ရခိုင်တော်လှန်ရေး တိုက်ပွဲများနှင့် လူမှုဒုက္ခများကို လေ့လာသုံးသပ်ချက်

ရခိုင်တော်လှန်ရေး တိုက်ပွဲများနှင့် လူမှုဒုက္ခများကို လေ့လာသုံးသပ်ချက်

ဇော်ထွန်း - မြောက်ဦး — တိုက်ပွဲများများဖြစ်လာပြီဆိုလျှင် မြန်မာစစ်တပ် အသုံးပြုလေ့ရှိသော နည်းလမ်းဟောင်းများတွင် ဖြတ်လေးဖြတ်ဗျူဟာ က ပါလာစမြဲလိုလို ဖြစ်နေတတ်သည်။ ဖြတ်လေးဖြတ်ဆိုသည်မှာ (၁) စားနပ်ရိက္ခာ ဖြတ်ခြင်း၊   (၂) ငွေအရင်းအမြစ်များကိုဖြတ်ခြင်း၊ (၃) သတင်းအချက်အလက်များကိုဖြတ်ခြင်းနှင့် လူထုနှင့်အဆက်အသွယ်ဖြတ်ခြင်း တို့ဖြစ်သည်။ ယင်းဗျူဟာကိုအသုံးပြုလျက် လက်နက်ကိုင်အဖွဲ့အစည်းအား ဦးတည်တိုက်ခိုက်ခြင်းနှင့် ယင်းနှင့်ဆက်နွယ်သောပြည်သူကိုပါ ထည့်သွင်းတိုက်ခိုက်ခြင်းဟူ၍ရှိပြန်ရာ လက်ရှိရခိုင်ပြည်တွင် တစ်ကျော့ပြန် ဖြစ်လာသောတိုက်ပွဲ၌ လက်နက်ကိုင်အဖွဲ့အစည်းကို သာမက ပြည်သူကိုပါ ဦးတည်တိုက်ခိုက်လာသည်ဟု နားလည်ရမည်ဖြစ်သည်။

ပြည်တွင်းစစ်ပွဲများတွင် အစိုးရတပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားလာပါက လက်နက်ကိုင် တပ်နှစ်ခုစလုံးက ပြည်သူများအား စည်းရုံးသိမ်းသွင်းတတ်ကြလေ့ရှိသည်။ အကြောင်းမှာ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက အခြားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုအား ချေမှုန်းတိုက်ခိုက်ရာတွင် ထိုဒေသရှိ ပြည်သူနှင့်အဆင်ပြေပါက ပြည်သူများထံမှ စားနပ်ရိက္ခာ အကူအညီများကိုသော်လည်းကောင်း၊ သတင်းအချက်အလက် အကူအညီများကိုသော်လည်းကောင်း၊ ထောက်ပို့အင်အားကိုသော်လည်းကောင်း ရနိုင်သဖြင့် တိုက်ပွဲအောင်နိုင်ခြင်းသို့ ရောက်ရှိနိုင်ကြမည်ပင်ဖြစ်သည်။ ပြောင်းပြန်အားဖြင့် အဆိုပါလက်နက်ကိုင်တပ်ဖွဲ့သည် ပြည်သူများကို နိုင်ထက်ကလူပြုမူမိပါက ဖော်ပြပါ အကူအညီများကို မရရှိနိုင်သည့်အပြင် မိမိအား ရန်သူသဖွယ် ပြုမူဆက်ဆံလာတတ်သည့်အတွက် ထိုနယ်မြေတွင် ရန်သူနှစ်မျိုးအား ရင်ဆိုင်ရသကဲ့သို့ ဖြစ်လာတတ်သဖြင့် ရင်ဆိုင်ရသော တိုက်ပွဲများတွင်လည်း အရှုံးကိုသာ ကြုံတွေ့ရဖို့ များနိုင်လေသည်။ လက်ရှိ ရခိုင်ပြည်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရင်ဆိုင်နေရသော တိုက်ပွဲသည်လည်း ပြည်သူ၏ မေတ္တာပျက်၊ ရန်လိုမုန်းထားမှုကို ရင်ဆိုင်နေရပြီးဖြစ်သဖြင့် သဘောတရားအရ အရှုံးသို့ ဦးတည်နေသည့် တိုက်ပွဲမျိုးပင်ဖြစ်နေကြောင်း နားလည်ရပေသည်။

လက်ရှိ ရခိုင်ပြည်သူများ ကြုံတွေ့ရင်ဆိုင်နေရသော ပြဿာနာများသည် မဟော်သဓာဇာတ်တော်၊ “ဘီလူးမ သားလုခန်း” ထဲက မိခင်နှင့် ဘီလူးမ အပြိုင်အဆိုင် လုယက်ခြင်းခံနေရသော ကလေးငယ်၏အဖြစ်နှင့် ဆင်တူသည်ဟုဆိုရမည် ဖြစ်ပေသည်။ ဇာတ်သိမ်းခန်းတွင် မိခင်ဖြစ်သူက ပိုင်ဆိုင်ရမည်ဖြစ်သော်လည်း ကြားကာလတွင် ကြုံတွေ့ရသော နာကျင်မှုများကား ခါးသီးပြင်းထန်လွန်းမည်ပင် ဖြစ်ပေမည်။ ရခိုင်ပြည်သူများ ကြုံတွေ့ခံစားနေရသည့် လူမှုဒုက္ခများနှင့် ကြုံတွေ့ဖြတ်ကျော်ကြရမည့် အခြေအနေများကို အချက် (၅) ချက်ဖြင့် ဆွေးနွေးသုံးသပ် တင်ပြသွားပါမည်။

စစ်ရှောင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ဈေးကွက်အပေါ် ရိုက်ခတ်ခြင်း

ရခိုင်ပြည်တွင်ညပေါ်ပေါက်လာသော တစ်ကျော့ပြန်တိုက်ပွဲသည် စစ်ကောင်စီတပ်က ပြည်သူများကို ဦးတည်တိုက်ခိုက်လာသည်နှင့်အတူ မြောက်မြားစွာသော အိုးအိမ်စွန့်ခွာတိမ်းရှောင်ရမှုများနှင့် စတင်သည်ဟု ဆိုရမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရသေ့တောင်မြို့နယ် အငူမော်ဖက်ခြမ်းရှိ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြား‌စောင့်စခန်းများကို ဝင်သိမ်းခြင်းဖြင့်လည်းကောင်း၊ မင်းပြားမြို့နှင့် မြေပုံမြို့နယ်ကြားရှိ ကြာအင်းတောင်ကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမတွင် တိုင်းဗဟို(၉)သို့ ပြန်သွားသည့် စစ်ယာဉ်(၂)စီးကို တိုက်ခိုက်ခြင်းဖြင့်လည်းကောင်း ရက္ခိုင့်တပ်တော်၏ AA Info Desk လူမှုမီဒီယာတွင် ဖော်ပြချက်အရ ရခိုင်ပြည်၏ နေရာငါးခုတွင် တပြိုင်နက်စတင်ခဲ့သော တစ်ကျော့ပြန်တိုက်ပွဲတွင် ရက္ခိုင့်တပ်တော်ဖက်က လမ်းဦးမှုရယူနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

