ယာဒိုစစ်ရှောင်တွေ ထမင်းတစ်နပ်စားရဖို့ပင် အခက်အခဲဖြစ်လာ

ယာဒိုစစ်ရှောင်တွေ ထမင်းတစ်နပ်စားရဖို့ပင် အခက်အခဲဖြစ်လာ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ နယ်မြေ ယာဒိုဒေသတိုက်ပွဲကြောင့် ၄ လနီးပါးကြာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူတွေဟာ စစ်ရှောင်ကာလရှည်ကြာလာတာနဲ့အမျှ ထမင်းတစ်နပ်စားရဖို့ပင် အခက်အခဲဖြစ်လာတယ်လို့ ဒေသတွင်းလူမှုအဖွဲ့အစည်းတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက KNU တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေ သံတောင်ကြီးမြို့နယ်အ တွင်းရှိ ယာဒိုကျေးရွာအုပ်စုတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ရက်အတန်အကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘာသာရေးအဆောက်အဦးအပါအဝင် နေ အိမ်အဆောက်အဦးအများအပြား ထိခိုက်ပျက်စီးသွားခဲ့ရပြီး ယာဒိုဒေသခံ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေခဲ့ရတာဖြစ်တယ်လို့ KNU တောင်ငူခရိုင် တပ်မဟာ ၂ က ကနဦးမှာ သတင်းထုတ်ပြန်ထားတာပါ။

လက်ရှိကာလမှာ ယာဒိုဒေသအတွင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခြေအနေတည်ငြိမ်လာတာကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူအချို့ ယာဒိုကျေးရွာထဲ ပြန်နေထိုင်ကြပေမယ့် ပြည်သူအချို့ကတော့ နီးစပ်ရာတောတောင်တွေထဲမှာ ခိုလှုံနေကြဆဲဖြစ်သလို အခက်အခဲတွေနဲ့ နေထိုင်သွားလာနေကြရတယ်လို့ ကယန်းမျိုးဆက်သစ်လူငယ် KNGY က ထုတ်ပြန်ပါတယ်။

ယာဒိုစစ်ရှောင်ပြည်သူတစ်ဦးက စားနေဝတ်နေရေးအတွက် လူမှုအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေရပေမယ့် နောက်ပိုင်းမှာ ထမင်းတစ်နပ်စားဖို့ပင် အတော်လေးအခက်အခဲဖြစ်လာတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တောတောင်တွေထဲ ခိုလှုံနေထိုင်နေကြရတဲ့ ယာဒိုစစ်ရှောင်ပြည်သူတွေဟာ ဖျားနာနေထိုင်မကောင်းဖြစ်ကြတဲ့အခါ ဆေးရုံဆေးခန်းတွေနဲ့ အလှမ်းဝေးနေပြီး ဆေးဝါးမလုံလောက်တာတွေရှိနေတယ်လို့ KNGY က ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ထားချက်အရ တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေဒေသအတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၂၀၀၀၀ ကျော်ရှိနေပြီး အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...
October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...