အမျိုးအစားပေါ် မူတည်ပြီး ကျပ် ၃၀၀၀ မှ ကျပ် ၅၀၀၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာတာပါ။

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံကနေ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက် လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းတွေအပြင် အထွေထွေသုံးကုန်ပစ္စည်းတွေကို တင်သွင်းနေရသလို ပို့ကုန်အနေနဲ့ ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်၊ ရေထွက်ကုန်နဲ့ ရော်ဘာတွေကို တင်ပို့နေတာတာပါ။

စစ်ကောင်စီရဲ့ ကုန်သွယ်မှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ တိုက်ပွဲမဖြစ်မီ အခုဘဏ္ဍာရေးနှစ် ဧပြီလကနေ အောက်တိုဘာလအထိ သွင်းကုန်နဲ့ပို့ကုန်ကဏ္ဍကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ နီးပါး ကုန်သွယ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...