သို့သော် “ကြွက်မနိုင် ကျီကိုမီးတိုက်” ဟူသော ရခိုင်စကားပုံအတိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အများပြည်သူရှိရာသို့ ရမ်းသမ်းပစ်ခတ်သဖြင့် ရွာလုံးကျွတ် တိမ်းရှောင်ထွက်ပြေးရမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှုများကို နေ့စဉ်ရက်ဆက်ဆိုသလို ‌ကြုံတွေ့ခံစားလာကြရသည်။ လက်ရှိအချိန်အထိဆိုလျှင် ပေါက်တောမြို့ စစ်တလင်းပြင်ဖြစ်ရခြင်းနှင့် ပေါက်တောတမြို့လုံးရှိ မြို့ခံလူထုများအလုံးစုံ မြို့ကိုစွန့်ခွာထွက်ပြေးရခြင်း၊ စစ်ကောင်စီ နေဗီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သဖြင့် ပုဏ္ဏားကျွန်းမြို့မဈေး မီးလောင်ပြာကျခြင်းအပါအဝင် ရခိုင်ပြည်ရှိ အနည်းဆုံး မြို့နယ် (၁၂) ခုလောက်တွင် ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေကြရပြီ ဖြစ်သည့်အပြင် တိုက်ပွဲစတင်သည်မှ လက်ရှိအချိန်ထိ အရပ်သားထိခိုက်သေဆုံးမှု (၃၀) မကနှင့် ထိခိုက်ဒဏ်ရာရမှု (၁၀၀) ကျော်ခန့် ရှိလာပြီဖြစ်ကြောင်း နိရိဉ္စရာသင်းဌာန၏ စုစည်းတင်ပြချက်တွင် တွေ့ရပေသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးရန်၊ နေဗီရန်နှင့် လေကြောင်းရန်များကြောင့် ပြည်သူများ အစုလိုက် အပြုံလိုက် ဘေးကင်းရာသို့ ထွက်ပြေးနေကြရသည့်အပြင် တိုက်ပွဲစတင်ဖြစ်ပွားလာသည့် အချိန်မှစတင်၍ ရန်ကုန်-စစ်တွေကားလမ်းကိုပါ စစ်ကောင်စီတပ်က ရက်အကန့် အသတ်မရှိ ပိတ်ဆို့ထားသည့်အတွက် ကုန်ဈေးနှုန်း အဆမတန် ထိုးတက်လာခြင်းနှင့် လောင်စာဆီရှားပါးသည့် ဒဏ်ကိုပါ ပြည်သူများ ကြုံတွေ့ခံစားနေကြရသည်။ လက်ရှိအချိန်သည် စပါးရိတ်သိမ်းစရာသီဖြစ်သဖြင့် စက်သုံးဆီ ပြတ်လပ်မှုကြောင့် ရိတ်သိမ်းစက်များ မလည်ပတ်နိုင်သည့်အတွက် စပါးမရိတ်သိမ်းနိုင်ဘဲ အခက်ကြုံတွေ့နေကြရပြန်သည်။ လုပ်သားရှားပါးခြင်းကြောင့် လူအင်အားဖြင့် ရိတ်သိမ်းရန်ပင် မတတ်နိုင်ဘဲဖြစ်နေသည်ကို ကြုံတွေ့နေကြရသည်။ ရိတ်သိမ်းခြွေလှည့်၍ စပါးအဖြစ်ရောက်လာလျှင်ပင် ဆန်အဖြစ်သို့ပြောင်းလဲရန် စက်သုံးဆီက လိုအပ်နေဦးမည်ဖြစ်ပေရာ လောင်စာဆီ ပြတ်လပ်၍ ပြည်သူများ ဒုက္ခအမျိုးမျိုးရောက်အောင် ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့အရေးယူထားသည်မှာ သိသာထင်ရှားလျက် ရှိပေသည်။

အလုပ်အကိုင်ရှားပါး၍ ရခိုင်ပြည် ပြင်ပသို့ အရွယ်ကောင်းသူများ အစုလိုက်အပြုံလိုက် ရွေ့ပြောင်းလုပ်သားဖြစ်နေရခြင်း၊ လူဦးရေသိန်းနှင့်ချီ၍ တော်လှန်ရေးထဲတွင် ရောက်နေကြသဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် မလုပ်နိုင်ကြခြင်း၊ စားဝတ်နေရေး စသည့် အခြေခံလိုအပ်ချက်များကိုပင် မိမိတို့ကိုယ်တိုင် ထုတ်လုပ်ခြင်းမရှိဘဲ ပြင်ပဈေးကွက်ကို အလွန်အမင်း မှီခိုအားထားတတ်ကြခြင်း၊ ရန်ကုန်-မန္တလေး စသော မြန်မာပြည် ဈေးကွက်များမှလွဲ၍ အခြားဈေးကွက်များနှင့် ခိုင်မာစွာချိတ်ဆက်ထားမှု မရှိခြင်း စသော ရခိုင်ပြည်သူများ၏ အားနည်းချက်များကို ဆုပ်ကိုင်၍ အလဲထိုးရန်ကြိုးစားသော စစ်ကောင်စီ၏ဗျူဟာ ဟူ၍ပင် အလွယ်နားလည်ရမည် ဖြစ်ပေသည်။ သို့သော် ရခိုင်ပြည်သည် စိုက်ပျိုးမြေ မြောက်မြားစွာပိုင်ဆိုင်၍ တောတောင်မြစ်ချောင်း အင်းအိုင်ပေါများရာ ဒေသဖြစ်သည့်အတွက် ငတ်၍သေမည့်လူမျိုး (သို့မဟုတ်) ရိက္ခာအဖြတ်ခံရ၍ လက်မြှောက်အရှုံးပေးကြရမည့် ဒေသမျိုးမဟုတ်သည်မှာ သေချာနေပေသည်။ “ဖားပြုတ်ကေ ကျောက်သားနှင့်ထုရင်း ကြွတက်ရင်း” ဟူသော ရခိုင်စကားပုံအရ  “ဖိနှိပ်ခံရမှု များလေလေ ရုန်းကန်ထကြွမှု များလေလေ” ဟူသော သဘောတရားအတိုင်း “မိမိကိုယ်ကို အားကိုးမှဖြစ်တော့မည်” ဟူသော စိတ်ဓာတ်များ ပြန်လည်နိုးထလာကြမည်မှာ မလွဲမသွေပင် ဖြစ်ပေသည်။ စားဝတ်နေရေး အခြေခံလိုအပ်ချက်များကို မိသားစု စုပေါင်းအားဖြင့်၊ ရပ်ရွာစုပေါင်းအားဖြင့် စုပေါင်းဖြေရှင်းနိုင်ကြလျှင် မလွဲမသွေ ရင်ဆိုင်ကျော်ဖြတ်နိုင်ကြမည်ပင် ဖြစ်ပေသည်။ အခြားတစ်ဖက်တွင် ရခိုင်ဒေသသည် ကုန်းတွင်းပိတ်ဒေသ မဟုတ်သဖြင့် မြန်မာပြည်ဈေးကွက်ကို လုံးဝအားကိုး၍ မရတော့လျှင် အိန္ဒိယဈေးကွက်ကိုသော်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် ဈေးကွက်ကိုသော်လည်းကောင်း မရမက ကြိုးစားရယူလာကြမည် ဖြစ်ပေရာ များမကြာမီတွင် ဈေးကွက်သစ်များ ဖော်ဆောင်နိုင်ခြင်းသို့ပင် အလျင်အမြန် ရောက်ရှိသွားနိုင်မည် ဖြစ်ပေသည်။ စစ်ကောင်စီက ရခိုင်အမျိုးသားများ၏ အားနည်းချက်များကို ၎င်းတို့၏ အားသာချက်များအဖြစ် အသုံးချလာကြသကဲ့သို့ပင် ရခိုင်အမျိုးသားများကလည်း မိမိတို့ကိုယ်ကို အားကိုးသောစိတ်များကို စုပေါင်းဖော်ဆောင်ခြင်းနှင့် ဈေးကွက်သစ်များ အမြန်ဆုံးဖော်ဆောင်ပြခြင်းဖြင့် အားနည်းချက်များကို အားသာချက်များအဖြစ်သို့ ပြောင်းလဲ ပြကြရမည်ပင် ဖြစ်ပေသည်။

လူမှုစီးပွားဘဝ အခြေအနေများ

အစကတည်းက အလုပ်အကိုင်ရှားပါး၍ ဆင်းရဲချို့တဲ့သော ရခိုင်ပြည်သူများအတွက် တိုက်ပွဲဖြစ်၍ လမ်းများပိတ်ဆို့ထားသည်ဆိုသည်နှင့် စီးပွားရေးအဆောက်အအုံကြီးတစ်ခုလုံး ဝရုန်းသုံးကား ပြိုလဲတော့မတတ် ဖြစ်လာပေသည်။ ခရီးသွားလုပ်ငန်းများ ရုတ်ချည်းရပ်ဆိုင်းသွားသဖြင့် ဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများ၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ စသော ဝန်ဆောင်မှုလုပ်ငန်းကြီးတစ်ခုလုံး တဟုန်ထိုးပြိုလဲသွားတော့သည်။ သားပေါက်နှင့် အစားအစာကို ကိုယ်တိုင်မထုတ်လုပ်နိုင်သေးသော ရခိုင်ပြည်ရှိ သားငါးမွေးမြူရေးလုပ်ငန်းလည်း ရုတ်တရက် ရပ်ဆိုင်းသွားတော့မတတ် ဖြစ်လာသည်။ ကုန်စည်ဖြန့်ဖြူးရေးလုပ်ငန်းကို လုပ်ဆောင်နေကြသော ကုန်သည်များအတွက်လည်း ရောင်းဝယ်ဖောက်ကားရေးလုပ်ငန်းများ ချက်ချင်းဆိုသလို ထိုးကျ ပျက်ယွင်းမတတ် ဖြစ်လာပေသည်။

ထိုအထဲတွင် ငွေကြေးတန်ဖိုး လျော့ကျလွန်းခြင်းနှင့် ခေတ်ပျက်သူဌေးတချို့၏ ဈေးကစားခြင်းများကြောင့် ကုန်ဈေးနှုန်းကလည်း အဆမတန် မြင့်တက်လျက်ရှိနေပေရာ နေ့စားအလုပ်သမားများအဖို့ အခက်ခဲဆုံးဆိုသော အနေအထားသို့ တစ်စစရောက်ရှိလာနေပေသည်။ သို့သော် မြန်မာပြည်အနှံ့ ပြန့်ပွားလာနေသော တိုက်ပွဲအရှိန်များနှင့် နှိုင်းယှဉ်ရလျင် ရခိုင်ပြည်၏တိုက်ပွဲကိုကား အစသာရှိသေးသည်ဟု ဆိုရမည်ဖြစ်ပေသည်။ လက်ရှိတိုက်ပွဲသည် လက်နက်ကိုင်တပ်ဖွဲ့ကိုသာ ဦးတည်တိုက်ခိုက်သည်မျိုး မဟုတ်ဘဲ ရခိုင်တစ်မျိုးသားလုံးကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော တိုက်ပွဲမျိုးဖြစ်ပေရာ ကိုယ်ကျိုးစီးပွားကို အဓိကထား၍ စီးပွားရှာနေ၍ကား သင့်တော်မည်မဟုတ်ပေ။ ရှိသမျှအရင်းအမြစ်များကို မျှဝေသုံးစွဲ၍ တိုက်ပွဲကာလအခက်အခဲများကို စုပေါင်းရင်ဆိုင်သင့်ကြပေသည်။ ကိုယ်ကျိုးကိုသာ အဓိကထားသူများလည်း တာရှည်တောင့်ခံနိုင်မည့် အနေအထားတွင်မရှိပေ။ ဥပမာ - လောင်စာဆီ သိုလှောင်ထားသူတစ်ဦးသည် အဆိုပါလောင်စာဆီကို အများအား ဖြန့်ဖြူးရောင်းချပေးခြင်း မရှိဘဲ မိမိတစ်ဦးတည်းသာ လက်ဝယ်သိမ်းဆည်းထားမည်ဆိုပါက မကြာသောအချိန်တွင် လုယက်မှုနှင့် ဖျက်ဆီးမှုများ ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပေသည်။ ဆန်အစရှိသော စားနပ်ရိက္ခာပစ္စည်းများသည်လည်း ထိုနည်းတူပင် ဖြစ်ပါလိမ့်မည်။ ထိုသို့ လုယက်ဖျက်ဆီး တိုက်ဖျက်မှုများ ဖြစ်ပေါ်လာသောအချိန်မှ ဒေသအာဏာပိုင် အဖွဲ့အစည်းများက အရေးယူဖြေရှင်းမည် ဆိုပါကလည်း မဖြစ်ခင်မတားဘဲ ဖြစ်ပြီးမှတားသည်နှင့်တူ၍ ထိခိုက်နစ်နာမှုများ ရှိလာကြမည်ဖြစ်ပေသည်။ သို့ဖြစ်၍ မီးကို မလောင်ခင် တားသည်က အကောင်းဆုံးဖြစ်ပေလိမ့်မည်။ နေ့စဉ်နှင့်အမျှ တစ်စစတိုးပွားလာနေသော လူမှုဒုက္ခများကို စုပေါင်းဖြေရှင်းခြင်း နည်းလမ်းဖြင့်သာ ဆုံးရှုံးမှုအနည်းဆုံးနှင့် ဖြတ်ကျော်နိုင်မည်ဖြစ်ပေသည်။ စုပေါင်းဖြေရှင်းရမည်ဟု ဆိုရာတွင်လည်း ခေတ်ပျက်တွင် စိတ်ဓာတ်ပျက်ပြားနေသော ပြည်သူအချင်းချင်းကြားတွင် စနစ်တကျ ပေါင်းစည်းနိုင်ကြလိမ့်မည် မဟုတ်ပေ။ နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ပြီး ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှုကိုပါ ရယူထားနိုင်သော ဒေသအာဏာပိုင်အဖွဲ့အစည်းက ဦးဆောင်ကွပ်ကဲ၍ စနစ်တကျ ပေါင်းစည်းပေးနိုင်ရမည် ဖြစ်ပေသည်။ ဖြစ်ပေါ်လာသော အခြေအနေများအပေါ်မူတည်၍ မီးစင်ကြည့်ကသည်ထက် ဖြစ်ပေါ်လာနိုင်သည့် အဆိုးဆုံးအခြေအနေများကို ကြိုတင်မှန်းဆလျက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများကို ကြိုတင်တွက်ချက်၍ စနစ်တကျပြင်ဆင်ထားနိုင်မှ တော်ကာကျနိုင်လိမ့်မည် ဖြစ်ပေသည်။

အခြေခံအဆောက်အဦးများ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ

ရခိုင်ပြည်တိုက်ပွဲသည် အောက်တိုဘာလ (၂၇) ရက်နေ့တွင် စတင်ခဲ့သော ရှမ်းမြောက်တိုက်ပွဲ၏ နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်လာရသည်ဟု ဆိုရမည်ဖြစ်သည်။ စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ရန်အတွက် လမ်းနှင့် တံတားတချို့အား ဖောက်ခွဲဖျက်ဆီးခဲ့သည့် သာဓကတချို့ရှိခဲ့ပေရာ ရခိုင်ပြည်တွင်လည်း အလားတူကိစ္စမျိုးများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော်လည်း ရခိုင်ပြည်တွင်ကား တော်လှန်ရေးအဖွဲ့အစည်းက ဖျက်ဆီးသည်မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့များကသာ ဖျက်ဆီးနိုင်သည့် အနေအထားမျိုးရှိနိုင်ပေသည်။ အကြောင်းသော် ရခိုင်ပြည်သည်ကား ရှမ်းမြောက်ကဲ့သို့ ကုန်းတွင်းပိတ်ဒေသ မဟုတ်သည့်အတွက် ထောက်ပို့လမ်းကြောင်းကိုလည်း ပင်လယ်ရေကြောင်းနှင့် မြစ်ချောင်းများကိုသာ အဓိကထား အသုံးပြုနိုင်သောကြောင့်ဖြစ်ပေသည်။ စစ်ကောင်စီတပ်ဖွဲ့က ရခိုင်ပြည်တွင် ကျင့်သုံးနေသောဗျူဟာသည် အလုံးစုံပျက်သုဉ်းရေးဖြစ်ပေရာ ပြည်သူဒုက္ခတွေ့နိုင်မည့် မည့်သည့် ကိစ္စမျိုးကိုမဆို လုပ်လာနိုင်သည့် အနေအထားမျိုးတွင်ရှိနေရာ ရခိုင်ပြည်သူများအနေဖြင့်လည်း ကုန်းလမ်းထက် ရေလမ်းကို အဓိကထားအသုံးပြုနိုင်ရန် ကြိုတင်စီစဉ်ထားသင့်ပေသည်။ ဘုတ်ပိုင်ရှင်များနှင့် ဒေသအာဏာပိုင်များ ပူးပေါင်း၍ ဈေးနှုန်းသက်သာသည့် ရေကြောင်းသွားလာရေး ကိစ္စမျိုးကို အစီအစဉ် ချထားသင့်ပေသည်။ ငါးပုစွန်ထွက်ရာ မြို့နယ်များမှ ဟင်းသီးဟင်းရွက်ထွက်ရာ ဒေသများသို့လည်းကောင်း၊ ဆန်စပါးထွက်ရာ ဒေသများက ဆန်စပါး မထွက်သည့် ဒေသများသို့လည်းကောင်း လုံလုံခြုံခြုံဖြင့် အလွယ်တကူသွားလာနိုင်သော ရေလမ်းကြောင်းများကို ကြိုတင်စီစဉ်ထားသင့်ပေသည်။ လက်ရှိအချိန်တွင် ကျောက်ဖြူ၊ ရမ်းဗြဲ ဒေသများ၌ ဆန်ရိက္ခာပြတ်လပ်နေပြီဖြစ်ပေရာ ဤထက်ကြာလာလျှင် အခြေအနေပိုမိုဆိုးရွားလာမည်ဖြစ်ပေသည်။ ရခိုင်ပြည်သည် သားငါးပုစွန် ဆန်ရေစပါး ပေါများသော ဒေသဖြစ်ပေရာ စစ်ကောင်စီတပ်က ကုန်းလမ်းများကို ပိတ်ဆို့ထားသော်လည်း သူတို့ မစိုးမိုးနိုင်သော မြစ်ချောင်းများ အများအပြားရှိပေရာ ဒေသခံလူထုနှင့် ဒေသအာဏာပိုင်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နိုင်ပါက အဆိုပါ အခက်အခဲကို ကျော်လွှားဖြေရှင်းနိုင်မည်ပင် ဖြစ်ပေသည်။

တိုက်ပွဲများ စတင်ဖြစ်ပွား၍ များမကြာမီတွင်ပင် ရခိုင်ပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ စာသင်ကျောင်းများ အားလုံးလိုလို ပိတ်သွားခဲ့သည်။ ကရင်နီပြည်နှင့် ရှမ်းမြောက်တိုက်ပွဲများကို သာဓကထား၍ သူ့အလိုလို ပိတ်သွားခြင်းဟု နားလည်နိုင်မည်ဖြစ်ပေသည်။ အကြောင်းသော် ထိုဒေသများ၌ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲစဉ်တွင် စစ်ကောင်စီ ယန္တရားတစ်ခုလုံးပါ ပျက်စီးသွားကြသည်ကို ကြားနေရမြင်နေရ၍ပင် ဖြစ်တန်ရာပေသည်။ ယင်းအပြင် အကယ်၍ တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲလာပါက စစ်ကောင်စီ၏ ထုံးစံအတိုင်း လက်နက်ကြီးများဖြင့် စိတ်ထင်သလို ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လေကြောင်းမှပစ်ခတ်မည်ကို စိုးရိမ်ကြ၍ဖြစ်နိုင်ပေသည်။ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာရှိ ရဲစခန်းတစ်ခုလုံးက ရက္ခိုင့်တပ်တော်ထံ  လက်နက်ချသွားခဲ့ပြီး ခြောက်ရက်အကြာ နိုင်ဝင်ဘာလ (၂၉)ရက်တွင် စစ်ကောင်စီတပ်က အပေါက်ဝကျေးရွာနှင့် အနီးအနားကျေးရွာများကို ရဟပ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ ကန်စောက်အမြှောက်တပ် (၅၃၉)မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ရာ ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦး အပြင်းအထန်ဒဏ်ရာရခဲ့သော သာဓကများ ရှိခဲ့ပေသည်။ စစ်ဖြစ်လျှင် ကျောင်းများပိတ်သွားတတ်သည်မှာ မြန်မာပြည်တွင် ပထမဆုံးအကြိမ် မဟုတ်ပေ။ အင်္ဂလိပ်အထွက် ဂျပန်အဝင်တွင် ကျောင်းများပိတ်ခဲ့ဖူးသလို ဂျပန်အထွက် အင်္ဂလိပ်အဝင်တွင်လည်း ကျောင်းများပိတ်ခဲ့ဖူးသည်။ လွတ်လပ်ပြီးခေတ် ဖဆပလနှင့် ကွန်မြူနစ်များ အားပြိုင်သောအခါတွင်လည်း ကျောင်းများပိတ်ခဲ့ရသလို ရှစ်လေးလုံး လူထုတော်လှန်ရေးကာလတွင်လည်း ကျောင်းများပိတ်ခဲ့ရသည်ပင် ဖြစ်သည်။ လက်ရှိအချိန်တွင်လည်း တိုင်းပြည်အနှံ့ တော်လှန်တိုက်ပွဲများ ကျယ်ပြန့်လာသည်နှင့်အမျှ စာသင်ကျောင်းများလည်း ပိတ်လာနိုင်ခြေရှိနေပေသည်။ မြန်မာပြည်၏ တချို့နေရာများတွင် စာသင်ကျောင်းများသည် စစ်ကောင်စီတပ်သားများအတွက် စစ်တန်းလျားဖြစ်လျက်ရှိနေကြပေပြီ။ ကရင်နီပြည် လွိုင်ကော်တက္ကသိုလ်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသဖြင့် ကရင်နီပြည် တော်လှန်ရေးတပ်ဖွဲ့များနှင့် တက္ကသိုလ်တွင်း အပြန်အလှန်တိုက်ပွဲများဖြစ်ခဲ့ကြောင်း ကြားသိကြမည် ဖြစ်သည်။ လက်ရှိအချိန်တွင်လည်း ရခိုင်ပြည် စစ်တွေတက္ကသိုလ်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားကြောင်း ဒေသခံမီဒီယာများက ဖော်ပြကြသည်ကို မြင်တွေ့ကြမည်ဖြစ်ပေသည်။

စစ်ကောင်စီတပ်များ ပစ်မှတ်ထားတိုက်ခိုက်သော နောက်ထပ်ပြည်သူပိုင် အခြေခံအဆောက်အအုံများတွင် ဆေးရုံ ဆေးခန်းများက အဓိကနေရာများတွင် ပါဝင်တတ်ပေရာ ဆေးရုံဆေးခန်းများတွင် ရက်ရှည် ဆေးကုသမှုခံယူရန်ကိုပင် များစွာသတိထားသင့်ပေသည်။ ရခိုင်ပြည်တွင်းသို့ ဆေးဝါးဝယ်ယူမှုကိုပင် အကြောင်းအမျိုးမျိုးဖြင့် ပိတ်ပင်ခဲ့ရာ စစ်ကောင်စီ အဓိက ထားပိတ်ဆို့လိုသည့်ထဲတွင် ဆေးဝါးရိက္ခာများ ပါဝင်သည်ကို သံသယဖြစ်စရာမရှိပေ။ တိုက်ပွဲများ စတင်ခြင်းမရှိသေးသည့် ၂၀၂၁ ၊ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ် အစောပိုင်းလများတွင်ပင် ပြည့်သူ့ဆေးရုံများသို့ ဆေးဝါး ထောက်ပံ့မှုများကို များစွာလျော့ချထားကြောင်း ဆေးရုံဝန်ထမ်းများမှတဆင့် သိရှိရပေသည်။ လက်ရှိအချိန်တွင် လမ်းများကိုပိတ်ဆို့ထားသဖြင့် ပြင်ပဆေးဆိုင်များတွင်ပင် ဆေးဝါးပြတ်လပ်လုမတတ် ဖြစ်နေပေပြီ။ ဆေးများ ရှိပါကလည်း ဈေးကြီးလွန်းနေသဖြင့် နေ့စားအလုပ်သမားများအဖို့ မကျန်းမာဖြစ်လျင် အလွန်ဒုက္ခရောက်ဖွယ် အနေအထားမျိုး ဖြစ်နေပေသည်။ ထို့ကြောင့် ဆေးရုံဆေးခန်းပိုင်ရှင်များနှင့် ဆရာဝန်များ၊ သူနာပြုများ အနေဖြင့်လည်း အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကိုယ်ကျိုးကို ခေတ္တခဏသည်းခံ၍ အလုပ်လုပ်ကြရန် အထူးလိုအပ်လျက် ရှိနေပေသည်။ ဗီယက်နမ်-အမေရိကန် စစ်ပွဲအတွင်း ဗီယက်နမ်ဆရာဝန်များ အမြှောက်ဆံ၊ ဗုန်းဆံများအကြားမှ ဒဏ်ရာရပြည်သူများကို ကယ်တင်ကုသပေးခဲ့ကြသကဲ့သို့ မြန်မာပြည် တချို့နေရာရှိ CDM ဆရာဝန်များက ရှေ့တန်းစစ်မြေပြင်အထိလိုက်၍ ဆေးကုသပေးခဲ့ကြသကဲ့သို့ လက်ရှိရခိုင်ပြည်ရှိ သူနာပြုများ၊ ဆရာဝန်များ အနေဖြင့်လည်း မိမိတို့ တာဝန်ယူသင့်သည့် အခြေအနေသို့ ကျရောက်လာနေပြီဖြစ်ကြောင်းကို နားလည်သင့်ကြပေသည်။

လမ်းတံတားများပျက်စီးမှု၊ လူနေအိမ်များပျက်စီးမှု၊ သာသနိကအဆောက်အအုံများပျက်စီးမှု စသဖြင့် ပျက်စီးမှုများစွာ ရှိလာမည်ဖြစ်သည်။ သို့သော်လည်း အရေးအကြီးအဆုံးက စိတ်ဓာတ်ယိုယွင်းပျက်စီးမှုမရှိလျှင် အရာအားလုံးကို ပြန်လည်တည်ဆောက် ရယူနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နေ့စဉ်နှင့်အမျှ ကြုံတွေ့လာရမည့် လူမှုဒုက္ခများကြောင့် စိတ်ဓာတ်ပျက်ယွင်းလာကြမည့် အရေးကိုလည်း ကြိုတွေးထားပြီး အချင်းချင်း အားပေးလှုံ့ဆော်နိုင်ကြရန်လည်း လိုအပ်မည်ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တော်လှန်ပုန်ကန်ခြင်းကို ခံနေရ၍ စိတ်ဓာတ် ပျက်ပြားနေသော စစ်ကောင်စီတပ်ကို စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် ညီညီညွတ်ညွတ် တောင့်ခံရင်ဆိုင်နိုင်ကြရမည် ဖြစ်ပေသည်။ ပြည်သူများကို အကြောက်တရားအမျိုးမျိုးသွင်း၍ စိတ်ဓာတ်ပျက်ပြားအောင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်းများစွာကိုလည်းကောင်း၊ စိတ်ဓာတ်စိတ်ဆင်ရေး အမျိုးမျိုးဖြင့်လည်းကောင်း အမျိုးမျိုး တိုက်ခိုက်လျက်ရှိနေရာ ပြည်သူများကလည်း မကြောက်တရားဖြင့်လည်းကောင်း၊ စိတ်ဓာတ်ခွန်အား ကောင်းလွန်းခြင်းဖြင့်လည်းကောင်း ပြန်လည်တုံ့ပြန်သင့်ပေသည်။ သို့ဖြစ်၍ အချင်းချင်း ပြောဆိုဆက်ဆံကြရာတွင် လည်းကောင်း၊ လူမှုမီဒီယာများ အသုံးပြုကြရာတွင်လည်းကောင်း အမျိုးမျိုးစိုးရိမ်ပြခြင်း၊ ကြောက်လန့်ခြင်းများကို ရှောင်ရှား၍ အကြောက်တရားကို ကျော်လွှားမည့်နည်းလမ်းများကို ဆွေးနွေးမျှဝေခြင်းအားဖြင့်လည်းကောင်း၊ တိုက်ပွဲကာလတွင် မည်သို့ရှင်သန်ရပ်တည်ရမည်များကိုလည်းကောင်း၊ ပြောဆိုဆွေနွေးကြခြင်းအားဖြင့် ဤအကျပ်အတည်းကာလများကို ကျော်လွှားသွားသင့်ကြပေသည်။

လူသားချင်းစာနာမှု အကူအညီများ အခြေအနေ

ရခိုင်ဒေသသည် လူမျိုးရေးအဓိကရုဏ်းများ၊ သဘာဝဘေးအန္တာရာယ်များ၊ တိုက်ပွဲများဖြင့် မြန်မာနိုင်ငံတွင် သာမက နိုင်ငံတကာစာမျက်နှာတွင်ပါ နာမည်ကြီးလာခဲ့သည်။ အထူးသဖြင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က ဘူးသီးတောင်၊ မောင်တောဒေသရှိ မွတ်ဆလင်များကို တိုက်ခိုက်ရှင်းလင်းပြီး နောက်ပိုင်း လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်သည့် နယ်မြေ အဖြစ် ကမ္ဘာက သိလာခဲ့ကြသည်။ ယင်းနောက်ပိုင်းတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးအဖွဲ့ အမြောက်အမြား ရခိုင်ဒေသသို့ ဝင်ရောက်လာခဲ့ကြသည်ကို တွေ့ရသည်။ ထိုသို့ ဝင်လာကြသော အဖွဲ့အစည်းများ တွင် ကမ္ဘာ့ကုလသမဂ္ဂ ကျောထောက် နောက်ခံပြု အဖွဲ့အစည်းများ၊ အမေရိကန် ကျောထောက်နောက်ခံ အဖွဲ့အစည်းများ၊ ဗြိတိန် ကျောထောက်နောက်ခံပြု အဖွဲ့အစည်းများ၊ အိုအိုင်စီ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းများ စသဖြင့် အဖွဲ့ပေါင်းတစ်ရာကျော်ခန့် ရှိ၍ အရောင်အသွေးစုံသော ယူအန်၊ အန်ဂျီအို၊ အိုင်အန်ဂျီအို အဖွဲ့အစည်းများ ရှိခဲ့ကြပေသည်။ ထိုအဖွဲ့အစည်းများ အနေဖြင့်လည်း လွတ်လပ်စွာသွားလာခွင့်နှင့် စီမံကိန်းလုပ်ဆောင်ခြင်းများကို ရရှိခဲ့ကြပေသည်။ ရခိုင်ပြည်တွင်လည်း လူမှုရေးအဖွဲ့အစည်းများစွာ ပေါ်ပေါက်လာပြီး ထို ယူအန်၊ အန်ဂျီအို၊ အိုင်အန်ဂျီအို အဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက်၍ မြောက်မြားစွာသော စီမံကိန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပေသည်။ ရခိုင်လူငယ်ထုတွင်ပင် အန်ဂျီအိုဝန်ထမ်း စသောလုပ်ငန်းများ ရေပန်းစားလာခဲ့ပေသည်။ သို့သော် ၂၀၁၈ နောက်ပိုင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာပြီးနောက် ထိုယူအန်၊ အန်ဂျီအို၊ အိုင်အန်ဂျီအို အဖွဲ့အစည်းများ၏ လွတ်လပ်စွာသွားလာခွင့်နှင့် စီမံကိန်း အကောင်အထည်ဖော်ခြင်းများလည်း  အကန့်အသတ်များစွာ ရှိလာခဲ့သည်။ ခွင့်ပြုချက်ဖြင့် သွားရမည်၊ ခွင့်ပြုချက်ဖြင့်သာ လုပ်ရမည် စသော ကန့်သတ်ချက်များ ပေါ်ပေါက်လာပြီးနောက် ထိုအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များလည်း တစ်စစ လျော့နည်းလာသယောင် ဖြစ်လာခဲ့သည်။ သို့သော် ထို ယူအန်၊ အိုင်အန်ဂျီအို၊ အန်ဂျီအို အဖွဲ့အစည်းများ၏ စီမံကိန်းများကို ဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်းများကတစ်ဆင့် ဆောင်ရွက်ခဲ့ရာ အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍများ ပို၍အရေးပါလာခဲ့ပေသည်။ အထူးသဖြင့် ၂၀၁၈ နှင့် ၂၀၂၀ ကြားကာလများတွင် ရခိုင်ပြည် မြောက်ပိုင်းဒေသများ၌ စစ်ဘေးရှောင်စခန်း အမြောက်အများ ပေါ်ပေါက်လာခဲ့ရာ လူသားချင်းစာနာမှု အကူအညီများက ထိခိုက်ခံပြည်သူများအတွက် များစွာအထောက်အကူ ဖြစ်ခဲ့ပေသည်။ နာမည်အကြီးဆုံး အဖွဲ့အစည်းများမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC)တို့ ဖြစ်သည်။ RI, UNOCHA, PlA, UNFPA, UN Habatit စသော အခြားအဖွဲ့အစည်းပေါင်းများစွာလည်း ရှိသေးသည်။ ဆန်၊ ဆီ၊ ဆား၊ လောင်စာ စသော အခြေခံစားသောက်ကုန် ပစ္စည်းများအပြင် အစားအသောက်မဟုတ်သော လူသုံးကုန်ပစ္စည်းများကိုပါ ရရှိခဲ့သည့်အတွက် စစ်ဘေးရှောင်စခန်းများတွင်ပင် နေရသော်လည်း စားသောက်ရေး၊ နေထိုင်ရေးအတွက် များစွာစိတ်မပူရသော အခြေအနေများကို စစ်ဘေးရှောင်ပြည်သူများ ရရှိခဲ့ကြပေသည်။ သို့သော်လည်း စစ်ကောင်စီသည် စစ်ရှောင်ဒုက္ခသည်များ ခိုလှုံနေသော အဆိုပါ စစ်ဘေးရှောင်စခန်းများကိုပါ ရက္ခိုင့်တပ်တော်အတွက် ရိက္ခာရရှိစေသည်ဟု ရှုမြင်လာရာ နိုင်ငံတကာအဖွဲ့အစည်းများကို ကန့်သတ်ချက်များ ပိုမိုတိုးမြှင့်လာသည့်အပြင် စစ်ဘေးရှောင်စခန်းများသို့ ထောက်ပံ့သောရိက္ခာများအား လျော့ချစေခြင်း၊ စစ်ဘေးရှောင်စခန်းများသို့ ရှောင်တခွင် ဝင်ရောက်စစ်ဆေးခြင်း၊ စစ်ရှောင်ပြည်သူများအား အတင်းနေရပ်ပြန်ခိုင်းခြင်းများကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်လာခဲ့ပေသည်။ ထိုသို့ အမျိုးမျိုးသော နှောင့်ချက်တားဆီး ပိတ်ပင်ခြင်းများကြောင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲစည်းများလည်း တစ်စတစ်စ နည်းပါးလာခဲ့ရာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတကာ အဖွဲ့အစည်းများလည်း လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ကြတော့သည်။ ဒေသအခြေပြု အဖွဲ့အစည်းများကိုလည်း ပစ်မှတ်ထားစစ်ဆေးမှုများ၊ စွပ်စွဲဖမ်းဆီးမှုများ ရှိလာခဲ့ပေရာ အာဏာသိမ်းပြီး နောက်ပိုင်းတွင် နိုင်ငံတကာလူသားချင်းစာနာမှု အဖွဲ့အစည်းများသာမက ဒေသအခြေပြု အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့အစည်းများပါ လူမှုကယ်ဆယ်ရေးနယ်ပယ်က တစ်စစ လျော့နည်းပျောက်ကွယ် လာခဲ့ကြရပေသည်။

၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်သူလူထု၏ စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများ၊ အိုးအိမ်များ၊ ဥယျာဉ်ခြံမြေများ၊ ကျွဲနွားတိရိစ္ဆာန်များ၊ အလုပ်ရုံပေါင်း မြောက်များစွာနှင့် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများလည်း ရာနှင့်ချီ၍ ရှိခဲ့ပေသည်။ မုန်တိုင်းဝင်ရောက်တိုက်ခတ်၍ (၂)လခန့်အကြာ ဇူလိုင်လ(၃၁)ရက်နေ့မှ စတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာခဲ့ရပြန်သည်။ ထိုရေကြီးရေလျှံမှုသည် အနည်းဆုံး မြို့နယ် (၇) ခုလောက်တွင် ဖြစ်ပေါ်ခဲ့ပြီး ကျွဲနွားတိရိစ္ဆာန် ရာကျော်ခန့် သေဆုံးခဲ့ပြီး စိုက်ပျိုးဧကလည်း ခုနစ်‌သောင်းကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြန်သည်။ ထိုလိုအပ်ချက်များကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က ငွေအင်အား၊ လူအင်အားစသည့် အကူအညီများဖြင့် အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်သူလူထု၏ အသည်းနှလုံးကို သိမ်းပိုက်ပိုင်ဆိုင်နိုင်ခဲ့ကြပြန်သည်။ အခြားတစ်ဖက်တွင် နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီများကို ငြင်းပယ်ခဲ့သော စစ်ကောင်စီနှင့်ကား ဝေးပြီးယင်း ဝေးလာခဲ့ပြန်သည်။ တစ်နည်းဆိုလျင် ရခိုင်ပြည်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်များသည် မည်သူက စစ်မှန်သောခေါင်းဆောင်၊ စစ်မှန်သော အစိုးရဖြစ်ကြောင်းကို ခွဲခြားသတ်မှတ်သကဲ့သို့ ဖြစ်သွားခဲ့ပေသည်။

လက်ရှိ ရခိုင်ပြည်တွင် တစ်ကျော့ပြန်ဖြစ်လာခဲ့သော တိုက်ပွဲသည်လည်း သိန်းနှင့်ချီသော အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရမှုများ ရှိလာမည်ဖြစ်ပေရာ လူသားချင်းစာနာမှု အကူအညီများလည်း အရင်ကထက် ဆထက်တိုး၍ လိုအပ်လာဦးမည်ပင်ဖြစ်သည်။ စစ်ကောင်စီတပ်အနေဖြင့်မူလည်း ထုံးစံအတိုင်း ပိတ်ပင်တားဆီးမှုများ ရှိလာမည်ဖြစ်ပေရာ ယူအန်နှင့် နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းများ အနေဖြင့်လည်း အမှန်တကယ်လိုအပ်ချက်ရှိနေသော ပြည်သူများကို ထိထိရောက်ရောက် အကူအညီပေးလိုပါက ဒေသကို အမှန်တကယ်ထိန်းချုပ်ထားနိုင်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်နှင့် တိုက်ရိုက်ချိတ်ဆက်၍ သော်လည်းကောင်း (သို့မဟုတ်) ဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တိုက်ရိုက်ချိတ်ဆက်၍သော်လည်းကောင်း (သို့မဟုတ်) မိမိတို့အဖွဲ့အစည်းကိုယ်တိုင် ကွင်းဆင်းပေးခြင်း အားဖြင့်လည်းကောင်း ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်ပေသည်။ လူသားဆန်မှု၊ ကြားနေမှု၊ ဘက်မလိုက်မှု၊ အမှီအခိုကင်းမှု စသော လူသားချင်းစာနာမှုဆိုင်ရာ အခြေခံလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်ဆိုလျင် စစ်ကောင်စီ၏ ထိန်းချုပ်ကွပ်ကဲမှုနှင့် လွတ်ကင်းအောင် ဆောင်ရွက်နိုင်မှသာလျှင် ဖြစ်နိုင်ကြောင်းကိုလည်း ထပ်ဆင့်အကြံပြုအပ်ပေသည်။

မိုင်းအန္တရာယ်၊ အရင်းအမြစ်ရှားပါးမှုနှင့် ရေရှည်သက်ရောက်နိုင်မှု

စစ်ကောင်စီသည် ခံစစ်ဗျူဟာကို ပြောင်းလဲကျင့်သုံးလာသည်နှင့်အမျှ ကျေးလက်တောရွာများ၏ အနီးအနားတွင် ဖြန့်ခွဲချထားသော အင်အားများကို ပြန်လည်စုစည်းလျက် မြို့အရပ်များတွင် ခိုင်မာအားကောင်းသော ခံတပ်များကို တည်ဆောက်လျက် ခုခံတိုက်ခိုက်လာနိုင်ပေရာ သူတို့အထိုင်ချခဲ့သောနေရာများ တွင်ထောင်ထားခဲ့သော မှိုင်းများကို ဖော်ယူသွားမည်မဟုတ်ပေ။ ဤကဲ့သို့ အခြေအနေများကို တိုင်းရင်းသား နေရာဒေသများတွင် အကြိမ်ပေါင်းများစွာ ကျင့်သုံးခဲ့ပြီလည်းဖြစ်သည်။ လက်ရှိအချိန်တွင် မြို့အရပ်များတွင် နေထိုင်သော သိန်းနှင့်ချီသော ပြည်သူများမှာ ဆွေမျိုးသားချင်းများရှိရာ ကျေးလက်တောရွာများသို့ ပြောင်းရွေ့နေကြပြီလည်းဖြစ်သည်။ မိမိတို့တွင် ပါလာသော ငွေကြေးများနှင့် လက်ဝတ်လက်စားများကို ထုခွဲရောင်းချလျက် စစ်ပြီးသည်အထိ (သို့မဟုတ်) ပြန်လည်တည်ငြိမ်မှု ရရှိသည်အထိ တောင့်ခံကြပေလိမ့်မည်။ သို့သော်လည်း လက်ရှိဖြစ်နေသောတိုက်ပွဲများသည် လပိုင်းနှင့် ပြတ်သွားနိုင်ခြေမရှိဘဲ နှစ်နှင့်ချီ၍ တာရှည်လာခဲ့ပါက ထိုကျေးလက် တောရွာများတွင်ပင် စိုက်ပျိုးလုပ်ကိုင် စားသောက်လာကြပေလိမ့်မည်။ ရခိုင်ဒေသတွင် စက်မှုဇုံများရှိသည် မဟုတ်ဘဲ တောတောင်ကိုမှီခိုလျက်၊ မြစ်ချောင်း အင်းအိုင်ကို မှီခိုလျက် လုပ်ကိုင်စားသောက်ကြရမည် ဖြစ်ပေရာ မှိုင်းအန္တရာယ်များကို မလွဲမသွယ် ရင်ဆိုင်လာရနိုင်ပေသည်။ သို့ဖြစ်သည့် အတွက် မိမိရောက်ရှိသော နေရာ၏ လုံခြုံရေးဆိုင်ရာ အခြေအနေများကို အထူးဦးစားပေး လေ့လာသင့်ပေသည်။ အထူးသဖြင့် စစ်ကောင်စီတပ်များ ယာယီ အခြေချနေထိုင်ခဲ့သည်ဖြစ်စေ၊ ရေရှည်နေထိုင်ခဲ့သည်ဖြစ်စေ ထိုနေရာကို ရှောင်ရှားကြရပေလိမ့်မည်။ လက်ရှိအချိန်တွင် မှိုင်းအန္တာရာယ်အသိပညာပေး စာပေများ၊ ဗွီဒီယိုဖိုင်များကို လူမှုကွန်ယက် မီဒီယာများတွင် အလွယ်တကူ လေ့လာနိုင်သည်ဖြစ်ပေရာ မမျက်မကွက် လေ့လာသင့်ကြပေသည်။

ထို့အပြင် မြစ်ချောင်းအင်းအိုင်ကို အမှီအခိုပြု၍လည်းကောင်း၊ တောတောင်ကိုအမှီအခိုပြု၍လည်း ကောင်း လုပ်ကိုင်စားသောက်ကြမည်ဆိုလျင်လည်း သူပိုင်၊ ငါပိုင် စသည့် အရင်းအမြစ်အငြင်းပွားမှု ပြဿာနာ များလည်း ပေါ်ပေါက်လာမည်ဖြစ်ပေသည်။ အချင်းချင်းနားလည်ပေးကြရမည်၊ မျှဝေသုံးစွဲပေးကြရမည်ဟု သဘောတရားအားဖြင့် မည်သို့ပင်ပြောဆိုကြစေကာမှု စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ပေးမှုမရှိပါက စိတ်ဝမ်းကွဲပြားမှုပြဿာနာများ မလွဲမသွယ် ဖြစ်ပေါ်လာနိုင်ပေသည်။ ထို့ကြောင့် ရပ်ရွာနှင့် ဒေသအာဏာပိုင်အဖွဲ့အစည်းများက ကြိုတင်ပြင်ဆင်ထားသင့်ပေသည်။ သို့ဖြစ်၍ ရပ်ရွာဆိုင်ရာ ခေါင်းဆောင်မှု၊ ဒေသဆိုင်ရာခါင်း ဆောင်မှုစသော ခေါင်းဆောင်မှုဆိုင်ရာ အခန်းကဏ္ဍများက ပို၍အရေးပါလာမည်ဖြစ်ပေသည်။

နိဂုံးချုပ် သုံးသပ်တင်ပြချက်

ကိုယ်က တော်လှန်ရေးနှင့် မပတ်သက်ချင်လျှင်လည်း တော်လှန်ရေးက ကိုယ့်ကိုပတ်သက်လာမည်မှာ မလွဲမသွယ်ဖြစ်နေပေပြီ။ ငွေကြေးတတ်နိုင်သူများက ရန်ကုန် စသောနေရာများကို ပြောင်းရွေ့ခိုလှုံသွားခဲ့ကြ သည်ဆိုသော်လည်း လက်ရှိ ဖြစ်ပေါ်နေသော တော်လှန်ရေး၊ နိုင်ငံရေး အခင်းအကျင်းများအရဆိုလျင် ရန်ကုန် စသောနေရာများသည်ပင် ရေရှည်တည်ငြိမ် နေရန် မသေချာတော့ပေ။ ခေတ်ပျက်တွင် ခေတ်ပျက်သူဌေးများရှိကြသည် ဆိုသော်လည်း ခေတ် အမှန်တကယ်ပျက်လာလျှင် ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမဲ့ ဟူ၍ သိသိသာသာ ကွဲပြားတော့မည် မဟုတ်ဘဲ အသက်ရှင်သန်ရန်အတွက် တန်းတူတန်းမျှ ရုန်းကန်ကြရပေလိမ့်မည်။ ပြည်တွင်းစစ်ပွဲများတွင် ပြည်သူထောက်ခံမှုရရှိသော အဖွဲ့အစည်းက အောင်နိုင်လေ့ရှိပြီး ပြည်သူကိုအမျိုးမျိုးသော ဒုက္ခပေးတတ်သော အဖွဲ့အစည်းသည်လည်း ပြည်သူ့ကျိန်စာမိ၍ မကြာမီတွင် ပျက်စီးကြရသည်ချည်းသာ ဖြစ်ပေသည်။ လူ့သဘာဝသည် အခက်ခဲဆုံးအချိန်တွင် အပြောင်မြောက်ဆုံး စွမ်းရည်များ ထွက်လာတတ်ကြပေရာ ရခိုင်လူမျိုးများသည်လည်း အခက်အခဲကို စုပေါင်းကျော်လွှားကြပေလိမ့်မည်။ လမ်းပိတ်ဆို့ထားခြင်းဖြင့် ထိုးနှက်တိုက်ခိုက်နေလျင် လမ်းကို အင်အားသုံးပွင့်စေခြင်းဖြင့်လည်းကောင်း၊ လမ်းကြောင်းသစ် ရှာ၍လည်းကောင်း ဖြေရှင်းကြပေလိမ့်မည်။ ရက္ခိုင့်တော်လှန်ရေး အဖွဲ့အစည်းအနေဖြင့် ၂၀၁၉ လောက်ကစ၍ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စများကို ဆောင်ရွက်လာခဲ့သည် ဖြစ်ပေရာ ၂၀၂၃ ခုနှစ်တွင် အတော်အတန်ခိုင်မာသော အစိုးရယန္တရားကို တည်ဆောက်လည်ပတ်ထားနိုင်ပြီ ဖြစ်ပေရာ လက်ရှိကြုံတွေ့နေရသည့်၊ ကြုံတွေ့လာရမည့် စိန်ခေါ်မှုနှင့် အတားအဆီးများကို ထိခိုက်မှုအနည်းဆုံးဖြင့် တည်တည်ငြိမ်ငြိမ် ကျော်လွှားနိုင်မည်ပင် ဖြစ်ကြောင်း နားလည်ရပေမည်။

မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...
စစ်ရေးလေ့ကျင့်နေသော AA တပ်ဖွဲ့များ။ (ဓာတ်ပုံ - Hein Tun / Arakan Bay News)
November 20, 2024
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ဆပ်သွားရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့...
November 19, 2024
ရခိုင်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ လမ်းခရီးပိတ်ဆို့ခံထားရမှုကြောင့်...